Western News
Homeသတင်းအမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ

အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ

ရခိုင်ပြည် အမ်းမြို့နယ်အတွင်းက စစ်ရှောင်ကျေးရွာများထံမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများမှ အလစ်သုတ်ခိုးယူနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် လကစ၍ အမ်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အမ်းမြို့ပတ်ဝန်းကျင်အနီးရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ 

ရွာသားများ စစ်ဘေးရှောင်နေစဉ် ရွာသားများထားခဲ့သော ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ် စသည့် စားနပ်ရိက္ခာအပြင် အခြားသော အသုံးအဆောင်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကင်းလှည့်ဟန်ဆောင်၍ အလစ်သုတ် ခိုးယူသုံးစွဲနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

” ကျေးရွာက ရာအိမ်မှူးတချို့နဲ့ပေါင်းပြီး ရိက္ခာတွေယူနေတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ဆန်၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ တစ်ခြား အသုံးဝင်တဲ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ အကုန်ထုတ်ယူနေကြတယ်။ စစ်ဘေးရှောင်နေရင်း အိမ်မှာကျန်ခဲ့တဲ့ ရိက္ခာနဲ့ ပစ္စည်းလေးတွေ သွားယူမယ်ဆိုရင်တောင် မကျန်လောက်တော့ဘူး။ ” ဟု ပြောသည်။

အထူးသဖြင့် အမ်းမြို့အနီးရှိသည့် လုံးရွာ၊ လုံးကောက်၊ ချင်းရွာ၊ လောင်းစပ်၊ ခရမ်းကျွန်း၊ ချောင်းကုန်းနှင့် ဂါလ်လောင်း စသည့် ကျေးရွာများမှ အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သော ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့က ခိုးယူသုံးစွဲနေကြကြောင်း သိရသည်။ 

လုံးကောက်အုပ်စုမှ ရွာသားတစ်ဦးက ” အမ်းမြို့အနီးဝန်းကျင်က ရွာတွေမှာ လူမရှိသလောက်ပါပဲ။ လုံးကောင်အုပ်စုထဲမှာဆိုရင် လူတွေသိပ်မကျန်တော့ဘူး။ လုံးမှာဆို လုံးဝမရှိတော့ဘူး။ ပြီးတော့ ခရမ်းကျွန်း၊ ချင်းကုန်း အဲ့ဒီရွာတွေမှာလည်း မရှိတော့ဘူး။ လက်နက်ကြီးတွေက ကျေးရွာတွေဖက်ကိုပဲကျလာတော့ ဘယ်သူမှမနေရဲတော့ဘူးလေ။ အခု ရွာထဲမှာ ကျန်နေခဲ့တဲ့ ရိက္ခာတွေကို စစ်ကောင်စီ တပ်သားတွေက ခိုးယူနေကြတယ်။ တော်တော်လေးကို သိက္ခာမဲ့တာပဲ။ ” ဟု ပြောသည်။ 

အမ်းမြို့နယ်ကို စစ်ကောင်စီတပ်ရင်းများကို ပြီးခဲ့သည့် မတ်လကစ၍ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးရှိ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အသည်းအသန် ခုခံကာကွယ်နေသည်။ 

တောဟိန်းတောင်ဗျူဟာကုန်းအနီးရှိ ကဇုကိုင်းရွာသို့ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးရောက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီ၏ လက်နက်များနှင့် ရိက္ခာများကို ဖြတ်တောက်သည့်အနေဖြင့် အမ်း-ပဒါန်းကားလမ်းမကို AA က ပြီးခဲ့သည့်လကစ၍ ပိတ်ဆို့ဖြတ်တောက်ထားပြီး ဒေသခံပြည်သူများအား သွားလာခွင့် ယာယီပိတ်ပင်ထားသည်။ 

အာရက္ခတပ်တော် AA က ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်မည်ဟု ပြောဆိုထား၍ ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ စစ်ဌာနချုပ်များအနေဖြင့် အမြန်ဆုံး လက်နက်ချ အညံ့ခံရန် သတိပေး တိုက်တွန်းထားပြီး အကယ်၍ လက်နက်ချ အညံ့မခံပါက ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular