Western News
Home Blog Page 54

စစ်တွေ ဒေသခံ ၂၀၀ ကျော်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ငွေညှစ်နေ

0

ရခိုင်ပြည် စစ်တွေမြို့ မင်းဂံရပ်ကွက်က အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး ၂၀၀ ကျော်ကို ဧည့်စာရင်းအကြောင်းပြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ငွေကြေးအများအပြားတောင်းယူပြီး ပြန်လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။

မင်းဂံရပ်ကွက် အကွက် ၅, ၈, ၉, ၁၀ တို့က ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီကျော်တွင် အရပ်သား ၂၀၀ ကျော်ကို စစ်ကောင်စီက တပ်ဖွဲ့ဝင်များက ကား ၆ စီးနှင့်လာပြီး မတရားဖမ်းခေါ်သွားခြင်းဖြစ်သည်။

မည်သည့်ပြစ်မှုများမှ ကျူးလွန်ထားခြင်းမရှိဘဲ ဧည့်စာရင်းတိုင်းထားသူရော၊ မတိုင်ထားသူရော ဖမ်းဆီးသွားပြီး ယခု ငွေကျပ် ၇ သိန်းတောင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြန်လွှတ်ပေးနေသည်ဟု လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

” ဘာအပြစ်မှမရှိဘဲ ကျနော်တို့ကို ဖမ်းတယ်။ ပြီးရင် ငွေ ၇ သိန်းပေးရင် လွှတ်ပေးမယ်ပြောတယ်။ တချို့ဆို ငွေ ၁၀ သိန်းတောင် တောင်းတယ်လို့ ပြောတယ်။ ကျနော်ဆို ငွေမရှိလို့ ဒီနေ့မှ အိမ်မှာရှိတဲ့ဟာ ရောင်းထုတ်ပြီး မိန်းမက ထုတ်လာတယ်။ အနည်းငယ်လောက်ပဲ ပြန်လွတ်သေးတယ်။ ပြန်မလွတ်ဘဲ အများကြီးကျန်နေသေးတယ်။ ” ဟု ပြောသည်။

စုံစမ်းရသလောက် ဖမ်းဆီးခံ ၂၀၀ ကျော်ထဲက ၁၀၀ ခန့်သာ ပြန်လွတ်သေးပြီး ကျန်အရပ်သားများကို စစ်တွေမြို့ထဲက ရဲစခန်းများနှင့် တပ်ရင်းများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

အချို့အရပ်သားများကို အကြမ်းဖက်မှုပုဒ်မနှင့် မတရားအသင်းဆက်သွယ်မှုပုဒ်မတို့ဖြင့် အမှုဖွင့်တရားစွဲဆိုရန် စစ်ကောင်စီက ပြင်ဆင်နေကြောင်း တရားရုံးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

” မင်းဂံက အရပ်သား ၄၀ ကျော်လောက်ကို ပုဒ်မအမျိုးမျိုးတပ်ပြီး အမှုဖွင့် တရားစွဲဖို့ စစ်ကောင်စီက လုပ်နေတယ်။ ကြားတာကတော့ အကြမ်းဖက်မှုပုဒ်မရယ်၊ မတရားအသင်း ဆက်သွယ်မှုပုဒ်မရယ်လို့တော့ ကြားတယ်။ အမျိုးသမီးတွေလည်းပါတယ်။ အသက် ၆၀ ခန့်ရှိတဲ့ အမျိုးသားတွေလည်း ပါတယ်လို့ ကြားတယ်။ ပြစ်မှုတွေ တကယ်ကျူးလွန်လို့ ရှိလားမရှိလားတော့ မသိဘူးပေါ့နော်။ ” ဟု ပြောသည်။

စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့သည် မေလ ၂၉ ရက်နေ့က စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်ပြီး အရပ်သား ၁၇၀ ကျော်ကို ဖမ်းဆီးကာ ဇွန်လ ၄ ရက်နေ့အတွင်း ယင်းအထဲက ၇၈ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။

ကျန်အရပ်သားများကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ပြီး ၃၈ ဦးကို အကြမ်းဖက်မှုပုဒ်မဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားကြောင်း သိရသည်။

ညှဉ်းပန်းနှိပ်စက်ခံရသော ဗျိုင်းဖြူရွာသားများမှာ ခန္ဓာကိုယ်တွင် ပြင်းထန်ဒဏ်ရာရသွား၍ စစ်တွေပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေရသူအချို့လည်း ရှိကြောင်း စုံစမ်းသိရသည်။

အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေ၍ AA နှင့် ဆက်သွယ်သည်ဟုဆိုကာ အရပ်သားရာနှင့်ချီကို ဖမ်းဆီးထောင်ခြင်းများကို ပြုလုပ်နေသည်။

စစ်ကောင်စီက ရခိုင်ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေ၍ ပါဝင်ပတ်သက်သူများအားလုံးကို အာရက္ခတပ်တော် AA က လက်တုန့်ပြန်သွားမည်ဟု သတိပေးကြေညာထားသည်။

ပုံစာ – ၂၀၂၃ နှစ်ကုန်ပိုင်းက စစ်တွေမြို့အတွင်း ကင်းလှည့်နေသော စစ်ကောင်စီယာဉ်တန်း။

တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ

0
တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ
တောင်ကုတ်တိုက်ပွဲ အရပ်သားသေဆုံးမှုရှိ


ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်အရပ်သားပြည်သူများ သေဆုံးမှုရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေသည်။
တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ပြီးခဲ့သည့် တစ်ပတ်ကျော်လောက်စ၍ AA က ဝိုင်းရံပိတ်ဆို့လိုက်ပြီး စစ်ကောင်စီသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုများရှိနေသည်။
ဇွန်လ ၁၅ ရက်နေ့က တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လေကြောင်း ထောက်ပို့လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ် ကျေးရွာက အပြစ်မဲ့အရပ်သား ပြည်သူတစ်ဦးက သေဆုံးသွားကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။


” စစ်ကောင်စီက လေကြောင်းကနေ မြို့အနီးအနားကျေးရွာတွေကို မြို့အစပ်တွေကို လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးပစ်တာတွေ လုပ်နေတယ်။ ဇွန်လ ၁၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသစ်ကယ်ရွာက အသက် ၁၇ အရွယ်ရှိတဲ့ မောင်အောင်လှိုင်ဝင်း ဗုံးစထိမှန်လို့ သေဆုံးခဲ့ရပါတယ်။ နေအိမ် ၅ ဆောင်လောက်လည်း ထိခိုက်ပျက်စီးသွားပါတယ်။ ” ဟု ပြောသည်။


နေ့လယ် ၁၂ နာရီကျော်အချိန်တွင် စစ်ကောင်စီက ရွာသစ်ကယ်ရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာထဲ ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ခဲ့၍ တောင်ကုတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇွန်လ ၁၆ ရက်တွင် သေဆုံးသွားရခြင်းဖြစ်သည်။
AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင် တစ်ပြိုင်တည်း တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။


စစ်ကောင်စီအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေရာ မြို့၊ ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။


” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။


အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရသည်။


ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။
ပုံစာ – ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြောင့် ဆေးကုသမှုူခံယူနေစဉ်အတွင်း သေဆုံးခဲ့ရသော တောင်ကုတ်မြို့နယ်က ကလေးငယ် မောင်အောင်လှိုင်ဝင်း။ (ဓါတ်ပုံ – APM)

ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ

0
■ ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ
■ ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နေ

ရခိုင်ပြည်အတွင်း စစ်ကောင်စီထိန်းချုပ်နယ်မြေများနှင့် အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေများတွင် ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကစ၍ ယခင်ဈေးနှုန်းထက် နှစ်ဆ မြင့်တက်လျှက်ရှိပြီး စစ်ရှောင်ပြည်သူများနှင့် ဒေသခံများမှာ ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။

“ကုန်စျေးတွေက တလောက နည်းနည်းကျပြီး အခုပြန်တက်လာတယ်။ ကျတာကတော့ နည်းနည်းရယ် ပြန်တက်လာတာက ကျတဲ့စျေးထက် ၂ ဆ လောက်ပိုနေတယ်။ ဒီအထဲမှာ ဆန်တစ်အိတ် ကျပ် ၂၈၀,၀၀၀၊ ဓာတ်ဆီ ၁ လီတာကို ကျပ် ၃၂၀၀၀ စျေးနဲ့ တစ်ခြားမြို့နယ်တွေထက်စျေးအပိုဆုံးဖြစ်နေတယ်” ဟု ပြောသည်။

အခြေခံစားသောက်ကုန်းများ အဓိက ဈေးမြင့်တက်နေပြီး ကုန်စည်လည်ပတ်မှု လုံးဝမရှိသလောက်ဖြစ်နေသည်ဟု ကျောက်တော်မြို့နယ် ဈေးကုန်သည်တစ်ဦးက ပြောသည်။

“ကုန်ချလာတဲ့ သူတွေက စျေးတင်ရင် ကျမတို့လည်း တင်ရောင်းကြရတာပဲ။ စျေးတွေက ပြီးခဲ့တဲ့ အပါတ်ထဲကနေစပြီး တက်တယ်။ အခုဆို အရင်စျေးထက် ၂ ဆနီးပါး၊ ၂ ဆ စသဖြင့်စျေးတက်နေကြပြီ။ စျေးတက်တဲ့အထဲမှာ စားသောက်ကုန်က စျေးအများဆုံးတက်တယ်” ဟုပြောသည်။

လက်ရှိ စားသောက်ကုန်စျေးများမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၁ ပိဿ ၁၅၀၀၀ ကျပ်ရှိခဲ့သည့် ကြက်သွန်နီမှာ လက်ရှိ ၄၀၀၀၀ ကျပ်၊ ၁ ပိဿ ၂၃၀၀၀ ကျပ်ရှိခဲ့သည့် ကြက်သွန်ဖြူမှာ လက်ရှိ ၄၅၀၀၀ ကျပ်၊ နို့ဆီဘူး ၁ ဘူး ၃၀၀၀ ကျပ်ရှိခဲ့ ဟင်းချိုမှုန့်မှာ လက်ရှိ ၄၀၀၀ ကျပ်၊ ၁ ပိဿ ၂၈၀၀၀ ကျပ်ရှိခဲ့သည့် ငရုတ်သီးခြောက်မှာ လက်ရှိ ၃၅၀၀၀ ကျပ်၊ ၁ ဘူး ၈၀၀၀ ကျပ် ရှိခဲ့သည့် အိန္ဒိယ စားဆီ ၁ ဘူးကို လက်ရှိ ၁၂၀၀၀ ကျပ် စသည်ဖြင့် အသီးသီးရှိနေသည်။

အဆိုပါ စျေးနှုန်းမှာ AA ထိန်းချုပ်ရာမြို့နယ်များ၏ ကုန်စည်စျေးနှုန်းများဖြစ်ပြီး စစ်ကောင်စီထိန်းချုပ်ရာမြို့နယ်များတွင် ကုန်စည်စျေးများမှာ ယခုထက်ပို၍ စျေးမြင့်ကြောင်းတွေ့ရသည်။

ရခိုင်ရှိ မြို့နယ်တိုင်းနီးပါး၏ ကုန်စည်စျေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျ မြန်နေကြောင်း ထိုကဲ့သို့ အတက်အကျဖြစ်ပေါ်မှုတွင် ကုန်စျေးအကျမှာ အလွန်နှေးကွေးကာ ကုန်စည်စျေးအတက်မှာ မြန်တတ်ကြောင်း ကုန်စည်အရောင်းဝယ်လုပ်သူများထံမှ သိရသည်။

ထိုကဲ့သို့ စျေးနှုန်းများဖြစ်ပေါ်မှုမှာ ပြည်မနှင့် ဆက်သွယ်သည့် ကုန်စည်လမ်းကြောင်းများကို စစ်ကောင်စီတပ်မှ ပိတ်ဆို့လိုက်ပြီးနောက်ဖြစ်ပြီး ထိုအချိန်မှ စတင်ကာ ရခိုင်ရှိမြို့နယ်တိုင်း၏ ကုန်စျေးနှုန်းမှာ မူလထက် ၅ ဆမှ ၁၀ ဆကြားအထိ မြင့်တက်ခဲ့ပြီး အဆိုပါ စျေးနှုန်းမှာ ရခိုင်တပြည်နယ်လုံးတွင် လက်ရှိအချိန်ထိ ကျဆင်းမှုမရှိသေးဘဲ ရှိနေကြောင်း တွေ့ရသည်။

AA ထိန်းချုပ်ရာမြို့နယ်များတွင်လည်း အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်အတွင်းက လူငယ်အသင်းများ ကုန်ပစ္စည်းသယ်ယူခွင့်ကို ထိန်းချုပ်နေသည့်အတွက် ရခိုင်ပြည် ကုန်ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

ပုံစာ – ရခိုင်ပြည် မြောက်ဦးမြို့ပေါ်က စစ်ရှောင်များဖြစ်ပြီး ကုန်ဈေးနှုန်း အလွန့်အလွန် မြင့်တက်နေခြင်းကြောင့် ထမင်းနပ်မမှန်တော့ဘဲ ဆန်ပြုတ်ကြိုသောက်နေကြရသည့် စစ်ရှောင်ကလေးငယ်များ။ (ဓါတ်ပုံ – CJ)

စစ်ကောင်စီကို တိုက်မည်ဖြစ်၍ မောင်တောပြည်သူများ မြို့ကထွက်ခွာရန် AA သတိပေး

0
ပုံစာ - မောင်တောဒေသအတွင်း AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - AA)
ပုံစာ - မောင်တောဒေသအတွင်း AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ - AA)

(မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ တခြားတိုင်းရင်းသား မည်သူမျှ မြို့ထဲ၌ ရှိမနေသင့်ဟုဆို)

ရခိုင်ပြည် မောင်တောမြို့ပေါ်နှင့် မြို့အနီးအနားက ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် အတူပူးတွဲနေထိုင်ခြင်းကို ရှောင်ရှားရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။

မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ထားပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ရန် လက်ကျန်စခန်းများအား ဝိုင်းရံပိတ်ဆို့ထားကြောင်း AA က ဆိုသည်။

ပိတ်ဆိုပြီး မကြာမီရက်ပိုင်းအတွင်း AA တပ် မြို့ထဲဝင်တော့မည်ဖြစ်၍ မောင်တောမြို့ထဲက ရခိုင်တိုင်းရင်းသား မျိုးနွယ်စုပဲဖြစ်ဖြစ်၊ မွတ်ဆလင်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ် တခြား တိုင်းရင်းသားပဲဖြစ်ဖြစ် မည်သူတစ်ဦးတစ်ယောက်မျှ စစ်ကောင်စီနှင့် အတူနေထိုင်းခြင်းမျိုးကို မပြုလုပ်ရန် AA က သတိပေးနေခြင်းဖြစ်သည်။

အကြောင်းမှာ စစ်ကောင်စီတပ်ရင်းများ၊ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ကို စစ်စခန်းသဖွယ်အသုံးပြုပြီး မြို့ပြစစ်ဆင်ရေးပြုလုပ်ထားကြောင်းနှင့် မြို့ထဲရှိ ပြည်သူများအားလုံးကို ဓားစာခံအဖြစ် အသုံးပြုထားသည်ဟု စစ်ရေးသုံးသပ်သူများနှင့် AA ထုတ်ပြန်ချက်အရ သိရသည်။

AA သတိပေးချက်မှာ ” မောင်တောမြို့ကို သိမ်းတော့မည်ဖြစ်၍ မြို့သူမြို့သားများအနေဖြင့် စစ်ကောင်စီ၏ လမ်းမ၊ အိမ်များအတွင်းမှ ခုခံစစ်ပြင်ထားသော နေရာများ၊ တိုက်တာအဆောက်အအုံများပေါ်ရှိ စနိုက်ပါပစ်ရန် ပြုလုပ်ထားသောနေရာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာ နေရာများတွင် အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန် သတိပေးအပ်ပါသည် ” ဟု ပြောသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် စနိုက်ပါ ပစ်ခတ်ရန် ပြုလုပ်ထားသော နေရာများတွင် ပြည်သူများအနေဖြင့် မနေထိုင်ကြရန် AA က သတိပေးနေခြင်းဖြစ်သည်။

” မောင်တောဒေသခံ ပြည်သူလူထုတို့၏ အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် မောင်တော မြို့သူမြို့သားများအနေဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆) ရက်၊ ည (၉) နာရီအချိန်မှ စတင်ပြီး မောင်တောမြို့အတွင်းမှ အမြန်ဆုံး ချက်ချင်းထွက်ခွာကြရန် ” ဟု AA က အထူးသတိပေးထားသည်။

အာရက္ခတပ်တော် AA က မောင်တောမြို့ကို ယခုရက်ပိုင်းအတွင်း အပြီးသတ်သိမ်းပိုက်တော့မည်ဖြစ်၍ မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူ နှင့် တခြားသော တိုင်းရင်းသာများ စစ်ကောင်စီနှင့် အတူမနေထိုင်သင့်ကြောင်း သုံးသပ်သူတစ်ဦးကလည်း ပြောသည်။

” AA က မြို့တစ်မြို့ကို သိမ်းတော့မည်ဆို အောက်ခြေမှာ ကြိုတင်သတိပေးထားပါတယ်။ အခုလည်း မောင်တောမြို့က ပြည်သူတွေကို ကြိုသတိပေးတဲ့ သဘောပါ။ စစ်ပွဲက အသေအပျောက် ရှိတတ်တယ်ဆိုတော့ သေတဲ့အပေါ်မှာ အပြစ်မမြင်ဖို့ပေါ့နော်။ ဒီနေ့ကစပြီး မောင်တောမြို့ပေါ်နဲ့ အနီးအနားမှာရှိတဲ့ သူတွေ AA ပြောသလို စစ်ကောင်စီနဲ့ အတူမနေထိုင်ဖို့ လိုအပ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိတဲ့နေရာတွေကို AA က လိုက်ပစ်ရမှာပဲလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် မွတ်ဆလင်တွေပေါ့နော် စစ်ကောင်စီနဲ့ အတူမနေထိုင်ဖို့ မေတ္တာရပ်ခံလိုပါတယ်။ AA ပြောချင်တာကလည်း ဒါပဲထင်ပါတယ်။ ” ဟု ပြောသည်။

စစ်ကောင်စီနှင့် ပူးပေါင်းပြီး သို့မဟုတ် စစ်ကောင်စီသင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်များကို အာရက္ခတပ်တော် AA က တိုက်ခိုက်ရာတွင် ပြည်ပရှိမွတ်ဆလင် တက်ကြွလှုပ်ရှားသူအချို့က AA ကို မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်နေသည်ဟု စွပ်စွဲနေသည့်အတွက် AA က ယခုလို ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သုံးသပ်သူက ဆိုသည်။

အာရက္ခတပ်တော် AA သည် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်အတွင်းက မြို့နယ်များမှ ပြည်သူလူထုများကို ဘေးကင်းရာနေရာများနှင့် လွတ်မြေက်နယ်မြေများသို့ သွားရောက်ခိုလှုံကြရန် အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့နယ်များက မည်သည့် လူမျိုးပဲဖြစ်ဖြစ် ပြည်သူလူထုများအနေဖြင့် အမြန်ဆုံး မြို့ကိုစွန့်ခွာကြရန် လိုအပ်သလို မထွက်ခါပါက အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ပုံစာ – မောင်တောဒေသအတွင်း AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ (ဓါတ်ပုံ – AA)

စစ်ကောင်စီ ဖမ်းဆီးသွားသည့် စစ်တွေမြို့က အရပ်သား ၂၀၀ ကျော် ပြန်လွတ်လာခြင်း မရှိသေး (ရုပ်သံ)

0
video

ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်များက အရပ်သား အမျိုးသား၊အမျိုးသမီး၊ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ညဉ့်အချိန်တွင် ဝင်ရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေထိုင်သူများက Western News ကိုပြောသည်။

ဇွန် ၁၆ ရက်နေ့ ညဉ့် ၁၂ နာရီခွဲခန့်မှ စ၍ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ်သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမအစ်ကိုလည်း ဖမ်းဆီးခံရတဲ့အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူတွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီးတစ်ယောက်လည်း ပါသွားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီးအရေ ၁၀ ကျော်နှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး အကွက် ၉ နှင့် အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း မျက်မြင်များက Western News ကို ပြောသည်။

“အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့ အမျိုးသားတွေကို အကုန် ကားပေါ်တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ် “ဟုပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့် လူငယ်အများအပြားပါဝင်ကာ အသက် ၁၃နှစ်မှ စ၍ အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရှိရကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သည့် နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး”ဟုပြောသည်။

လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရသည့်ထဲတွင် အသက် ၂၁ နှစ်အရွယ် မင်းဂံ အကွက် ၉ က အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး ကျန်သူများအားလုံးမှာ အမျိုးသားများ ဖြစ်ကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။
မင်းဂံရပ်ကွက်တွင် နေထိုင်သူများ၏ ပြောဆိုချက် အရ ယနေ့ ဇွန် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး အရပ်သားများအား ဖမ်းဆီးလာနိုင်သေးကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဖမ်းဆီးခံရသူများမှာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စသည့် ကျေးရွာသားဖြစ်ပြီး မကြာသေးခင်က မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ယင်းကျေးရွာများမှ ကျေးရွာသားများကို အခြားနေရာသို့ ပြောင်းရွှေ့ထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ် ပြန်ထားခြင်း ဖြစ်သည်။

စစ်တွေ မင်းဂံရပ်ကွက်က အရပ်သား ၂၀၀ ကျော် ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွား

0
ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)
ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)

ရခိုင်ပြည်၊ စစ်တွေမြို့ မင်းဂံ ရပ်ကွက်များက အရပ်သား အမျိုးသား၊အမျိုးသမီး၊ ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က ညဉ့်အချိန်တွင် ဝင်ရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေထိုင်သူများက Western News ကိုပြောသည်။

ဇွန် ၁၆ ရက်နေ့ ညဉ့် ၁၂ နာရီခွဲခန့်မှ စ၍ မင်းဂံ ရပ်ကွက် အကွက် ၈၊ ၉၊ ၁၀နှင့် အကွက် ၅ တို့ကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀၀ ကျော်ကို ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ညီမတို့ အကွက် ၉ က ဆိုရင် အသက်ကြီးပိုင်းနဲ့ ကလေးတွေပဲကျန်တယ်။ အကုန်ဖမ်းဆီးခေါ်သွားပါတယ်။ ညီမ အမျိုးသားနဲ့ ညီမအစ်ကိုလည်း ဖမ်းဆီးခံရတဲ့အထဲမှာ ပါသွားတယ်။ ဘေးပတ်ဝန်းကျင်က နေအိမ်က လူတွေ အကုန်ဖမ်းသွားပါတယ်။ ညီမတို့ ရပ်ကွက်က ဆိုရင် အယောက် ၁၀၀ကျော် ပါသွားပါတယ်။ ညီမတို့ ရပ်ကွက်က အမျိုးသမီးတစ်ယောက်လည်း ပါသွားတယ်”ဟုပြောသည်။

စစ်ကောင်စီတပ်က မင်းဂံ ရပ်ကွက်ကို စစ်ကား အစီးအရေ ၁၀ ကျော်နှင့် ဝင်ရောက်လာခြင်းဖြစ်ပြီး အကွက် ၉ နှင့် အကွက် ၁၀ တွင် စစ်ကားများကို ချထားကာ တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း မျက်မြင်များက Western News ကို ပြောသည်။

“အကုန် စစ်ယူနီဖောင်းနဲ့ပါ။ စစ်ကား ၁၀စီး လောက်ရှိမယ်။ ၁၂ နာရီခွဲလောက်မှာ မင်းဂံ ရပ်ကွက်ကို ဝင်တာပါ။ အကွက် ၉ကို ဝင်တယ်။ ပြီးတော့ အကွက် ၁၀ ကို ဝင်စစ်ပါတယ်။ ပြီးတော့ အကွက် ၈ ကို ဝင်စစ်ပြီးတော့ အမျိုးသားတွေကို အကုန် ကားပေါ်တင်ပါတယ်။ ပြီးတော့ ခေါ်သွားတယ် “ဟုပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သည့် လူငယ်အများအပြားပါဝင်ကာ အသက် ၁၃နှစ်မှ စ၍ အသက် ၅၀ ကျော် အမျိုးသား ၂၀၀ ကျော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖမ်ဆီးသွားသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည့်ကို မသိရှိရကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သည့် နောက်ထပ် အမျိုးသမီးတစ်ဦးက ပြောသည်။

“အိမ်ထောင်စု စာရင်းစစ်တယ်လို့ ပြောတယ်။ ဒါပေမယ့် အစ်မတို့ အိမ်ထောင်စု စာရင်းပြရင်လည်း ဖမ်းတာပါပဲ။ အစ်မ အဖေရော၊ မောင်လေးရော အမျိုးသားပါ အားလုံးဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘယ်ကို ခေါ်သွားမှန်း လက်ရှိအချိန် အထိ မသိရသေးဘူး”ဟုပြောသည်။

လူပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံရသည့်ထဲတွင် အသက် ၂၁ နှစ်အရွယ် မင်းဂံ အကွက် ၉ က အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး ကျန်သူများအားလုံးမှာ အမျိုးသားများ ဖြစ်ကြောင်း မင်းဂံရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

မင်းဂံရပ်ကွက်တွင် နေထိုင်သူများ၏ ပြောဆိုချက် အရ ယနေ့ ဇွန် ၁၆ ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး အရပ်သားများအား ဖမ်းဆီးလာနိုင်သေးကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ဖမ်းဆီးခံရသူများမှာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်၊ အုန်းရေဖော် စသည့် ကျေးရွာသားဖြစ်ပြီး မကြာသေးခင်က မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွေ့နေထိုင်နေသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှာ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး ယင်းကျေးရွာများမှ ကျေးရွာသားများကို အခြားနေရာသို့ ပြောင်းရွှေ့ထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ် ပြန်ထားခြင်း ဖြစ်သည်။

ပုံစာ – ၂၀၂၂ ခုနှစ်၊ ရခိုင်စစ်ရေးကာလ စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများအား ဖမ်းဆီးသွားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ -CJ)

မနေ့က တောင်ကုတ်မြို့ တိုက်ပွဲအတွင်း စကခ (၅)မှ ဗိုလ်ကြီး အောင်ဇော်ထွန်း ကျ

Western News| ဇွန် ၁၆

ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အာရက္ခတပ်တော် AAနှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး အောင်ဇော်ထွန်း ကျသွားကြောင်း ခိုင်လုံသည့် စစ်ရေး သတင်းရင်းမြစ်အရ သိရသည်။

ဇွန် ၁၅ရက်နေ့ ည ၈နာရီအချိန်ခန့်က တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့ကြောင်း တောင်ကုတ်မြို့ခံများက Western News ကိုပြောသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ က ညတိုက်ပွဲမှာ စကခ၅ က တပ်ထောက်ဗိုလ်ကြီး အောင်ဇော်ထွန်းကျတယ်။ တောင်ကုတ်မြို့ ချောင်းကောက်ရပ်ကွက်မှာ ထိတွေ့မှုဖြစ်ကြတာပါ။ ပုံမှန်ထင်ပြီးတော့ ဗိုလ်ကြီး အောင်ဇော်ထွန်း အပါအဝင် တပ်သား ၇ ယောက်နဲ့ သွားကြတာပါ။ အဲ့ဒီမှာ ဟိုဖက်နဲ့ ပစ်ခတ်မှု ဖြစ်ပြီးတော့ သေဆုံးသွားတာပါ “ဟုပြောသည်။

ဗိုလ်ကြီး အောင်ဇော်ထွန်းသည် ပြီးခဲ့သည် ၂၀၁၉ ခုနှစ်ကစ၍ တောင်ကုတ်မြို့သို့ တာဝန်ကျလာခြင်းဖြစ်ပြီး တောင်ကုတ် စကခ ၅ တွင် တပ်ထောက်ဗိုလ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၅၊ ခမရ ၅၄၄နှင့် မခရ ၃၄၆ တပ်ရင်းတို့ရှိပြီး ယင်းတပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

တောင်ကုတ် မြို့ခံတစ်ဦးက “တပ်မ က ကိုယ့်အရာရှိ ကျလို့ တစ်လျောက် လက်နက်ကြီးတွေ ရမ်းသမ်း ပစ်နေတယ်။ တိုက်ပွဲဖြစ်တာက ညက ဖြစ်စဥ်က ည ၈နာရီလောက်ဖြစ်တာ တက္ကသိုလ်အနောက်ဘက်ရော၊ ဂရုဏာ ဆည်အနီးမှာလည်းထိတွေ့တိုက်ဖြစ်တာ။ အရပ်သားတွေ ထိခိုက် သေဆုံးမှုမသိရသေးဘူး။ ထွက်ပေါက်တွေအားလုံး လမ်းတွေ အားလုံးကို စစ်တပ်က ပိတ်ထားလိုက်ပြီ “ဟုပြောသည်။

ဇွန်လ ၁၅ ရက် နေ့လယ် ၂ နာရီကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်၊ ကင်းတောင် ကျေးရွာများဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တောင်ကုတ်ဒေသခံတစ်ချို့ ထိခိုက်သေဆုံးမှုများရှိသော်လည်း Western News အနေဖြင့် သီးခြား အတည်ပြု၍ မရရှိသေးပေ။ တောင်ကုတ်မြို့ သင်ချီကိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးနှင့် ၎င်း၏ မိခင်တို့မှာ လက်နက်ထိမှန်၍ သေဆုံးသွားကြောင်း အမည်မဖော်လိုသည့် တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအားလုံးကို AA က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီနှင့် AA တို့က တောင်ကုတ်-ပဲခူးလမ်းကို ပိတ်ထားကာ မြို့အဝင်လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း သိရသည်။

သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လက်ရှိတွင် စစ်ရှောင် ၂၅,၀၀၀ ခန့်သည် အလှူရှင်များလိုအပ်နေ

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ရခိုင်ပြည် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်ရှိနေသည်။
ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့သည်။

video

၄ လအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို သတ်ဖြတ်

0

(ရခိုင်မှာ မေ၊ ဇွန် ပထမပတ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသူ ၁၂၂ ဦး ကျော်ရှိ)

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လအတွင်း အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတစ်ဝှမ်း အစုလိုက်အပြုံလိုက် လူ ၃၆၉ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ဇွန်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၄ လတာ ကာလအတွင်း စစ်ကောင်စီ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် ဖြစ်စဉ်ပေါင်း ၄၆ ကြိမ်ရှိပြီး အရပ်သားသေဆုံးသူ ၃၆၉ ဦးရှိခဲ့သည်ဟု ဉာဏ်လင်းသစ်အဖွဲ့က ဆိုသည်။

၎င်းတို့အပေါ် စစ်ကောင်စီသည် လေကြောင်းအသုံးပြုခြင်း၊ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတပြိုင်တည်း အသုံးပြုအပြင် အခြားသော ပုံစံများဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုူများကို ကျူးလွန်ခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် အရပ်သား ၃၆၉ ဦးမှာ ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ မကွေး၊ ပဲခူး၊ မန္တလေး ဒေသများက အပြစ်မဲ့အရပ်သားပြည်သူများဖြစ်ကြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်ကစ၍ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ မြန်မာစစ်တပ် (စစ်ကောင်စီ) အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော အရပ်သားအရေအတွက်မှာ ၂၄၉၀ ဦးရှိခဲ့သည်။

အဆိုပါ သေဆုံးအရပ်သား ၂၄၉၀ ဦးထဲက တစ်ဝက်နီးပါးရှိသည့် အရပ်သား ၁၁၉၅ ဦးမှာ စစ်ကိုင်းတိုင်းဒေသအတွင်းက အပြစ်မဲ့ပြည်သူများဖြစ်ကြောင်း ဉာဏ်လမ်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်မှာ ၂၀၂၄ ခုနှစ်၊ မေလနှင့် ဇွန်လ ပထမအပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းနှင့် ပေါင် ၅၀၀ ဗုံးတို့ကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသူ ၁၂၂ ဦးကျော်ရှိကြောင်း Western News ၏ မှတ်တမ်းများအရ သိရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသူများမှာ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက အပြစ်မဲ့အရပ်သား ၇၈ ဦး၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာက ၁၄ ဦး၊ နတ်တောင်မော်ရွာက ၉ ဦး၊ လင်းသီ/ရွှေလှေရွာက ၁၃ ဦး၊ ခမောင်းတုန်း/အောက်နတ်မော် ၂ ဦး၊ မောင်တော ၆ ဦးတို့ ဖြစ်ကြသည်။

စစ်ကောင်စီသည် ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသော အရပ်သားနေ မြို့၊ ရွာ ဒေသများကို လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းတို့ကို နေစဉ်ပြုလုပ်နေသည်။

ပုံစာ – စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်က အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသော မြောက်ဦးမြို့နယ်က မိသားစုတစ်စု။ (ဓါတ်ပုံ – CJ)

တောင်ကုတ်မှာ စစ်ကောင်စီနှင့် AA စစ်ရေးတင်းမာ၊ ယနေ့ စစ်ကောင်စီက ဗုံးကြဲနေ

0
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ဓါတ်ပုံ - CJ)
ပုံစာ - တောင်ကုတ်မြို့ထဲတစ်နေရာ။ (ဓါတ်ပုံ - CJ)

(တောင်ကုတ်မြို့က ပြည်သူများ လွတ်မြောက်နယ်မြေသို့ သွားခိုလှုံရန် AA တိုက်တွန်းထား)

ရခိုင်ပြည် တောင်ကုတ်မြို့အနီးတွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တပ်ဖွဲ့များကြား နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိပြီး ရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားရန် အလားအလာရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

AA က သံတွဲမြို့ကို သိမ်းပိုက်နိုင်ရန် ၃ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ၄၅ မိုင်ခန့်ဝေးကွာသော တောင်ကုတ်မြို့က စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို ဝိုင်းရံပိတ်ဆိုထားကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” AA က တောင်ကုတ်ကို ပိတ်ဆို့ထားတာ တစ်ပတ်လောက်ရှိနေပြီ။ သံတွဲဘက်မှာ ထိုးစစ်ဆင်နေပြီးတော့ တောင်ကုတ်မြို့ကို ပိတ်ဆိုလိုက်တာပေါ့၊ လိုအပ်ရင် တပြိုင်တည်း စစ်မျက်နှာဖွင့်နိုင်တယ်။ တောင်ကုတ်-ရန်ကုန် သွားတဲ့ လမ်းတွေကနေ စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေ သယ်ယူနေတာ။ အခုတော့ AA က ပိတ်လိုက်ပြီဆိုတော့ သူတို့ သွားလို့ မရတော့ဘူး။ ” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည်အတွင်း မြို့နယ်တိုင်းတွင် ကုန်းလမ်း၊ ရေလမ်းအားလုံးကို စစ်ကောင်စီက ပိတ်ပင်ခဲ့သော်လည်း တောင်ကုတ်-ရန်ကုန်လမ်း၊ ဂွ-ဧရာဝတီလမ်းပိုင်းကို နှစ်ကုန်ပိုင်းက ပြန်လည်ဖွင့်ပေးခဲ့သည်။

ယင်းကာလ ရခိုင်မြောက်ပိုင်း စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီသည် တောင်ပိုင်းမြို့များက တပ်ရင်းများကို လက်နက်ခဲယမ်းနှင့် တပ်အင်အားများကို အလုံးအရင်းဖြင့် ဖြည့်တင်းခဲ့ပြီး အထူးသဖြင့် တောင်ကုတ်နှင့် သံတွဲမြို့ကို ဖြည့်တင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများအားလုံးကို AA က ဝိုင်းရံပိတ်ဆို့ထားသည့်အပြင် တောင်ကုတ်-ပဲခူးလမ်းကို ပိတ်ထားလိုက်ပြီး နှစ်ဖက် စစ်ရေးတင်းမာနေကြသည်။

နောက်ထပ် မြို့ခံတစ်ဦးက ” ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး စစ်ကောင်စီ တောင်ကုတ်တပ်တွေက ပစ်တဲ့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ AA က မြို့အနီးကို ချဉ်းကပ်လာပြီး ဝိုင်းရံပိတ်ဆို့ထားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်တွေက ယမ်းသပ်ပစ်ခတ်နေတယ်။ ရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်နိုင်တဲ့ အလားအလာရှိနေတယ်။ AA က ပြောတာထားကြာပြီလေ။ စစ်ကောင်စီရှိတဲ့ နေရာတွေ၊ မြို့တွေအားလုံးကို တိုက်မယ်တာ။ ” ဟု ပြောသည်။

ယနေ့ ဇွန်လ ၁၅ ရက် နေ့လယ် ၂ နာရီကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တောင်ကုတ်မြို့အနီး မီးချောင်းထိုး၊ မောင်းကန်၊ ကင်းတောင် ကျေးရွာများဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်ကို မသိရသေးပေ။

တောင်ကုတ်မြို့တွင် စစ်ကောင်စီ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅)၊ ခမရ ၅၄၄ နှင့် မခရ ၃၄၆ တပ်ရင်းတို့ရှိပြီး စစ်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းကစ၍ အင်အားအများအပြားဖြည့်ထားကြောင်း သိရသည်။

တောင်ကုတ်မြို့အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့များက ဒေသခံပြည်သူလူထုများအနေဖြင့် လွတ်မြောက်နယ်မြေ သို့မဟုတ် အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေသို့ သွားရောက်ခိုလှုံကြရန် ပြီးခဲ့သည့်နှစ်လခန့်ကစ၍ AA က ထုတ်ပြန်ချက်တမျိုး၊ အင်အာဗျူးများတွင်တမျိုး ပြောဆိုအသိပေးနေသည်။

ပုံစာ – တောင်ကုတ်မြို့ထဲတစ်နေရာ။ (ဓါတ်ပုံ – CJ)