Western News
Home Blog Page 53

တောင်ကုတ်တက္ကသိုလ်ဝန်းမှာ စစ်ကောင်စီဝင် အင်အား ၁၀၀ ကျော် တပ်စွဲထား

0
video

ပါချုပ်နှင့် ဆရာ/ဆရာမများအား လက်နက်ကြီး ပစ်ခတ်ခြိမ်းခြောက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တောင်ကုတ်တက္ကသိုလ်ထဲ တပ်စွဲနေရာယူ

0
ပုံစာ - တောင်ကုတ်တက္ကသိုလ် ခြံဝန်းထဲ စစ်ကောင်စီတပ်သားများတွေ့ရစဥ်

ရခိုင်ပြည် တောင်ကုတ်မြို့ တောင်ကုတ်တက္ကသိုလ်ဝန်းထဲမှ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်၍ နှင်ထုတ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဝင်ရောက် တပ်စွဲနေရာယူထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

တောင်ကုတ်တက္ကသိုလ်၌ တပ်စွဲနေရာယူမည်ဖြစ်၍ ပါမောက္ခချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများကို ပြီးခဲ့သည့်နှစ်ပတ်ကစ၍ ဖယ်ပေးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ပြီး ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက မဖယ်ပေးခဲ့ကြဟု သိရသည်။

သတင်းရင်းမြစ်တစ်ဦးက ” တောင်ကုတ်တက္ကသိုလ်ထဲမှာ နေကြတဲ့ ပါချုပ်အပါအဝင် ဝန်ထမ်းအားလုံး ဖယ်ပေးရမယ်လို့ စစ်ကောင်စီက ပြောတယ်။ တက္ကသိုလ်မှာ တပ်စွဲနေရာယူမယ်ပေါ့နော်။ အဲဒါ ပါချုပ်က ဒါက ပညာရေးကျောင်းဖြစ်တယ်။ စစ်စခန်းမဟုတ်ဘူး။ မဖယ်ပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ အဲဒါကို စစ်ကောင်စီတပ်ရင်းတွေက မကျေနပ်လို့ မဖယ်ပေးရလားဆိုပြီး တောင်ကုတ်တက္ကသိုလ်ထဲကို လက်နက်ကြီးတစ်လုံး ပစ်ခတ် ခြိမ်းခြောက်လိုက်တယ်။ လက်နက်ကြီးကျပြီး ပါချုပ်အပါအဝင် တက္ကသိုလ် ဆရာ/ဆရာမ ဝန်ထမ်းအားလုံး တိမ်းရှောင်သွားတော့ စစ်တပ်က အဲဒီနေ့ ညမှာပဲ အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက် တပ်စွဲလိုက်တယ်။ ” ဟု ပြောသည်။

ပုံစာ – စစ်ကောင်စီလက်နက်ကြီးကြောင့် ဇွန်လ ၁၇ ရက်နေ့က သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကာားပျက်စီးသွားသည့်မြင်ကွင်း။

ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီကျော်အချိန်တွင် တောင်ကုတ်တက္ကသိုလ်ဝန်းထဲ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုက လက်နက်ကြီး တစ်လုံးပစ်ခတ်လိုက်ပြီး ယင်းလက်နက်ကြီးမှာ တက္ကသိုလ်သင်တန်းရေးရာဌာနမှူးအိမ် ကျရောက်ပေါက်ကွဲခဲ့၍ အိမ်နှင့် ကားမှာ ထိခိုက်ပျက်စီးသွားခဲ့ရသည်။

နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ” တောင်ကုတ်တက္ကသိုလ်က တောင်ကုတ်မြို့အဝင်မှာရှိတာဆိုတော့ စစ်ကောင်စီအတွက် တပ်စွဲနေရာယူထားဖို့ အရမ်းကောင်းတဲ့ ဗျူဟာတစ်ခုပေါ့နော်။ တက္ကသိုလ်အနီးမှာလည်း တပ်စခန်းငယ် ဂိတ်ပုံစံ ချထားတဲ့ ဂိတ်တွေလည်းရှိနေတော့လေ။ သူတို့က ပညာရေးအဆောက်အအုံ ဘာညာ မသိတော့ဘူး။ တောင်ကုတ်မြို့ကို AA က တိုက်လာလို့ရှိရင် မြို့မကျအောင် ခံစစ်ပြင်ဆင်တဲ့ သဘောပေါ့နော်။ ” ဟု ပြောသည်။

ပါမောက္ခချုပ်အပါအဝင် တက္ကသိုလ်ဆရာ/ဆရာမများနှင့် အခြားသော ဝန်ထမ်းများမှာ တောင်ကုတ်မြို့ထဲ ပိတ်မိနေကြပြီး ဒေသခံပြည်သူများကိုလည်း မြို့က ထွက်ခွာခွင့်မပေးဘဲ စစ်ကောင်စီ ဂိတ်များက တားဆီးပိတ်ပင်ထားကြောင်း စုံစမ်းသိရသည်။

တောင်ကုတ်မြို့ထဲတွင် မြို့ခံအများစုက မြို့ပြင်သို့ထွက်ရောက် ဘေးကင်းရာနေရာသို့ ရောက်ရှိခဲ့ကြသော်လည်း ပြည်သူအနည်းစုမှာ မြို့ထဲ၌ ပိတ်မိနေကြဆဲဖြစ်ပြီး ပိတ်မိနေသူအရေအတွက်ကို အတိအကျမသိရပေ။

ဇွန်လ ၁၆ ရက် နေ့လယ်ကနေစ၍ ယနေ့အချိန်အထိ တောင်ကုတ်မြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်နေ့ ညနေက AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ တောင်ကုတ်မြို့နယ် ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက် ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။

” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြရသည်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

မောင်တောမှာ တိုက်ပွဲပြင်းထန်၊ ပြည်သူများကို မြို့ကထွက်ခွာခွင့် စစ်ကောင်စီနှင့် ARSA က တားမြစ်နေ

0
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

ရခိုင်ပြည် မောင်တောမြို့မှာ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူ ထောင်ချီပိတ်မိနေကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်လက်နက်ကိုင် ARSA တပ်ဖွဲ့ဝင်များက တားဆီးပိတ်ပင်နေကြောင်း သိရသည်။

မောင်တောမြို့ကို ဝင်သိမ်းမည်ဖြစ်၍ မြို့ထဲရှိပြည်သူများအနေဖြင့် ဇွန်လ ၁၆ ရက်နေ့ကစပြီး အမြန်ဆုံးမြို့က ချက်ချင်း ထွက်ခွာကြရန် AA က အသိပေးပြီးနောက် မောင်တောမြို့တွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

AA အသိပေးချက်ကို လိုက်နာသည့်အနေဖြင့် ပြည်သူအများစု မြို့ကတိမ်းရှောင်နိုင်ခဲ့သော်လည်း စစ်ကောင်စီနှင့် ARSA တားဆီးပိတ်ပင်မှုကြောင့် မွတ်ဆလင်အများစုပါသော ပြည်သူထောင်ချီ မြို့ထဲ ပိတ်မိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မောင်တောအခြေအနေ သိသူတစ်ဦးက ” AA အသိပေးနေ့ကနေ မြို့ထဲမှာရှိနေတဲ့ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော၊ ဟိန္ဒူတွေရော အကုန်လုံးထွက်ခွာကြတာ။ ဒါပေမယ့် မနေ့ကအထိ ထွက်ခွင့်မရတဲ့ မွတ်ဆလင်အများစုပါဝင်တဲ့ ပြည်သူ နှစ်ထောင်လောက်ဟာ မြို့ထဲမှာ အခုထိ ပိတ်မိနေကြတယ်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက် ARSA တွေက မြို့ကထွက်ခွာခွင့်မပေးဘူးလို့ သိရတယ်။ မြို့ထဲမှာ ဆက်လက်ပိတ်လှောင်ထားတယ်ဆိုတဲ့ သဘောပေါ့။ ” ဟု ပြောသည်။

မောင်တောမြို့ထဲက ထွက်ခွာ၍ ရလိုက်သည့် မွတ်ဆလင်မိသားစုဝင်များက မြို့ထဲကကျန်ရှိနေခဲ့သည့် မိသားစုဝင်များအတွက် အလွန်စိတ်မကောင်းဖြစ်နေကြသည်ဟု AA ထိန်းချုပ်နယ်မြေရောက်ရှိသွားသော မွတ်ဆလင်တစ်ဦးနှင့် နီးစပ်သည့် စစ်တွေက မွတ်ဆလင်တစ်ဦးက ပြောသည်။

” ကျနော့် အကိုတွေ၊ အဖေအမေတွေရဲ့ ဆွေမျိုးတွေရဲ့ တစ်ဝက်က လွတ်မြောက်နယ်မြေဆီ ရောက်သွားကြပြီ။ ဒါပေမယ့် မောင်တောမြို့ထဲမှာ ကျနော်ရဲ့ ဦးလေးမိသားစု ကျန်နေခဲ့သေးတယ်လို့ သိရတယ်။ တခြားလည်း ကျနော်တို့ လူမျိုးတွေ အများကြီးကျန်နေပါသေးတယ်။ စစ်ကောင်စီ ဂိတ်တွေက ထွက်ခွင့်မပေးသလို ခိုးဝှက်ပြီးထွက်ကြတဲ့ သူတချို့လည်း မြို့အပြင်မှာ လုံခြုံရေးယူနေတဲ့ ARSA အဖွဲ့က ပစ်ဖမ်းနေတယ်။ မိသွားရင် မြို့ထဲကို ပြန်ပို့တယ်။ ဓားစာခံအဖြစ် ထားချင်တဲ့သဘောမျိုး ဖြစ်နေတယ်။ ” ဟု ပြောသည်။

မောင်တောမြို့မှာ မွတ်ဆလင်များ ပိတ်ဆို့ခံထားရပြီး မြို့က ထွက်ခွာရွှေ့ပြောင်းရန် AA က ထုတ်ပြန်ထားသော်လည်း ထွက်သွားစရာနေရာမရှိခြင်းနှင့် ဘူးသီးတောင်ကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်သွားမည်ကို စိုးရိမ်ရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

မောင်တောမြို့က ပြည်သူများ မြို့ကထွက်ခွာရမည့်လမ်းကြောင်းနှင့် မည်သည့်နေရာသို့ သွားရောက်ခိုလှုံကြရန်ဆိုသည့် လမ်းညွှန်ချက်များ AA ထုတ်ပြန်ချက်မှာ မတွေ့ရကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုထားသည်။

” ထွက်သွားခိုင်းတာကတော့ ဟုတ်ပါပြီ ဘယ်ကို ထွက်သွားရမှာလဲ ဆိုတာ ရှိတယ်။ နယ်စပ်ဖြတ်ကျော်ပြီး တဖက်နိုင်ငံကို ထွက်ပြေးတိမ်ရှောင်ရမှာလား။ ဘယ်ကို ထွက်သွားပေးရမှာလဲ။ အဖြေတော့ ပေးရမှာလေ AA ရဲ့ လွတ်မြောက်နယ်မြေတွေမှာ စီစဉ်ပေးထားတယ် ဒါမှမဟုတ် ထိန်းချုပ်နယ်မြေတွေကို ပြေးကြပါ။ အခုက အဲလိုလမ်းညွန်ချက်လည်းမတွေ့ရဘူး။ ဘင်္ဂလားဒေရှ့်က နယ်စပ်ပိတ်ထားတယ်။ ဘူးသီးတောင်ဘက်လည်း လမ်းပိတ်ထားတယ်။ ” ဟု ပြောသည်။

မောင်တောက ပြည်သူများ မြို့ထွက်ခွာရေးနှင့်ပတ်သက်၍ AA ထုတ်ပြန်ချက်ထဲတွင် အဓိက အချက်နှစ်ချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။

ပထမအချက်မှာ မောင်တောမြို့ကို ဝင်သိမ်းတော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်း၊ တပ်စွဲထားနေရာ၊ တပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့်နေရာများတွင် မထိုင်ကြရန် သတိပေးတိုက်တွန်းထားခြင်းဖြစ်သည်။

အကြောင်းမှာ စစ်ကောင်စီသည် မောင်တောမြို့ထဲတွင် မြို့ပြစစ်ဆင်ရေးကို ပြုလုပ်ထားပြီး လူနေအိမ်များ၊ တိုက်တာအဆောက်အအုံများတွင် စနိုက်ပါသမားအပါအဝင် တပ်ဖွဲ့ဝင်များဖြင့် ခံစစ်ပြင်ဆင်ထားခြင်းဖြစ်သည်။

ဒုတိယတစ်ချက်မှာ မြို့တွင်းတိုက်ပွဲက ပြင်းထန်လာနိုင်သောကြောင့် မောင်တောပြည်သူများအနေဖြင့် မြို့ကချက်ချင်းထွက်ခွာရန် လိုအပ်ပြီး သို့မဟုတ်ပါက အသက်အန္တရာယ်ကျနိုင်ကြောင်းကို AA က ပြောဆိုထားခြင်းဖြစ်သည်။

အာရက္ခတပ်တော် AA သည် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်အတွင်းက မြို့နယ်များမှ ပြည်သူလူထုများကို ဘေးကင်းရာနေရာများနှင့် လွတ်မြေက်နယ်မြေများသို့ သွားရောက်ခိုလှုံကြရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။

သံတွဲမှာ စစ်ကောင်စီ တပ်စွဲနေရာ မိုင်းနင်းမိ၍ ရွာသားတစ်ဦး သေဆုံး

0
ပုံစာ -၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျောက်တော်မြို့နယ်တွင် အသက် ၄၁ နှစ်အရွယ်အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ခြေတစ်ဖက် ဖြတ်လိုက်ရစဉ်။

ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး တပ်စွဲခဲ့သည့်နေရာတွင် ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိ၍ ရွာသားတစ်ဦး သွေးထွက်လွန်ပြီး သေဆုံးသွားကြောင်း ရွာသားများထံမှ သိရသည်။

မိုင်းနင်းမိ၍ သေဆုံးသွားသူမှာ အသက် ၆၀ အရွယ် ဦးမောင်စောဖြစ်ပြီး သံတွဲမြို့နယ် အလယ်ရွာကျေးရွာကဖြစ်သည်။

သံတွဲ-တောင်ကုတ် ကားလမ်းဘေး အလယ်ရွာကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေစင်ကျေးရွာတို့တွင် မေလနှောင်းပိုင်းကစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးပြီး နေရာယူခဲ့သည့် နေရာများဖြစ်သည်။

အလယ်ရွာ ကျေးရွာသားတစ်ဦးက ” ရွာအနီးက စိုက်ခင်းကို ဟင်းရှာထင်းရှာဖို့ သွားတာ။ အဲဒီမှာ မိုင်းနင်းမိတာ။ သွေးထွက်လွန်ပြီး ဆေးရုံတောင် မရောက်လိုက်ဘူး သေဆုံးသွားပါတယ်။ ကျနော်တို့ရွာအနီးက စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေထိုင်ခဲ့တာတွေရှိတယ်။ ဒီမိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထောင်ထားခဲ့တာ ဖြစ်နိုင်ပါတယ်။ ” ဟု ပြောသည်။

အလယ်ရွာကျေးရွာနှင့် ရေစင်ကျေးရွာကြားတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တို့ ဇွန်လ ပထအပတ်အတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့ထဲက တပ်စခန်းများသို့ တပ်ပြန်ဆုတ်သွားကြောင်း သိရသည်။

မေလတုန်းက သံတွဲ-တောင်ကုတ် ကားလမ်းတစ်လျှောက် ဘေးနှစ်ဖက် ကျေးရွာအနီးအနားနှင့် သူဌေးရေးအားလျှပ်စစ်စီမံကိန်းဧရိယာအနီး AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြသည်။

သံတွဲစစ်ရေးအခြေအနေသိသူတစ်ဦးက ” အခုတော့ သံတွဲ-တောင်ကုတ် ကားလမ်းဘက်မှာ တိုက်ပွဲက သိပ်မရှိဘူး။ သံတွဲမြစ် ဂေါ့တောင်၊ လေဆိပ်အနီး စစ်ကောင်စီတပ်ရင်းနားတွေမှာ တိုက်ပွဲက ရှိနေတယ်။ ဒီရက်ပိုင်းတော့ တိုက်ပွဲက ငြိမ်နေတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ဘယ်ကိုပစ်လို့ပစ်မှန်းမသိ လက်နက်ကြီးကတော့ ပစ်နေတာပဲ။ ” ဟု ပြောသည်။

သံတွဲနှင့် တောင်ကုတ်မြို့သည် ၄၅ မိုင်ခန့်သာ ဝေးကွာပြီး နှစ်မြို့လုံးတွင် အာရက္ခတပ်တော် AA က တစ်ပြိုင်တည်း တိုက်ပွဲဖော်နေပြီး စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိနေသည်။

ကျောက်ဖြူမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

0
ပုံစာ - ကျောက်ဖြူမြို့ ဓညဝတီရေတပ်ဌာနချုပ်အနီး သွားလာနေသော စစ်ကောင်စီ စစ်သင်္ဘောများ။

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းအနီး ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီကြောင်းနှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

နှစ်လကျော်ကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ငြိမ်သက်ခဲ့ရာကနေ ကျောက်ဖြူက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက ” ဓညဝတီရေတပ်စခန်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က လမ်းမှာ ဖြတ်တိုက်ခဲ့တာပါ။ မနေ့က နံနက်ပိုင်းမှာ ကျောက်ဖြူနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ သိုင်းချောင်းရွာအနီးမှာ ဖြစ်ကြတာပါ။ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ သိရတယ်။ စစ်ကြောင်းကတော့ ရေတပ်ဘက်သို့ ပြန်ဆုတ်သွားတယ်။ ဒီနေ့တော့ တိုက်ပွဲဖြစ်တာ မကြားရဘူး။ ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် ဖြစ်ပြီးအကြာတွင် ဓညဝတီရေတပ်ဌာနချုပ်နှင့် ကျောက်ဖြူမြို့က တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးကာလ ဇန်နဝါရီလအတွင်းက ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းများနှင့် AA တပ်ဖွဲ့ဝင်တို့ ကြိုကြားထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး AA က ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရင်းများကို ထိုးစစ်ဆင်မပြုလုပ်ရသေးကြောင်း သိရသည်။

ကျောက်ဖြူမြို့သည် တရုတ်အကျိုးစီးပွားစီမံကိန်း အများအပြားရှိသော မြို့တစ်မြို့ဖြစ်ပြီး တရုတ်လုပ်ငန်းများ မထိခိုက်စေရန် AA နှင့် တရုတ်အစိုးရတို့ ညှိနှိုင်းထားပုံရသည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

” ကျောက်ဖြူမြို့ကို သိမ်းပိုက်ဖို့ AA က တော်တော်လေး နည်းလမ်းတွေ ရှာဖွေရမယ်။ ကျောက်ဖြူမှာက တရုတ်စီမံကိန်း အများအပြားရှိနေတာကို ပြီးတော့ စီမံကိန်းဧရိယာတွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူထားတာတွေရှိတယ်လေ။ တရုတ်နဲ့ AA ကတော့ စီမံကိန်းတွေ၊ လုပ်ငန်းတွေ မထိခိုက်ဖို့ ကြိုညှိနှိုင်းထားပုံရပါတယ်။ ဘယ်လိုညှိနှိုင်းထားသလဲဆိုတာကိုတော့ AA က ထုတ်ပြောတာမရှိသေးဘူးပေါ့နော်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA ဘက်က ရခိုင်ပြည်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အကာအကွယ်ပေးသွားမည်ဟု ပြောဆိုထားပြီး ဆက်လက်ပြီးလည်း ထိန်းချုပ်နယ်မြေများတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လုပ်ကိုင်ကြရန် စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားသည်။

ကျောက်ဖြူက တရုတ်လုပ်ငန်းများ တိုက်ပွဲအတွင်း ထိခိုက်သက်ရောက်လာပါက တရုတ်အစိုးရအနေဖြင့် AA ကို စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရန် ဖိအားပေးလာနိုင်ကြောင်း သုံးသပ်သူများကလည်း ပြောဆိုနေကြသည်။

AA ကမူ အဆိုပါ သုံးသပ်ချက်များကို ငြင်းဆိုထားပြီး စစ်ကောင်စီနှင့် အပစ်အခတ်ရပ်ရန် တရုတ်ကြားဝင်စေ့စပ်ညှိနှိုင်းမှုမှာ အလွန်ခက်ခဲမည်ဟု ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲ AA ပြောခွင့်ရ ဦးခိုင်သုခက တုန့်ပြန်ထားသည်။

မတူပီမြို့က ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ် သိမ်းပိုက်

0
ပုံစာ - မတူပီမြို့က စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သုံ့ပန်းများ။

(ဟောင်ဝှစ်ဇာနှင့်အတူ လက်နက်အများအပြားသိမ်းဆည်းရမိ)

ချင်းပြည်နယ် မတူပီမြို့က စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ အမြောက်နှင့်အတူ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မတူပီမြို့ကို သိမ်းပိုက်ရရှိရန် ချင်းညီနောင်တပ်ဖွဲ့များ၊ မဟာမိတ်တပ်ဖွဲ့ AA နှင့် ယောတပ် YA တို့မှ ဇွန်လ ၉ ရက်နေ့ကစ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီ ခမရ ၃၀၄ တပ်ရင်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်တပ်ရင်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ချင်းညီနောင်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားသည်။

ချင်းညီနောင်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ” တစ်မြို့လုံးသိမ်းမိတာ မဟုတ်သေးဘူး။ ကျန်ရှိနေတဲ့ ဗျူဟာကုန်းတို့၊ ခလရ ၁၄၀ တို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ မြေပြင်ကနေ စကစ သေဆုံးမှု အရေအတွက်တို့ လက်နက်သိမ်းဆည်း ရရှိမှု အရေအတွက်တို့ ပေးပို့လာတာ မရှိသေးဘူး။ ” ဟု ပြောသည်။

စခန်းသိမ်း အောင်မြင်မှု ရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ ထောက်ပံ့လျက်ရှိသော ထောက်ပို့ ပြည်သူများနှင့် ထိုးစစ်များအတွင်း ပါဝင်ခဲ့သော စစ်သည်တော်များ အားလုံး၏ ပြောင်မြောက်သော တိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့်နာခံမှုတို့ အပေါ် ချင်းညီနောင်အနေဖြင့် လေးနက်စွာ အသိအမှတ်ပြုကြောင်း ဆိုသည်။

ထို့ပြင် ဤစခန်းသိမ်းတိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် ရဲဘော်များကိုလည်း မှတ်တမ်းတင် လေးစားအသိအမှတ်ပြုကြောင်း ချင်းညီနောက်တပ်ဖွဲ့က ပြောဆိုထားသည်။

မေလ ၂၇ ရက်နေ့တွင် တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီ စခန်းများဖြစ်သော EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါတိုင်ကုန်းစခန်း ၂ ခုအား နံနက် ၄ နာရီခန့်တွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၉ ဦးကို အရှင်ဖမ်းဆီးမိကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၇ လက် သိမ်းဆည်းနိုင်ခဲ့ကြသည်။

ချင်းပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လုံးဝကင်းစင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူများမှ ဆက်လက် ထောက်ပံ့ ကူညီအားပေးကြရန် ချင်းညီနောင်တပ်ဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုထားသည်။

တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး

0
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကျော်အချိန်က အရပ်သားနေ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဒေသခံတစ်ဦးက ” အမျိုးသမီးကြီး တစ်ဦးသေတယ်။ ဆက်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေတယ်။ နောက် ကလေးလေးတစ်ယောက် အသက် ၇ နှစ်လောက်ရှိမယ် သေသွားပါတယ်။ ပြည်သူတွေနေတဲ့ရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ ဗုံးကြဲတာ။ ဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး။ AA ဆိုတာလည်းမရှိဘူး။ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်နေတာပဲ။ ” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိပြီး အရေအတွက်အတိအကျကို Western News က စုံစမ်းနေဆဲဖြစ်သည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများရှိရာသို့ လက်နက်ကြီးများ ယနေ့အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

ဇွန်လ ၁၅ ရက်နေ့ ညက တောင်ကုတ်မြို့အနီး AA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများ အချိန်ပိုင်း ဖြစ်ပွားခဲ့ပြီးနောက် ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲများမရှိကြောင်း သိရသည်။

ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်၌ ဗုံးစထိမှန်၍ တောင်ကုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

တောင်ကုတ်တိုက်ပွဲ သေဆုံးသူတိုးလာနေပြီး ယနေ့ ဇွန်လ ၁၈ ရက်နေ့အထိ စုစုပေါင်း ၄ ဦးရှိကာ သံတွဲတိုက်ပွဲတွင် သေဆုံးသူ ၃၉ ဦးအထိရှိလာနေသည်။

တောင်ကုတ်မြို့ထဲ ဗုံးခိုကျင်း တူးခွင့် စစ်ကောင်စီ ပိတ်ပင်

0
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ပုံဟောင်း)
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ပုံဟောင်း)

(စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေ)

ရခိုင်ပြည် တောင်ကုတ်မြို့တွင် ကျန်ရှိနေသေးသည့် ပြည်သူများ ဗုံးခိုကျင်းတူးပြီး လက်နက်ကြီးအန္တရာယ်ကာကွယ်ရေး အစီအစဉ် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန့်သတ်ပိတ်ပင်နေကြောင်း စုံစမ်းသိရသည်။

တောင်ကုတ်မြို့အနီး တိုက်ပွဲဖြစ်ပွားခြင်းကြောင့် မြို့ခံအများစုမှာ ဘေးကင်းရာနေရာများနှင့် လွတ်မြောက်နယ်မြေသို့ သွားရောက်ခိုလှုံနေကြပြီး အနည်းစုမှာ မြို့ထဲ၌ ဗုံးခိုကျင်းတူးပြီး လက်နက်ကြီးအန္တရာယ်ကို ရှောင်ရန် ပြင်ဆင်နေကြသည်။

မြို့ထဲကျန်နေမည့် တောင်ကုတ်ဒေသခံတစ်ဦးက ” မိသားစုကိုတော့ တိုက်ပွဲနဲ့ ဝေးရာကို ပို့လိုက်ပါပြီ။ ကျနော်က အိမ်စောင့်ကျန်နေခဲ့မလို့။ တခြားသူတွေနဲ့လည်း အဖော်ရတော့လေ။ အဲဒါ ဗုံးခိုကျင်း အိမ်မှာတူးတာပေါ့။ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက မတူးရဘူး။ ဗုံးခိုကျင်းတူးရင် ဖမ်းမယ်လို့ ပြောနေတယ်။ တချို့ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်းရှိနေသေးတယ်။ သူတို့လည်း ဗုံးခိုကျင်းတူးခွင့်မရဘူး။ ဘာကြောင့် မရဆိုတာ မပြောဘူး။ တူးခွင့်မရှိဘူးလို့တော့ ပြောတယ်။ ” ဟု ပြောသည်။

အာရက္ခတပ်တော် AA စစ်ကောင်စီထိန်းချုပ်ထားဆဲ လက်ကျန်မြို့များက ပြည်သူများအနေဖြင့် လွတ်မြောက်နယ်မြေများနှင့် ဘေးကင်းရာနေရာများသို့ သွားရောက်ခိုလှုံကြရန် သတိပေးတိုက်တွန်းနေသည်။

တောင်ကုတ်မြို့မှာရှိသော စစ်ကောင်စီတပ်ရင်းများမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့နယ်အနှံ့ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။

” တိုက်ပွဲမရှိတာ ၁၆ ရက်နေ့ကတည်းပါ။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးနဲ့ ဘယ်နေရာကို ပစ်မှန်းမသိ အဆက်မပြတ် ပစ်ခတ်နေတယ်။ တောင်ကုတ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းအကုန်လုံးက ပစ်ခတ်နေတာ။ အရပ်သားနေ ရွာတွေကို ကျမှာစိုးရိမ်ရတယ်။ ” ဟု ပြောသည်။

သံတွဲမြို့နယ်အတွင်း AA က တိုက်ပွဲဖော်နေချိန် ၃ လအကြာမှာ တောင်ကုတ်မြို့ကို သိမ်းပိုက်ရန် စစ်ကောင်စီတပ်ရင်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ပုံစာ – တောင်ကုတ်မြို့ထဲတစ်နေရာ။ (ပုံဟောင်း)

AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်
AA ထံ လက်နက်ချအညံ့ခံမည့် မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီအရာရှိများက ပါးရိုက်

ရခိုင်ပြည် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ အာရက္ခတပ်တော် AA ထံ လက်နက်ချ အညံ့ခံရန် အောက်ခြေတပ်ဖွဲ့ဝင်များ အထက်လူကြီးနှင့်ညှိနှိုင်းမှုရှိနေကြောင်း နခခ မိသားစုဝင်များထံမှ သိရသည်။

လာရောက်ညှိနှိုင်းသော အောက်ခြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို စစ်ကောင်စီ အထက်အရာရှိများက ပါးရိုက်ပြီး ပြန်လွှတ်လိုက်ကြောင်း နခခ ရဲတပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

” နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက စစ်တိုက်ဖို့ မောင်တော သွားတာမဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးယူဖို့ သွားတာပါ။ စစ်တိုက်ချင်တာမဟုတ်ဘူး။ အထက်က အမိန့်အရသာ မဖြစ်သာလို့ တိုက်နေရတာ။ သေဖို့ကို အားလုံးက ကြောက်နေကြတယ်။ AA ကို တိုက်လို့လည်း နိုင်မှာမဟုတ်ဘူး။ ဒါ့ကြောင့် အထက်လူကြီးတွေနဲ့ AA ဆီမှာ လက်နက်ချ အညံ့ခံဖို့ ညှိနှိုင်းတာတွေရှိတယ်။ အထက်အရာရှိတွေက လက်နက်မချဖို့ ပြောတယ်။ သွားညှိနှိုင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပါးရိုက်ပြီး ပြန်လွှတ်လိုက်တယ်။ စစ်မတိုက်ချင်တဲ့ နခခ တပ်ဖွဲ့ဝင်တွေ အများကြီးပဲ။ အခု ဘယ်လို လုပ်ရမလဲ မသိဘူး။ ” ဟု ပြောသည်။

ဗမာပြည်ဘက်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း မောင်တောမြို့နယ်မှာ အများကြီးရှိပြီး စစ်ကောင်စီ အရာရှိများက ထွက်သွားခြင်း မပြုကြောင်းနှင့် AA ၏ ပစ်ခတ် ဖမ်းဆီးခြင်း ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

” မောင်တောမှာ နေလို့ အဆင်မပြေတော့ဘူး။ စစ်လည်းမတိုင်ချင်ကြဘူး။ အလံဖြူထောင်ရင်လည်း AA ပစ်ခတ် ဖမ်းဆီးမည်ကို စိုးရိမ်နေကြတယ်။ ဗမာပြည်ဘက်ကို ထွက်ပြေးချင်တဲ့သူတွေ တပုံကြီး။ ထွက်ပြေးဖို့ကလည်း မလွယ်ဘူး။ အခု မောင်တောမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်ကြားမှာ ပဋိပက္ခတွေဖြစ်နေကြတယ်။ တချို့က ထွက်ပြေးမယ်။ တချို့က အလံဖြူထောင်မယ်။ အရာရှိတွေက အလံဖြူထောင်ခွင့်မပြုဘူး။ ” ဟု နခခ မိသားစုဝင် နောက်တစ်ဦးက ပြောသည်။

အာရက္ခတပ်တော် AA က အင်တာဗျူးများနှင့် ထုတ်ပြန်ချက်တိုင်းတွင် ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ရဲတပ်သားများအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ရမည်ဟု ပြောဆိုထားသည်။

AA ၏ ပြောဆိုချက်ကို မောင်တော နခခ ရဲတပ်ဖွဲ့ဝင်များမှ လက်ခံယုံကြည်ကြပြီး ထွက်ပြေး အလံဖြူထောင်ရန် စီစဉ်သော်လည်း စစ်ကောင်စီအရာရှိများ၏ တားဆီးပိတ်ပင်မှုများကို ကြုံနေရကြောင်း နခခ မိသားစုဝင်များက ဆိုသည်။

လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့၊ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဖြစ်ပြီး မောင်တောမြို့ထဲကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်တော့မည်ဖြစ်ကြောင်း AA က ဇွန်လ ၁၆ ရက်တွင် သတိပေးကြေညာထားသည်။

တောင်ကုတ်တက္ကသိုလ်ဝန်းထဲ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲ

0
ပုံစာ - ယနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော တောင်ကုတ်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး နေအိမ်နှင့်ကား တွေ့ရစဉ်။ (ဓါတ်ပုံ - Kaung Myat Htet)
ပုံစာ - ယနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော တောင်ကုတ်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး နေအိမ်နှင့်ကား တွေ့ရစဉ်။ (ဓါတ်ပုံ - Kaung Myat Htet)

BREAKING NEWS
(သင်တန်းရေးရာဌာနမှူး အိမ်နှင့် ကား ထိခိုက်ပျက်စီး)

ရခိုင်ပြည် တောင်ကုတ်မြို့က တောင်ကုတ်တက္ကသိုလ်တွင် စစ်ကောင်စီ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲ၍ သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၇ ရက်နေ့ တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တစ်လုံးမှာ တောင်ကုတ်တက္ကသိုလ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က တောင်ကုတ်တက္ကသိုလ်ထဲကို စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲပါတယ်။ သင်တန်းရေးရာဌာနမှူး ဦးအောင်စိုးရဲ့ နေအိမ်၊ ကား အားလုံးပျက်စီးသွားပါတယ်။ ဒီနေ့က တိုက်ပွဲမရှိပါ။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ဖြစ်ပါတယ်။ လူတွေတော့ အထိအခိုက်မရှိပါ။ ” ဟု ပြောသည်။

ယမန်နေ့ ဇွန်လ ၁၆ ရက် နေ့လယ်ကနေစ၍ ယနေ့အချိန်အထိ တောင်ကုတ်မြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ယမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်။

ဇွန်လ ၁၅ ရက်နေ့ ညနေက AA နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက် ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။

AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။

” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။

အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

ပုံစာ – ယနေ့ ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်က စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး ပျက်စီးသွားသော တောင်ကုတ်တက္ကသိုလ် သင်တန်းရေးရာဌာနမှူး နေအိမ်နှင့်ကား တွေ့ရစဉ်။ (ဓါတ်ပုံ – Kaung Myat Htet)

Western News