Western News
Homeရိုးရာဓလေ့စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ

စစ်တွေနှင့် ကျောက်ဖြူတွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်နေ

ရခိုင်ပြည် ကျောက်ဖြူနှင့် စစ်တွေမြို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ စတင်ဆောက်လုပ်နေပြီဟု ဒေသခံများကပြောသည်။

ကျောက်ဖြူတွင် သင်္ကြန်မဏ္ဍပ်ကို ပင်လယ်ကမ်းနားလမ်းဘက်တွင် ဆောက်လုပ်နေကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

” မဏ္ဍပ်ဆောက်နေတာ ၃ ရက်လောက်ရှိပြီ။ ကမ်းနားလမ်းဘက်မှာ ဆောက်နေတာပါ။ လူလည်းမရှိဘဲ ဘယ်သူနဲ့များ သင်္ကြန်ကျမလဲမသိပါဘူး။ ကျောက်ဖြူကလူတွေက စစ်ဖြစ်မှာတွေကြောက်တာကြောင့် မြို့ကနေထွက်သွားကြတာ မြို့မှာလူတွေတောင် သိပ်မကျန်တော့ဘူး” ဟု ပြောသည်။

စစ်တွေမြို့တွင်လည်း မဏ္ဍပ်ကို ပြည်နယ်အစိုးရရုံးရှေ့တွင် ဆောက်လုပ်နေပြီး ပြီးစီးမှုမရှိသေးဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

” မဏ္ဍပ်ဆောက်နေကြတယ်။ ပြီးတော့မပြီးသေးဘူး။ ဒီနေ့လည်း ဆက်ဆောက်နေကြတာတွေ့တယ်။ ဘယ်ဖျော်ဖြေမှုတွေပါလဲတော့ သေချာလည်းမသိပါဘူး။ မဏ္ဍပ်ဆောက်နေကြတာပဲတွေ့တာ” ဟု ပြောသည်။

စစ်ကောင်စီက ရခိုင်တွင် ရိုးရာသင်္ကြန်ကျင်းပနိုင်ရန် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က စစ်တွေမြို့ရှိ ပြည်နယ်စစ်ကောင်စီရုံးတွင် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ယင်းညှိနှိုင်းမှုတွင် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်မှာ မဖြစ်မနေ ပါဝင်ရမည့် သက်ကြီးပူဇော်ပွဲ၊ နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပါယ်ပွဲနှင့် လောင်းလှေရေပတ်ကစားခြင်းတို့ကို ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ကြသည်။

စစ်ကောင်စီကျင်းပမည့် သင်္ကြန်မဏ္ဍပ်များတွင် သီဆိုဖျော်ဖြေရန် ရခိုင်အဆိုတော်များကို တစ်ရက် ကျပ် သိန်း ၅၀ ဖြင့် လိုက်လံငှားရမ်းနေကြောင်း ရခိုင်အဆိုတော် အသိုင်းအဝိုင်းထံမှ သိရသည်။ 

ရခိုင်အဆိုတော် အမျိုးသမီးတစ်ဦးက ” ကျမကို ခရီးစရိတ်၊ စားစရိတ်၊ နေစရိတ် ငြိမ်း တစ်ရက် ကျပ်သိန်း ၅၀ နဲ့ သုံးရက်တာ ငှားရမ်းလာပါတယ်။ ကျမက မလိုက်နိုင်ဘူးလို့တော့ ငြင်းလိုက်ပါတယ်။ တခြား ရခိုင်အဆိုတော်တွေလည်း ပါမယ်လို့ သိရပါတယ်။ ဘယ်သူတွေပါမှာလဲတော့ မသိပါဘူး။ ကျမကတော့ စစ်ကောင်စီဆီမှာ သီချင်းသွားမဆိုနိုင်ဘူး။ ” ဟု ပြောသည်။ 

ပြည်နယ်စစ်ကောင်စီသည် ၎င်းတို့ဆောက်လုပ်ထားသော သင်္ကြန်မဏ္ဍပ်များတွင် သီဆိုဖျော်ဖြေနိုင်ရန် ရခိုင်အဆိုတော်များအပါအဝင် ပြည်မက အခြားသော အဆိုတော်များကိုလည်း အခကြေးငွေ အများကြီးပေးပြီး လိုက်လံ ငှားရမ်းနေကြောင်း စုံစမ်းသိရသည်။ 

ရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသည့် စစ်ကောင်စီအနေဖြင့် သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဥ်နေသော်လည်း ရခိုင်က မြို့နယ် ၁၇ မြို့နယ်အနက် ၂ မြို့နယ်တွင်သာ မဏ္ဍပ်ဆောက်လုပ်နိုင်ခြင်းဖြစ်သည်။ 

ကျန်မြို့နယ်များထဲတွင်မူ တချို့မှာ AA ထိန်းချုပ်နယ်မြေများဖြစ်ကာ တချို့မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေသေးပြီး တိုက်ပွဲဖြစ်ပွားမှု မရှိသေးသည့် ဂွ၊ တောင်ကုတ်၊ သံတွဲနှင့် မာန်အောင်မြို့နယ်တို့တွင်တော့ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်းမရှိသေးကြောင်း သိရသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular