Western News
Home Blog Page 58

သံတွဲမှာ တိုက်ပွဲကြောင့် လူဦးရေ တစ်သောင်းခန့် နေရပ်စွန့်ခွာ

0
ပုံစာ- တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် သံတွဲဒေသခံများအားတွေ့ ရစဉ်။ ဓါတ်ပုံ- CJ

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ‌AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယနေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေသည်။

ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။ တိုက်ပွဲက ဒီနေ့ အရမ်းပြင်းထန်တယ်” ဟု ပြောသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်း မရောက်မီ ရှိသော ကျေးရွာများမှာ ရွှေလှေချောင်း ထိုဘက်ကမ်းတွင် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်းတို့ရှိပြီး ရွှေလှေဘက်ကမ်းတွင် ရွှေလှေ၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်၊ ရှင်စောပြင် စသည့် ကျေးရွာများ ရှိကြသည်။

ယင်းကျေးရွာများထဲမှ ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ယနေ့ ဧပြီလ ၂၆ ရက်တွင် ယခင်ရက်ထက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

နံနက် ၆ နာရီကျော်အချိန်က စ၍ တိုက်ပွဲများပြင်းထန်နေပြီး သံတွဲမြို့နယ်ရှိ မောင်ရွှေလေး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သံတွဲဒေသခံတစ်ဦးက ပြောသည်။

“သံတွဲမှာ တိုက်ပွဲက ၂၂ ရက်နေ့က စတာပေါ့နော်။ ဒီနေ့မှာတော့ တိုက်ပွဲက အရမ်းပြင်းထန်နေတယ်လို့ သိရတယ်။ မောင်ရွှေလေးရေတပ်က နံနက် ၇ နာရီကနေစပြီး အခုအချိန်အထိကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာ။ သံတွဲမြို့ပေါ်ကတောင် ကြားရတယ်။ လက်နက်ကြီးအသံက အခုထက်ထိ ကြားနေရတုန်းပဲ။ ဒေသခံတွေကတော့ စိုးရိမ်ကြတာပေါ့” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် သံတွဲမြို့က တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရေတပ်တို့တွင် လက်နက်အင်အား၊ လူအင်အားကို ပိုမိုအားဖြည့်ထားပြီး AA ၏ ထိုးစစ်ကို ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံကာကွယ်နေကြောင်း သိရသည်။

သံတွဲစစ်ရေးစောင့်ကြည့်နေသူတစ်ဦးက ” ဇက်သင်္ဘောနဲ့ သယ်လာတဲ့ တင့်ကား နှစ်စီး သံတွဲမြို့က စစ်ကောင်စီ တပ်ရင်းတစ်ခုကို ရောက်နေတယ်။ ဧပြီလ ၂၃ ရက်နေ့က ရေတပ်အကူအညီနဲ့ ပို့လိုက်တာ။ သံတွဲမြို့နယ်မှာ တိုက်ပွဲ ပိုမိုပြင်းထန်လာမယ်လို့ သုံးသပ်ရပါတယ်။ ဒေသခံတွေအနေနဲ့ အတတ်နိုင်ဆုံး တိုက်ပွဲနဲ့ ဝေးရာကို တိမ်းရှောင်ကြဖို့ အကြံပြုပါတယ်။ ” ဟု ပြောသည်။

သံတွဲတိုက်ပွဲ ၅ ရက်တာအတွင်း စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးကြောင်း သတင်းထွက်ပေါ်နေသလို ပြင်းထန်ဒဏ်ရာရသည့် စစ်ကောင်စီတပ်သား ၆ ဦးကိုလည်း သံတွဲဆေးရုံ၌ ဆေးကုသမှု ခံယူနေရာမှ ယနေ့ နံနက်က ရန်ကုန်မြို့သို့ ရွှေ့ပြောင်းသွားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်မည်ဖြစ်ပြီး လက်နက်ချအညံ့မခံသော စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့များအားလုံးကို တိုက်ခိုက်သွားမည်ဟု AA က ပြောဆိုထားသည်။

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

1
ပုံစာ - ရခိုင်ပြည် ဘူးသီးတောင်မြို့ က နယ်စည်းမခြားဆရာဝန်များ ရုံးခန်းနှင့် ဆေးပေးခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က မွတ်ဆလင်အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။ (ဓါတ်ပုံ - MSF)

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏ ဇာတ်ကောင်ထဲတွင် ပစ်မှတ်ထားခံနေရပြီး နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားရန် ခွင့်မပြုသင့်ကြောင်း၊ စစ်အာဏာရှင်အား တော်လှန်နေသော အာရက္ခတပ်တော် AA ကို မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်ပြီး လက်ရှိလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် တန်းတူထား ပြောဆိုခြင်း၊ ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်ခံနေရသည်ကို မျက်ကွယ်ပြုပြီး မွတ်ဆလင်များသာ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်ဟု ပြောဆိုခြင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကျူးလွန်နေသည့် လုပ်ရပ်များကို ရခိုင်လူထုသို့ အပြစ်ပုံချထားခြင်း စသည့်အချက်များပါဝင်သည်။

Turk ၏ ပြောဆိုချက်များထဲတွင် အချက်အလက်အားဖြင့် မှားယွင်းနေခြင်း၊ ဘက်လိုက်သော စွပ်စွဲချက်များအပြင် အဖြစ်မှန်ကိုဖုံးကွယ်ရန် ကြိုးစားခြင်းများနှင့် ပြည့်နှံ့နေသည်ကို အာရက္ခတပ်တော် AA က ယခုလို တုန့်ပြန်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ညတွင် ထုတ်ပြန်ထားသည်။

■ ARSA, ARA, RSO အကြမ်းဖက်အဖွဲ့များ ကျူးလွန်နေသည့်ကိစ္စ

“ရက္ခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင် ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသော ဆုံးရှုံးမှုကိုပေးဆပ်နေရပြီး၊ ‘မွတ်ဆလင်များ” သည် ပို၍အန္တရာယ်ကျရောက်နေသည်ဟု Turk က ပြောဆိုခဲ့သည်။

ထိုပြောချက်ကို AA က  “အဖွဲ့အစည်းများစွာ’ ဟူသည်ကို ကော်မရှင်နာအနေဖြင့် ပို၍ ထင်ရှားစွာ ဖော်ပြရန် လိုအပ်သည်ဟု ဆိုသည်။ ယခင်စစ်ပွဲများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားသာ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများဖြစ်သော်လည်း ယခုတစ်ခုကြိမ်တွင် စကစ အာဏာပိုင်များ၏ ပြဿနာဖန်တီးမှုကြောင့် မွတ်ဆလင်အစွန်းရောက်အဖွဲ့များဖြစ်သော ARSA (Arakan Rohingya Salvation Army), ARA (Arakan Rohingya Army), RSO (Rohingya Solidarity Organization) မွတ်ဆလင်လက်နက်ကိုင်များ ခေါင်းထောင်ပေါ်ထွက်လာပြီး၊ အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်သာ ပို၍ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန်အရေးကြီးကြောင်း AA က ပြောသည်။

တဖက်တွင် စစ်ပွဲ၏ ဒါဏ်ကို ခံစားရသူများထဲတွင် မွတ်ဆလင်အသိုင်းအဝိုင်းကိုသာ ပိုအလေးပေးဖော်ပြထားခြင်းသည်လည်း တခြားသော ဒုက္ခခံစားနေကြရသူများအား လစ်လျူရှုရာရောက်သည်။

မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ တကျော့ပြန်စစ်ပွဲများ စတင်သည်မှ မတ်လ ၂၁ ရက်နေ့အထိ စစ်ပွဲကြောင့်သေဆုံးသူ ၁၇၉ ဦး၊ ဒါဏ်ရာရာသူ ၄၆၈ ဦးတို့ရှိပြီး ယင်းအထဲတွင် မွတ်ဆလင် ၂၅ ရာခိုင်နှုန်း အောက်တွင်သာရှိပြီး ရခိုင်နှင့် တခြားလူမျိုးစုများမှာ ၇၀ ရာခိုင်နှုန်းအထက်ရှိသည်။ ဤသည်မှာ စစ်ကောင်စီမှ မွတ်ဆလင်များထက် ရခိုင်လူမျိုးများကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုနည်းအတူပင် “၁၀၂၇ အော်ပရေးရှင်း” စတင်သည်မှ ယခု ဘူးသီးတောင်နယ်တိုက်ပွဲမပြင်းထန်မီအချိန် မတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲများကြောင့် ထွက်ပေါ်ခဲ့သော စစ်ဘေးဒုက္ခသည် IDP အရေအတွက် သုံးသိန်း (၃၀၀,၀၀၀) ကျော်တွင် မွတ်ဆလင်အရေအတွက် ၁၅ ရာခိုင်နန်းသာပါဝင်ပြီး ၈၅ ရာခိုင်နှန်းမှာ ရက္ခိုင်လူမျိုးများနှင့် မွတ်ဆလင်မဟုတ်သော ကျန်ဒေသခံလူမျိုးများသာဖြစ်၍ ကုလကော်မရှင်နာ၏ ထိုကဲ့သို့ ညွှန်းဆိုချက်သည် မြေပြင်ပကဓိ အခြေအနေ၊ အချက်အလက်များနှင့် လွဲချော်နေပြီး တဖက်သက် ဘက်လိုက်မှုသာ ဖြစ်နေသည်ဟု AA က ပြောသည်။

■ အကြမ်းဖက်မှုကျူးလွန်နေသော စစ်ကောင်စီနှင့် AA ကို တန်တူထား မပြောဆိုသင့်

“ပို၍ အခြေအနေဆိုးနေသည်မှာ မွတ်ဆလင်များအား ၂၀၁၇ တွင် အဖွဲ့အစည်းတစ်ခုတည်းမှသာ ဦးတည်တိုက်ခိုက်ပြီး ယခုအချိန်တွင် မွတ်ဆလင်များအား သတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စုနှစ်ခုကြားတွင် ပိတ်မိနေပေသည်။ ကျနော်တို့ အနေဖြင့် မွတ်ဆလင်များကို နောက်တစ်ကြိမ် ဦးတည်တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ”ဟု Turk ၏ ပြောဆိုချက်ကို AA က ယခုလို ပြန်တုန့်ပြန်သည်။

Turk ၏ ပြောဆိုချက်မှာ “လက်နက်ကိုင် အုပ်စုနှစ်ခု’ ဟူသည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်ဆန့်ကျင် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော် AA နှင့် တစ်ကမ္ဘာလုံးနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအား ဖိနှိပ်သတ်ဖြတ်နေသော ဖက်စစ် ‘စစ်ကောင်စီတပ်’ တို့ကို ရည်ညွန်းသည်ဟု ထင်ရပြီး အာရက္ခတပ်တော်နှင့် ဖက်စစ်စစ်တပ်အား ထိုကဲ့သို့ ‘ကျင့်ဝတ်ဂုဏ်သိက္ခာအရ’ တစ်တန်းတည်းထား ပြောကြားခြင်းသည် လွန်စွာလွဲမှားသော စဉ်းစားချက်ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ရက္ခိုင်လူမျိုးများအပါအဝင် ရခိုင်ဒေသရှိ မွတ်ဆလင်များကို လူမျိုးရေး၊ ဘာသာရေးအရ ပစ်မှတ်ထားကာ အပြစ်မဲ့ပြည်သူများအား ရာထောင်ချီအောင် သတ်ဖြတ်ခဲ့သော အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများထဲတွင် ၂၀၁၇ ခုနှစ်က အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ယနေ့တိုင် ‘နိုင်ငံတကာရာဇဝတ်ရုံး’ (ICJ) တွင် “လူမျိုးတုံးသတ်ဖြတ်မှု’ စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိကာလတွင်လည်း ICJ မှ ချမှတ်ထားသော “ကြားဖြတ်အမိန့်များ’ (provisional measures) ကို လိုက်နာရန် ပျက်ကွက်နေသည့်အပြင် မွတ်ဆလင်များအား ပစ်မှတ်ထား သတ်ဖြတ်နေဆဲလည်းဖြစ်သည်။

တဖက်တွင် အာရက္ခတပ်တော် AA သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့် အပြစ်မဲ့ မွတ်ဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ယခုနှင့် နောက်နောင်တွင်လည်း မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်အတွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA က ပြောသည်။

ထို့အပြင် ကုလကော်မရှင်နာ၏ ပြောကြားချက်ထဲတွင် ARSA, ARA, RSO ကဲ့သို့ အစွန်းရောက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ရက္ခိုင်၊ မွတ်ဆလင်နှင့် လူနည်းစု ပြည်သူများအား သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို ဖော်ပြမထားသည်မှာလည်း အံ့ဩဖွယ်ဖြစ်သော လိုအပ်ချက်ဖြစ်ကြောင်း AA က တုန့်ပြန်သည်။

ရခိုင်ပြည်မြောက်ဘက်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် ဆက်စပ်နယ်မြေတစ်ဝိုက်၏ လက်ရှိအခြေနေမှာ ARA, ARSA, RSO တို့အပြင် တစ်ခြားသော ဒေသခံလက်နက်ကိုင် မူးယစ်ဂိုဏ်များမှ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ အမြဲဖြစ်ပျက်နေပြီး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လျှက်ရှိနေသည်ဟု ဆိုသည်။

ဘူးသီးတောင်က နေအိမ်များ မီးရှို့ခံရခြင်း ကိစ္စ

“စစ်ကောင်စီသည် မွတ်ဆလင်လက်နက်ကိုင် (သို့) ရွာသားများကို ရခိုင်အိမ်၊ အဆောက်အုံ (သို့) ရွာအားများမီးရှို့ရန် တွန်းအားပေးသည်ဟု တချို့ရေးသားချက်များမှ ဆိုသည်။ တဖက်တွင် ရခိုင်လူမျိုးရွာသားများသည်လည်း ထိုကဲ့သို့ပင် မွတ်ဆလင်ရွားများကို မီးရှို့ခြင်းအားဖြင့် တုန့်ပြန်သည်ဟု စွပ်စွဲပြောဆိုကြသည်” ဟု Turk က စွပ်စွဲထားသည်။

MSF ရုံး မီးရှို့ခံရစဉ်

Turk ၏ ပြောကြားချက်သည် အမှားနှင့် အမှန်ကို ရှုပ်ထွေးစေပြီး မွတ်ဆလင်လက်နက်ကိုင်များ၊ ရွာသားများကို ရခိုင်လူမျိုးများ၏ အိမ်၊ အဆောက်အအုံနှင့်ရွာများကို စစ်ကောင်စီအာဏာပိုင်များမှ မီးရှို့ရန် တိုက်တွန်းပြောကြားချက်မှာ မှတ်တမ်းတင်ထားချက်များအရ မှန်ကန်ရုံမျှမက ဧပြီ ၁၈-၁၉ ရက်နေ့တွင် အစွန်းရောက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA, ARA, RSO တို့၏ ရောယှက်ရှုပ်ထွေးနေသော တပ်ဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များမှ MSF ရုံးအပါအဝင် ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်အိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ဂိုဒေါင်များအား ဖောက်ထွင်းလုယက်ခိုးယူခြင်းတို့မှာ ထင်ရှားသော သက်သေဖြစ်သည်ဟု AA က ပြောသည်။

ယင်းမတိုင်မီ ဧပြီလ ၁၂ ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်၌ အပြစ်မဲ့ ရခိုင်လူငယ်နှစ်ဦးကို လည်လှီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်တို့ကို Turk က ဖော်ပြထားခြင်းလည်း မရှိပေ။ တဖက်တွင် ရခိုင်လူမျိုးများမှ မွတ်ဆလင်ရွာများကို မီးရှို့တုန့်ပြန်ခဲ့သည်ဟူသည့် ဖြစ်ရပ်မှာလည်း မည်သည့် နေရာမှာမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ၊ သက်သေ အထောက်အထားမရှိဘဲ ကော်မရှင်နာ၏ စိတ်ကူးယဉ် မှားယွင်းစွာ ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း AA က ပြောသည်။

Turk က အထင်အမြင်လွဲမှားပြီး သတင်းအမှားကို ယုံကြည်လက်ခံနေခြင်း

“ကော်မရှင်နာမှ သတင်းတုနှင့် ဝါဒဖြန့်မူများသည် ကြီးမားစွာဖြစ်ပေါ်နေပြီး၊ ‘အစ္စလာမ်မစ် အစွန်းရောက်များ’ မှ ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များကို ဓါးစာခံဖမ်းထားတယ် ဟူသည့် ကိစ္စအား ရည်ညွန်းပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၂ဝ၁၂ ခုနှစ် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုနှင့် ၂ဝ၁၇ ခုနှစ် မွတ်ဆလင်များကို ဆိုးရွားပြင်းထန်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သော အမုန်းစကားမျိုးဖြစ်စေသည်။” ဟု Turk က ပြောသည်။

Turk ၏ ပြောကြားချက်သည် ၂၀၁၂ နှင့် ၂၀၁၇ အကြမ်းဖက်မှု ပဋိပက္ခအခြေအနေများနှင့် ယခုလက်ရှိ အခြေအနေများကို အတူတူဖြစ်နေသည်ဟု မှားယွားစွာ ယုံကြည်မှုများမှ မြစ်ဖျားခံလာပုံရသည်။ အခြေအနေအမှန်ကို နားလည်ရန် လိုအပ်သည်မှာ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ရသည်မှာ ယခု အကြမ်းဖက် စစ်ကောင်စီဖြစ်သော မြန်မာစစ်တပ်မှ ရခိုင်ပြည်ရှိ မတူညီသော လူမျိုး၊ ဘာသာများကြား ရန်တိုက်ကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးဖမ်းခဲ့သောကြောင်းဖြစ်သည်။ 

သို့သော် ULA အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် အုပ်ချုပ်ရေးယန္တယားများကို စတင်ထူထောင်သည်မှစ၍ ဒေသတွင်း မတူညီသော လူမျိုး၊ ဘာသာများကြား လူမှုသဟဇာတဖြစ်စေသော လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အုပ်ချုပ်ရေးယန္တယားအတွင်း ဒေသခံမွတ်ဆလင်များအား ပါဝင်စေခြင်းနှင့် ကိုဗစ်-၁၉ (Covid-19) နှင့် မိုခါဆိုင်ကလုန်း (Mocha Cyclone) ကဲ့သို့ အရေးပါ် ကျန်းမာရေး၊ သဘာဝဘေးကာလများတွင်ပါ ကျောသားရင်သား မခွဲခြားဘဲ ကူညီကယ်ဆယ်ခြင်းတို့ကို တစိုက်မက်မက် လုပ်ဆောင်ခဲ့ပေသည်။

ထို့ကြောင့် ယခုကာလတွင် စစ်ကောင်စီနှင့် အစွန်းရောက် အကြမ်းဖက်မွတ်ဆလင်အုပ်စုများမှ မည်သို့ပင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်သော လှုံဆော်အကြမ်းဖက်မူများကို ဦးတည်ပြုလုပ်နေပါစေ ၎င်းတို့ ရည်မှန်းအချက်အတိုင်း အထမမြောက်လာနိုင်ကြောင်း AA က ကတိပေးပြောဆိုထားသည်။

ဘူးသီးတောင်မြို့ထက်တွင် ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ARSA, ARA ကဲ့သို့ အကြမ်းဖက်အုပ်စုများမှ ပြန်ပေးဆွဲ ဓါးစာခံပြုလုပ်ထားသည့် လုပ်ရပ်သည် အလွန်တရာ အကျဉ်းတန်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် လူပေါင်း ၂၀၀၀ ကျော်၏ အသက်ကိုငဲ့ညာသော စကားတစ်ခွန်းမှ Turk က မပြောခဲ့သည်မှာ လွန်စွာ ကိုယ်စားစာနာမှုအားနည်းသော ခွဲခြားဆက်ဆံသော လုပ်ရပ်ဖြစ်ကြောင်း AA က ဆိုသည်။

စစ်ကောင်စီ ကျူးလွန်သည့်လုပ်ရပ်ကို ရခိုင်လူထုအား အပြစ်ပုံမချရန်

လက်ရှိကာလ ရခိုင်ပြည် စစ်ရေး၊ နိုင်ငံရေး အခြေအနေများသည် အလွန်တရာ အတိမ်းအစောင်းမခံနိုင်သော ကာလဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ သက်ဆိုင်သူများအနေဖြင့် မြေပြင်အခြေအနေမှန်များကို သတိထား ဆင်ခြင်သုံးသပ်ရန် ရေးကြီးသည်။ မလိုလားအပ်သော ပြောဆိုရေးသားချက်များကြောင့် ပြည်သူလူထုကြားတွင် ပွတ်တိုက်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း AA က ပြောသည်။

ကုလကော်မရှင်နာ Turk ၏ ပြောကြားချက်များသည် မွတ်ဆလင်နှင့် မွတ်ဆလင်မဟုတ်သော အသိုင်းအဝန်းကြားတွင် ပို၍ အထင်မြင်လွှဲမှားမှုများ အမုန်းတရားများကို ဖြစ်စေသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ရက္ခိုင်လူ့အဖွဲ့စည်းအား ချို့နှိမ့်ဆက်ဆံစေသော အမြင်များကို ဖြစ်စေကြောင်း AA က ပြောသည်။

အာရက္ခတပ်တော် AA မှ ဦးဆောင်ပါဝင်နေသော နိုင်ငံအနှံ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အခန်းကဏ္ဍကိုလည်း သေးသိမ်မှေးမှိတ်သွားအောင် လုပ်ဆောင်ရာရောက်ပြီး တစ်နိုင်ငံလုံး၏ စစ်အာဏာရှင် လက်အောက်မှ လွှတ်မြောက်ရေး ကြိုးပမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်းနှင့် အာရက္ခပြည်သူများ၏ ကောင်းကျိုးကို စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်လိုပါက ULA အစိုးရအဖွဲ့နှင့် အပြုသဘောဆောင် ချိတ်ဆက်လုပ်ဆောင်ရန် အရေးကြီးကြောင်း Turk ကို AA က တိုက်တွန်းထားသည်။

ULA/AA အစိုးရအဖွဲ့အနေဖြင့်လည်း အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာဝင် နောက်ခံရှိသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ ကာကွယ်စောင့်ရှောင်သွားမည်ဖြစ်ကြောင်း AA က အသိပေး ပြောကြားထားသည်။

AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ

0
ပုံစာ- ရခိုင်ပြည် ဘူးသီတောင်မြို့တွင် AA အလိုမရှိကြောင်း မွတ်ဆလင်တစ်ချို့က ပြီးခဲ့သည့် ရက်ပိုင်းများက ဆန္ဒပြခဲ့စဉ်
ပုံစာ- ရခိုင်ပြည် ဘူးသီတောင်မြို့တွင် AA အလိုမရှိကြောင်း မွတ်ဆလင်တစ်ချို့က ပြီးခဲ့သည့် ရက်ပိုင်းများက ဆန္ဒပြခဲ့စဉ်

အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။

စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

"မွတ်ဆလင်ရှိတဲ့ စစ်တွေမြို့ထဲက ရပ်ကွက်တွေနဲ့ မြို့အနီး မွတ်ဆလင်ကျေးရွာတွေ အားလုံးမှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဦးဆောင်ပြီး လော်စပီကာနဲ့ အော်နေတာ။ မနက်ဖြန် ၇ နာရီ ရပ်ကွက်ပဲဖြစ်ဖြစ်၊ ရွာမှာပဲဖြစ်ဖြစ် လမ်းမပေါ်မှာ စုနေရမယ်။ ဘယ်အထိ သွားပြီး ဆန္ဒပြမလဲဆိုတာ မနက်ဖြန်မှ ပြောမယ်လို့ အော်နေပါတယ်။ အဓိက AA ကို အလိုမရှိကြောင်းနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြရမယ်လို့ ဖိအားပေးနေတာပါ။ တစ်အိမ်တစ်ယောက်ကျ စုနေရမယ်လို့ ပြောပါတယ်။ အသက် ၁၈ နှစ်နဲ့အထက်ရှိတဲ့ သူတွေပဲ စုနေရမယ်လို့ ပြောပါတယ်။ ကလေးတွေ မပါရဘူးပေါ့။ ဆန္ဒပြဖို့ မလာဘူးဆိုရင် စစ်ကောင်စီတပ်သားတွေက လာပြီး အတင်းခေါ်မယ်လို့ ပြောပါတယ်။ မဟုတ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေပါတယ်" ဟု ပြောသည်။

Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့် စုရပ်မှာ စစ်တွေမြို့ထဲရှိ ဝင်္ကဘာကွင်း၌ပြုလုပ်ပြီး စစ်တွေမြိုထဲ လမ်းလျှောက်ဆန္ဒပြကြမည်ဟု စုံစမ်းရရှိထားသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဘူးသီးတောင်နှင့် စစ်တွေမြို့က မွတ်ဆလင် ရပ်ကွက်/ကျေးရွာအချို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်ကောင်စီက ကြိုးကိုင်ပြီး AA ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှု နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသင်တန်းပေးထားသော အစ္စလာမ္မစ် လက်နက်ကိုင်ဆောင်ထားသူများ၊ ARSA နှင့် ARA အကြမ်းဖက်အဖွဲ့တို့က ဘူးသီးတောင်မြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းများကို ပြုလုပ်လျှက်ရှိနေသည်။

ဘူးသီးတောင်မြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများကို ပိုမိုကြီးထွားစေရန် စစ်တွေမြို့က မွတ်ဆလင်များကို ထပ်မံ၍ အတင်းအဓမ္မဖိအားပေး ဆန္ဒပြခိုင်းနေပြီး နှစ်ဖက်အသိုင်းအဝိုင်းကြား ပိုမိုရှုတ်ထွေးစေသော ပြဿနာများကို စစ်ကောင်စီက ဖန်တီးပုံဖော်နေသည်ဟု အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်ဒေသခံ မွတ်ဆလင် ကျောင်းသားလူငယ်တစ်ဦးက ဝေဖန်ထားသည်။

" ဒါက ကျနော်တို့ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ရခိုင်တိုင်းရင်းသားတွေကြားမှာ ပဋိပက္ခကို ပိုမိုကြီးထွားအောင် စစ်ကောင်စီက မဖြစ်မနေ ယုတ်ညံ့စွာ ပုံဖော်နေတာပါ။ ဘူးသီးတောင်မှာဆိုရင် အတင်းအကျပ် ဆန္ဒပြခိုင်းပြီးတော့ အခု တင်းမာနေကြတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ARSA ကို ကိုင်ပြီး လှုပ်ရှားနေတယ်။ အဲဒီလိုပဲ စစ်တွေမှာလဲ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်ဖြစ်အောင် စစ်ကောင်စီက ကြိုးစားနေတာပါ။ တစ်ဖက်နဲ့တစ်ဖက် စိတ်အမြင်မကြည်အောင်၊ ကတိကအောက်ဖြစ်နေတဲ့ စိတ်ကို ပိုဆွပေးနေတာပါ။ အဓိက အာရက္ခတပ်တော် AA ရဲ့ တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားဖို့အတွက် စူးခလုပ်တစ်ခုဖြစ်အောင် စစ်ကောင်စီက မတရားကြံစည်နေတာပါ။ ဒါကို ကျနော်တို့ မွတ်ဆလင်လူမျိုးတွေက ကြိုသိသင့်ပါတယ်။ စစ်ကောင်စီရဲ့ ဖိအားကို ဘယ်လိုလျှော်လွှားကြမလဲဆိုတာလဲ ပြန်စဉ်းစား သုံးသပ်ဖို့လိုအပ်ပါတယ်။ " ဟု ပြောသည်။

သို့မဟုတ်ပါက အာဏာသိမ်းစစ်ကောင်စီ၏ လှည့်ကွက်အောက်တွင် နှစ်ဖက်အသိုင်းအဝိုင်းကြား မလိုလားအပ်ဘဲ ပြဿနာများပိုမိုကြီးထွားလာကာ ထိခိုက်နစ်နာစေစေသည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြံအစည်ကို နှစ်ဖက်အသိုင်းအဝိုင်းလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရမည်ဟု အဆိုပါ မွတ်ဆလင်လူငယ်က တိုက်တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ဗဟိုအုပ်ချုပ်ရေးအဆင့် အထူးသဖြင့် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ပုံဖော်ဖန်တီးခြင်း မရှိဟု ပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက ပဋိပက္ခဖြစ်စေရန် စည်းရုံလှုံ့ဆော်နေကြောင်း မွတ်ဆလင်များလည်း ပြောသလို ရခိုင်တိုင်းရင်းသားများကလည်း ပြောဆိုနေကြသည်။

စစ်တွေတွင် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုကြောင့် မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံး

0

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း ဒုက္ခသည်ကန့်များနှင့် ကျေးရွာများတွင် ဆေးဝါးပြတ်လပ်မှုကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါ ဖြစ်ပွါးနေ၍ နှစ်ပတ်အတွင်း မွတ်ဆလင် ကလေးငယ် ၈၀ နီးပါး သေဆုံးသွားကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်လောက် စတင်ပြီး  ဝမ်းပျက် ဝမ်းလျှောမှု ဖြစ်ပွားခြင်း ဖြစ်ပြီး  သေဆုံးမှုမှာ အသက် ၁၂ နှစ်အောက်ကလေးများ အများဆုံးဖြစ်ကာ သက်ကြီးပိုင်းတစ်ချို့လည်း ပါဝင်ကြောင်း သေဆုံးစာရင်းကောက်ယူထား သူများက ပြောသည်။

မွတ်ဆလင် အရပ်ဖက် အဖွဲ့အစည်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများတွင် လုပ်ကိုင်နေသူတစ်ဦးက "ကျနော်တို့ သွားပြီးတော့ စာရင်းကောက်ထားတာ သေဆုံးသူ စုစုပေါင်း  ၇၆ ဦးပါ။ အဲ့ဒါက ကျနော်တို့ နှစ်ပတ်အတွင်းမှာ စာရင်းကောက်ထားတာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ လိုက်လို့ မကောက်နိုင်တဲ့ ကျေးရွာတွေ၊ ပြီးတော့ ဒုက္ခသည်စခန်းတွေ ကျန်သေးတယ်။ သေဆုံးမှုက ဒီထက်များနိုင်ပါတယ် " ဟုပြောသည်။

မွတ်ဆလင်ဒုက္ခသည် စခန်းများဖြစ်သည့် အုန်းတောကြီး၊ (တောင်)ကန့်တွင် သေဆုံးသူ ၂၇ဦး၊  ဆေးသမားကြီး ကန့်တွင် ၂၇ ဦး၊ အုန်းတောကြီးချေတွင် ၃ဦး၊ အုန်းတောကြီး (မြောက်) တွင် ၈ ဦး၊ ဒါးပိုင်တွင် ၅ဦး၊  သက္ကေပြင်တွင်  ၁ဦး၊  ဘာဆာရာ စခန်းတွင် ၁ဦး၊ ဘာဆာရာ ကျေးရွာတွင် ၂ဦး၊ ဘုမေတွင် ၂ဦး စုစုပေါင်း ၇၆ တို့ဖြစ်ကြသည်။

ယင်းကဲ့သို့ သေဆုံးမှု မြင့်တက်လာခြင်းသည် စစ်တွေမြို့နယ်အတွင်း မွတ်ဆလင်များကို စစ်ကောင်စီက သွားလာခွင့်များနှင့် ဆေးဝါးများသယ်ယူခွင့်  ဆေးကုသခွင့်ကို ပိတ်ထားမှုကြောင့် သေဆုံး ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အပြင် မွတ်ဆလင်ကျေးရွာများနှင့် ဒုက္ခသည့်ကန့်များတွင် လက်ရှိမှာ စားဆေး၊ ထိုးဆေးများ အားလုံးပြတ်တောက်မှုနှင့် ကြုံနေရပြီး  ဆေးပေးခန်းများကိုလည်း စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်များကို တားမြစ်ထားသည်။

သေဆုံးသူ ၂၇ဦးနှင့် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားသူ အများအပြား ရှိနေပြီး ဆေးဝါးများလည်း ပြတ်တောက်နေကြောင့် အုန်းတောကြီး၊ (တောင်)ကန့်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက  Western News ကို ပြောသည်။

"ဝမ်းပျက် ဝမ်းလျှော ဖြစ်တာကတော့ နည်းနည်း ကြာပါပြီ။ သေဆုံးမှုကတော့ နှစ်ပတ်လောက် ရှိပြီ။ ကျနော်တို့ စခန်းမှာဆိုရင် နှစ်ပတ်အတွင်းမှာ သေဆုံးတာ ၂၇ ယောက်တောင် ရှိနေပြီ။ တစ်ချို့ဆိုရင် ပိုက်ဆံမတက်နိုင်လို့ ဆေးမကုနိုင်ဘဲ အိမ်မှာ သေဆုံးတာတွေရှိပါတယ်။ ကလေးတစ်ယောက်ကို ဆေးခန်းတစ်ခါ ပြရင် အနည်းဆုံး နှစ်သိန်း ပတ်ဝန်းကျင်လောက်ကုန်တယ်။ ဒါက စစ်တပ်က သတ်မှတ်ထာတဲ့နေရာကို သွားပြီးတော့ ကုသရတာပါ " ဟုပြောသည်။

ဆေးဝါးဖြတ်တောက်မှုများမှာ ယခုဆိုပါက  ၆ လ နီးပါး ရှိလာပြီး ဆေးဝါးတင်သွင်းခွင့် ပိတ်ပင်ထားမှုကြောင့် သေဆုံးမှု ပို့မြင့် တက်နေသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲ တည်ထောင်သူ ဦးနေဆန်းလွင် ကပြောသည်။

"နိုဝင်ဘာ ၁၃ ရက်နေ့ ကတည်းက စစ်ကောင်စီက ရခိုပြည်ကို ဖြတ်လေးဖြတ်နဲ့ အဖက်ဖက်က ပိတ်ဆို့ထားပါတယ်။ စားသောက်ကုန်တစ်ချို့ သွင်းခွင့်ပေးရင်တောင် ဆေးဝါးကို လုံးဝတင်ခွင့်မပေးပါဘူး။ လေယာဉ်ပေါ်ကို တင်ခွင့်မပြုပါဘူး။ ပြည်သူတွေက ဆေးဝါးနဲ့ ပတ်သက်လို့ တော်တော်လေးကို အခက်တွေ့နေရတယ်။ မြို့ပေါ် NGO ဆေးခန်းတွေ၊ တစ်ခြားဆေးကုသတွေနေရာတွေကတော်တော် ရှားပါလာပြီ။ စစ်ရေးမြင့်တက်မှုကြောင့် ထွက်ခွာသွားတာလည်း ရှိတယ်။ မြို့ပေါ်မှာလည်း ဆေးတွေက မရှိတော့ဘူး။ သွားလာရေးလည်း အင်မတန် ခက်ခဲလာတယ်။ အထူးသဖြင့် IDPs ကန့်မှာ နေတဲ့ ဒုက္ခသည်တွေက  ကန့်ကနေ အပြင်ကို သွားဖို့ဆိုတာလည်း လွယ်တဲ့ ကိစ္စ မဟုတ်ဘူး " ဟုပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်အတွင်း စစ်ရာဇတ်မှု တစ်နေ့ထက်တစ်နေ့ ကျူးလွန်လာမှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှု ယခင် ကထက် မြင့်တက်လာနေပြီး ယခု ကလေးသူငယ်များ သေဆုံးမှုသည်လည်း စစ်ကောင်စီက ဆေးဝါးများ ဖြတ်တောက်မှုကြောင့်ဟု  ဦးနေဆန်းလွင် က ပြောသည်။

မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့်ပူးပေါင်းရန် ဆွေးနွေးချက် ရိုနေဆန်းလွင် ငြင်း

0
ပုံစာ - မွတ်ဆလင်အရေးတက်ကြွလှုပ်ရှားကြသည့် ဦးထွန်းခင်နှင့် ရိုနေဆန်းလွင်။ (ဓါတ်ပုံ - ရိုနေဆန်းလွင်)

နိုင်ငံတဝန်း အကြမ်းဖက်မှုပေါင်းမျိုးစုံကို ဆက်တိုက်ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီက မွတ်ဆလင်ခေါင်းဆောင် ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။ 

စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန် စွပ်စွဲခဲ့ခြင်းဖြစ်သည်။ 

ရိုနေဆန်းလွင်နှင့် ဦးထွန်းခင်တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများသို့ သွားရောက်ပြီး အာရက္ခတပ်တော် AA ၏ ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံကာ မွတ်ဆလင်လူငယ် ၅ သောင်းကို AA နှင့် ပူးပေါင်းဆောင်ရွက်ရန် ခေါ်ယူသည်ဟု အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။ 

သို့သော်လည်း စစ်ကောင်စီ၏ ပြောဆိုချက်သည် မှန်ကန်သည့် သတင်းမဟုတ်ကြောင်းနှင့် AA ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိကြောင်း ကိုရိုနေဆန်းလွင်က ငြင်းဆိုထားသည်။ 

” အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲပြောဆိုနေတာပဲ ရှိပါတယ်။ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားခဲ့တာ မှန်ပါတယ်။ AA က ထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့ တွေ့ခဲ့တယ်ဆိုတာက မဟုတ်ပါဘူးခင်ဗျာ။ နောက်ပြီးတော့ ရိုဟင်ဂျာလူငယ် ၅ သောင်းလောက်ကို AA နဲ့ ပူးပေါင်းအောင် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးခဲ့တာလည်း မရှိဘူးခင်ဗျာ။ တွေ့ဆုံတာလည်းမရှိသလို ဆွေးနွေးတာလည်း မရှိပါဘူးခင်ဗျာ။ ” ဟု ပြောသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ဘူးသီးတောင်မြို့တွင် လက်ရှိ ဖြစ်ပွားနေသော နေအိမ်များမီးရှို့၊ အပြစ်မဲ့ရပ်သားပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီး စသည့် ပဋိပက္ခကို ၎င်းတို့ လက်သပ်မွေးစားထားသော ARSA နှင့် ARA အကြမ်းဖက်အဖွဲ့တို့ ကျူးလွန်နေသည့် လုပ်ရပ်ကို မျက်ကွယ်ပြုကာ အာရက္ခတပ်တော် AA အား အပြစ်ပုံချထားသည်။ 

ဘူးသီးတောင်မြို့တွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို AA လုပ်နေသည်ဟု စစ်ကောင်စီ၏ စွပ်စွဲပြောဆိုချက်ကို ရိုနေဆန်းလွင်က ငြင်းဆိုထားပြန်သည်။ 

” စစ်ကောင်စီကပေါ့နော် ရိုဟင်ဂျာလူငယ်တွေကို အတင်းဖိအားပေး၊ အဓမ္မစစ်သားမစုဆောင်း၊ စစ်သင်တန်းမပေးဘူးဆိုရင် ဒီလိုမျိုး နားလည်မှုလွဲမှာ မဟုတ်ပါဘူး။ တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းမှာလည်းမဟုတ်ဘူး။ စစ်ကောင်စီက ပဋိပက္ခကို ဖန်တီးချင်တယ်ဆိုတာကို ကျနော် ထင်ထင်ရှားရှား တွေ့ရတယ်။ ဒီဒေသမှာ AA က ပဋိပက္ခကို ဖန်တီးနေတယ်ဆိုတာထက် စစ်ကောင်စီက သူလုပ်နေတာကို လူမမြင်အောင်ပေါ့နော် လူတွေ အထင်အမြင် နားလည်မှုလွဲအောင် တစ်ဖက်ကို အပြစ်ပုံချတာလို့ပဲ ကျနော်မြင်တယ် ခင်ဗျာ။ ” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း ၂၀၁၂ ခုနှစ် ပဋိပက္ခနှင့် ၂၀၁၇ ပဋိပက္ခများကို မြန်မာစစ်တပ် လက်ရှိ စစ်ကောင်စီသည် ကြံ့ခိုင်ရေးပါတီဝင်များဖြင့် ပူးပေါင်းပြီး ၎င်းတို့ ဖန်တီးခဲ့သော ပြဿနာများကို ဒေသခံရခိုင်ပြည်သူလူနှင့် လက်နက်ကိုင်အဖွဲ့အစည်းများကို အပြစ်ပုံချနေသည်။ 

နှစ်ဖက်အသိုင်းအဝိုင်း ပြန်လည်သင့်မြတ်ရေးနှင့် အတူယှဉ်တွဲနေထိုင်ရေးတို့ကို နှစ်တော်အကြာ အချိန်များစွာယူပြီး ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မွတ်ဆလင်ဘာသာရေးအဖွဲ့အစည်းများနှင့် AA တို့က ကြိုးစားတည်ဆောက်ခဲ့ကြသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်းအထိ အာရက္ခတပ်တော် AA သည် မွတ်ဆလင်များနှင့် ရခိုင်တိုင်းရင်းသားများကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် ချစ်ကြည်ရေးဘောလုံးပွဲများ၊ ဘာသာရေးပွဲများပူးပေါင်းကျင်းပခြင်းနှင့် အပြန်အလှန် ကူးလူးဆက်ဆံရေးများကို တည်ဆောက်ပေးခဲ့သည်။ 

လက်ရှိ အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးနေ၍ မွတ်ဆလင်လူငယ်များကို ရာနှင့်ချီ အတင်းအဓမ္မခေါ်ယူပြီး စစ်သင်တန်းပေးကာ AA အား တိုက်ခိုက်နေ၍ စစ်ကောင်စီသည် လက်နှင့်ရေးခြင်းကို ခြေနှင့်ဖျက်ဆီးပစ်နေသည်ဟု AA က ၂၀၂၄ အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုထားသည်။ 

ယခုလည်း မွတ်ဆလင်လူငယ် အထူးသဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်များကို အတင်းအဓမ္မဖိအားပေးပြီး ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့တွင် AA အား အလိုမရှိဟု ကန့်ကွက်ဆန္ဒထုတ်ဖော်ခိုင်းနေကြောင်းနှင့် ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော ARSA နှင့် ARA အကြမ်းဖက်အဖွဲ့များကို စစ်ကောင်စီက အားပေးအားမြောက်ပေးနေသည်။ 

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့များမှာ ARSA, ARA အဖွဲ့များအပြင် စစ်ကောင်စီက လတ်တလော ခေါ်ယူ စစ်သင်တန်းပေးထားသော မွတ်ဆလင်လက်နက်ကိုင်များလည်း ပါဝင်ကြောင်း စုံစမ်းသိရသည်။ 

အဆိုပါ အကြမ်းဖက်သမားများသည် ဘူးသီးတောင်မြို့က အရပ်သားနေအိမ် ၂၀၀ ကျော်နှင့် နိုင်ငံတကာကူညီရေးအဖွဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF ရုံးနှင့် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

MSF ကလည်း ၎င်းတို့ ရုံးနှင့် ဆေးပေးခန်း မီးရှို့ဖျက်ဆီးခံရသည်ကို ဧပြီလ ၁၇ ရက်နေ့က အတည်ပြုထုတ်ပြန်ထားပြီး ဆေးပေးခန်း မီးရှို့ဖျက်ဆီးခံရ၍ ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများနှင့် ဆုတ်ရောင်ရောဂါကုဆေးများ ပျက်စီးသွားကြောင်း ဆိုသည်။ 

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းသည် ပြည်သူများရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရရှိရန် ငြင်းပယ်ခြင်းဖြစ်ပြီး နောက်ဆုံးထိုးနှက်ချက်ဖြစ်ကြောင်းနှင့် အသက် ၅ နှစ်အောက်ကလေးများကို အဓိက ထိခိုက်စေကြောင်း MSF က ပြောသည်။

အမ်းက စစ်ရှောင်ကျေးရွာများမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများ ခိုးယူနေ

0

ရခိုင်ပြည် အမ်းမြို့နယ်အတွင်းက စစ်ရှောင်ကျေးရွာများထံမှ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်သားများမှ အလစ်သုတ်ခိုးယူနေကြောင်း မျက်မြင်ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် လကစ၍ အမ်းမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းများမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် အမ်းမြို့ပတ်ဝန်းကျင်အနီးရှိ ကျေးရွာပေါင်း ၂၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ 

ရွာသားများ စစ်ဘေးရှောင်နေစဉ် ရွာသားများထားခဲ့သော ဆန်၊ ဆီ၊ ကြက်သွန်၊ ကြက်၊ ဝက်၊ ဘဲ၊ ဆိတ် စသည့် စားနပ်ရိက္ခာအပြင် အခြားသော အသုံးအဆောင်ပစ္စည်းများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကင်းလှည့်ဟန်ဆောင်၍ အလစ်သုတ် ခိုးယူသုံးစွဲနေကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။ 

” ကျေးရွာက ရာအိမ်မှူးတချို့နဲ့ပေါင်းပြီး ရိက္ခာတွေယူနေတာ။ နေအိမ်တွေမှာ ကျန်ခဲ့တဲ့ ဆန်၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်၊ တစ်ခြား အသုံးဝင်တဲ့ ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ အကုန်ထုတ်ယူနေကြတယ်။ စစ်ဘေးရှောင်နေရင်း အိမ်မှာကျန်ခဲ့တဲ့ ရိက္ခာနဲ့ ပစ္စည်းလေးတွေ သွားယူမယ်ဆိုရင်တောင် မကျန်လောက်တော့ဘူး။ ” ဟု ပြောသည်။

အထူးသဖြင့် အမ်းမြို့အနီးရှိသည့် လုံးရွာ၊ လုံးကောက်၊ ချင်းရွာ၊ လောင်းစပ်၊ ခရမ်းကျွန်း၊ ချောင်းကုန်းနှင့် ဂါလ်လောင်း စသည့် ကျေးရွာများမှ အမ်းအခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သော ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့က ခိုးယူသုံးစွဲနေကြကြောင်း သိရသည်။ 

လုံးကောက်အုပ်စုမှ ရွာသားတစ်ဦးက ” အမ်းမြို့အနီးဝန်းကျင်က ရွာတွေမှာ လူမရှိသလောက်ပါပဲ။ လုံးကောင်အုပ်စုထဲမှာဆိုရင် လူတွေသိပ်မကျန်တော့ဘူး။ လုံးမှာဆို လုံးဝမရှိတော့ဘူး။ ပြီးတော့ ခရမ်းကျွန်း၊ ချင်းကုန်း အဲ့ဒီရွာတွေမှာလည်း မရှိတော့ဘူး။ လက်နက်ကြီးတွေက ကျေးရွာတွေဖက်ကိုပဲကျလာတော့ ဘယ်သူမှမနေရဲတော့ဘူးလေ။ အခု ရွာထဲမှာ ကျန်နေခဲ့တဲ့ ရိက္ခာတွေကို စစ်ကောင်စီ တပ်သားတွေက ခိုးယူနေကြတယ်။ တော်တော်လေးကို သိက္ခာမဲ့တာပဲ။ ” ဟု ပြောသည်။ 

အမ်းမြို့နယ်ကို စစ်ကောင်စီတပ်ရင်းများကို ပြီးခဲ့သည့် မတ်လကစ၍ အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီးရှိ တောဟိန်းတောင်ဗျူဟာကုန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အသည်းအသန် ခုခံကာကွယ်နေသည်။ 

တောဟိန်းတောင်ဗျူဟာကုန်းအနီးရှိ ကဇုကိုင်းရွာသို့ စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးရောက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီ၏ လက်နက်များနှင့် ရိက္ခာများကို ဖြတ်တောက်သည့်အနေဖြင့် အမ်း-ပဒါန်းကားလမ်းမကို AA က ပြီးခဲ့သည့်လကစ၍ ပိတ်ဆို့ဖြတ်တောက်ထားပြီး ဒေသခံပြည်သူများအား သွားလာခွင့် ယာယီပိတ်ပင်ထားသည်။ 

အာရက္ခတပ်တော် AA က ရခိုင်ပြည်ကို စစ်ကောင်စီ ကင်းစင်နယ်မြေပြုလုပ်မည်ဟု ပြောဆိုထား၍ ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ စစ်ဌာနချုပ်များအနေဖြင့် အမြန်ဆုံး လက်နက်ချ အညံ့ခံရန် သတိပေး တိုက်တွန်းထားပြီး အကယ်၍ လက်နက်ချ အညံ့မခံပါက ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ပြောဆိုထားသည်။

မာန်အောင် သစ်ပုံရွာသားများကို စစ်ကောင်စီက အတင်းပြောင်းရွှေ့ခိုင်းနေ

0

ရခိုင်ပြည် မာန်အောင်မြို့နယ် သစ်ပုံကျေးရွာမှ အိမ်ထောင်စု ၂၀၀ ကျော်ကို အာဏာသိမ်း စစ်ကောင်စီတပ်သားများမှ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေကြောင်း ရွာသးများထံမှ သိရသည်။ 

ယနေ့ ဧပြီလ ၁၈ ရက် နံနက်ပိုင်းက သစ်ပုံကျေးရွာကို စစ်ကောင်စီတပ်သား အများအပြား ရောက်ရှိလာပြီး ငှက်ပျောတော ရပ်ကွက်နှင့် အနောက်ပါး ရပ်ကွက်က အိမ်ထောင်စုများ ပြောင်းရွှေ့ပေးရမည်ဟု ပြောဆိုသွားသည်။ 

မည်သည့်အတွက်ကြောင်း ပြောင်းရွှေ့ပေးရမည်ဟု စစ်ကောင်စီတပ်သားများမှ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ လာမည့် ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းပေးရမည်ဟု မှားကြားခဲ့ကြောင်း ရွားသားတစ်ဦးက ပြောသည်။ 

” သူတို့ သတ်မှတ်ထားတဲ့နေရာက မာန်အောင်အလယ်ပိုင်း ကျွန်းတစ်ခုပဲ။ မြေနီတောင်နဲ့ နီးတယ်။ ပန်းခြံရွာနဲ့ ဖက်ယားကျေးရွာဖက်တွေကို ပြောင်းရမှာ။  အဲ့ဒီမှာ ကျနော်တို့အတွက် တစ်အိမ်ထောင်ကို မြေ ၆ တောင် (၉ ပေ) ပတ်လည်ပေးတယ်။ ကျန်တာတော့ ကိုယ့်ဘာသာ ဆောက်နေကြပေါ့။ ဒီကနေ့  ၂ နာရီကနေ ၂၅ ရက်နေ့အထိ အချိန်ပေးထားတယ်” ဟု ဆိုသည်။

သစ်ပုံကျေးရွာသည် အုပ်စုကျေးရွာတစ်ရွာဖြစ်ပြီး ရပ်ကွက် ၅ ခုကျော်နှင့် အိမ်ထောင်စု ၅၀၀ ကျော်ရှိပြီး ယင်းအထဲက ရပ်ကွက်နှစ်ခုက အိမ်ထောင်စုများကို ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်သည်။ 

သစ်ပုံကျေးရွာတွင် ဧပြီလ ပထမအပတ်အတွင်းက စစ်မှုထမ်းရန်ခေါ်ယူနေသော စစ်ကောင်စီတပ်သားများနှင့် အုပ်ချုပ်ရေးအဖွဲ့များကို ရွာသားများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခု အိမ်ထောင်စု ၂၀၀ အား ပြင်းပသို့ ပထုတ်ခြင်းမှာ ဆန္ဒထုတ်ဖော်ခြင်း၏ နောက်ဆက်တွဲ အကျိုးအဆက်ဖြစ်နိုင်ကြောင်းနှင့် စစ်ကောင်စီတွင် ရန်သူပိုများပြားလာမည်ဟု နောက်ထပ် ရွာသားတစ်ဦးက ပြောသည်။

” ဒီအတိုင်း ပြည်သူတွေကို ဖိအားပေးလာရင် နစကရဲ့ ရန်သူဟာ ပိုပြီးတော့ အားကောင်းလာမယ့်သဘောရှိတယ်။ ဒီကျွန်းဒေသကို ဒီအတိုင်းလေးထားပြီးရင် ပိုပြီး အားလုံးသူအတွက် အဆင်ပြေမယ်။ နစက အတွက် ပိုပြီးအလုပ်ရှုပ်သက်သာမယ်။ ဒါကို ခရိုင်၊ ပြည်နယ်အဆင့် နစက အကြီးအကဲတွေက စဉ်းစားပြီး ပြန်ညွန်ကြားသင့်တယ်” ဟု ပြောသည်။

သစ်ပုံကျေးရွာက ရာနှင့်ချီသော လူငယ်များကို စစ်မှုထမ်းရန် စာရင်းတောင်းထားပြီး စစ်မှုထမ်းရန် ငြင်းဆန်ပါက မိသားစုဝင်များအား ဖမ်းဆီးမည်နှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးပစ်မည်ဟု စစ်ကောင်စီသားများက ခြိမ်းခြောက် ပြောဆိုနေသည်။ 

စစ်ကောင်စီတပ်သား အချို့မှာလည်း ကင်းလှည့်ရုံဆောင်ယောင်၍ ရွာထဲအ၌ တပ်စွဲနေရာ ယူထားကာ ရွာသားများအား အနှောက်အယှက်ပေးနေကြောင် စုံစမ်းသိရသည်။ 

စစ်ကောင်စီ၏ လက်နက်အားကိုး ခြိမ်းခြောက်မှုကြောင့် သစ်ပုံကျေးရွာသားများအပြင် အနီးအနားကျေးရွာများကပါ စိုးရိမ်မှုမြင့်တက်လျှက်ရှိနေကြသည်။ 

ဘူးသီးတောင်မှာ ARSA နှင့် ARA အကြမ်းဖက်မှုမြင့်တက်

0
ပုံစာ - ရခိုင်ပြည် ဘူးသီးတောင်မြို့ က နယ်စည်းမခြားဆရာဝန်များ ရုံးခန်းနှင့် ဆေးပေးခန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က မွတ်ဆလင်အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။ (ဓါတ်ပုံ - MSF)

ဒေသခံ ၁၇၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ

ရခိုင်ပြည် ဘူးသီးတောင်မြို့တွင် ဧပြီလ ၁၂ ရက်နေ့ကစ၍ မွတ်ဆလင်အကြမ်းဖက်အဖွဲ့ ARSA မှ အပြစ်မဲ့ အရပ်သားများဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရင်းမြစ်များနှင့် အိန္ဒိယသတင်းဌာနများထံမှ သိရသည်။ 

ဘူးသီးတောင်မြို့တွင် အကြမ်းဖက်နေသော အဖွဲ့မှာ ARSA တစ်ခုတည်းမဟုတ်ဘဲ အကြမ်းဖက်မွတ်ဆလင်များဖြင့် ဖွဲ့ထားသော ARA (Arakan Rohingya Army) အဖွဲ့အစည်းလည်းပါဝင်ပြီး မြို့ပေါ်က အပြစ်မဲ့ အရပ်သားပြည်သူ ၁၇၂၀ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားကာ နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ဧပြီလ ၁၅ ရက်နေ့က ဘူးသီးတောင်မြို့ရှိ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) ရုံးနှင့် ရခိုင်တိုင်းရင်းသား နေအိမ်အချို့  မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း MSF မှ ယမန်နေ့ ဧပြီ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် ARSA နှင့် ARA တို့ အကြမ်းဖက်မှုမှာ ဆက်လက်ရှိနေသေးကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

” မွတ်ဆလင် အကြမ်းဖက်အုပ်စုတွေရဲ့ အကြမ်းဖက်မှုက ဒီနေ့အထိ ဆက်ရှိနေတုန်းပဲ။ ဒီနေ့လည်း နေအိမ်တွေကို မီးရှို့ဖို့ ပြင်ဆင်နေကြတယ်လို့ သိရတယ်။ အရင်ရက်တွေက မီးရှို့လိုက်တာ လူနေအိမ် ၂၀၀ ကျော်လောက် ပါသွားပြီ။ သူတို့လုပ်ရပ်က အတူယှဉ်တွဲနေထိုင်ရေးကို အရမ်းကို ထိခိုက်စေတယ်” ဟု ပြောသည်။

MSF က ၎င်းတို့ ရုံးနှင့် ဆေးပေးခန်း အကြမ်းဖက်မီးရှို့ဖျက်ဆီးခံရခြင်းကို ထိတ်လန့်တုန်လှုပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပျက်ပြားသည်ဟု ဆိုသည်။

MSF ၏ ရုံးနှင့် ဆေးပေးခန်း မီးလောင်ပျက်စီးမှုကြောင့် ဆေးပစ္စည်းနှင့် ရုံးသုံးပစ္စည်းများ အားလုံးဆုံးရှုံးသွားပြီး အထူးသဖြင့် ပဋိဇီဝဆေးများကဲ့သို့သော အသက်ကယ်ဆေးများနှင့် ဆုတ်ရောင်ရောဂါကုဆေးများ ပျက်စီးသွားကြောင်း ထုတ်ပြန်ပြောသည်။

ယင်းကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းသည် ပြည်သူများရရှိနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် လူသားစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရရှိရန် ငြင်းပယ်ခြင်းဖြစ်ပြီး နောက်ဆုံးထိုးနှက်ချက်ဖြစ်ကြောင်းနှင့် အသက် ၅ နှစ်အောက်ကလေးများကို အဓိကထိခိုက်စေကြောင်း MSF က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် အာရက္ခတပ်တော် AA အား တိုက်ခိုက်ရန် ARSA နှင့် ARA ကို စစ်သင်တန်းပေးနေပြီး ဒေသတွင်းမတည်ငြိမ်ရေးကို ဖော်ဆောင်နေသည်ဟု The New Indian Express က ဧပြီလ ၁၅ ရက်နေ့က ဖော်ပြသည်။ 

ထိုမှတစ်ဆင့် ARSA နှင့် ARA တို့သည် ဘူးသီးတောင်မြို့တွင် တစ်ရက်ထက်တစ်ရက် အကြမ်းဖက်မှုများကို တိုးလုပ်လာမှုကြောင့် ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်တိုင်းရင်းသားများမှာ ဘူးသီးတောင်မြို့ကို စွန့်ခွာနေကြရကြောင်း နောက်ထပ် သတင်းရင်းမြစ်များက ပြောသည်။

သတင်းရင်းမြစ်တစ်ဦးက ” အကြမ်းဖက် မွတ်ဆလင်အဖွဲ့တွေဟာ ဘူးသီးတောင်မြို့မှာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံပြီး ပဋိပက္ခ မကြီးကြီးအောင် ဖန်တီးနေတယ်။ အကြမ်းဖက်မှုတွေလည်း ဆက်တိုက်လုပ်နေတယ်။ ဟိန္ဒူနဲ့ ရခိုင်တွေဟာ မြို့ကိုစွန့်ခွာ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီရဲ့ လှည့်စားမှုအောက်မှာ မွတ်ဆလင် အကြမ်းဖက်အဖွဲ့တွေက အခွင့်ကောင်းယူနေကြတယ်။ ဒါကို အမြန်ဆုံး တားမြစ်ဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ပြဿနာက ဒီထက် ပိုကြီးထွားလာနိုင်တယ်” ဟု ပြောသည်။

ဧပြီလ ၁၅ ရက်နေ့အထိ စာရင်းအရ ဘူးသီးတောင်တွင်ရှိသော ဟိန္ဒူဘာသာဝင် ၁၆၀၀ ကျော်နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးကို ARSA နှင့် ARA တို့က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း The New Indian Express သတင်းက ဆိုသည်။

၂၀၁၇ ခုနှစ်တွင် မွတ်ဆလင်အကြမ်းဖက်အဖွဲ့များသည် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ရခိုင်ပြည်က ဟိန္ဒူဘာသာဝင် ၁၀၀ နီးပါးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်သည် မှတ်သားဖွယ်ကောင်းသည်ဟု The New Indian Express မှတ်ချက် ပြုထားသည်။

မွတ်ဆလင် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်မှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန် လိုအပ်ကြောင်း MSF က သတိပေးတိုက်တွန်းထားသည်။

ပြီးခဲ့သည့် မတ်လ နောက်ဆုံးအပတ်ကစ၍လည်း ဘူးသီးတောင်၊ မောင်တော၊ စစ်တွေမြို့တို့တွင် စစ်ကောင်စီ၏ ကြိုးကိုင်မှုကြောင့် မွတ်ဆလင်ကလေးငယ်များဦးဆောင်ကာ အာရက္ခတပ်တော် AA အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှုကို ပြည်တွင်းပြည်ပရှိ မွတ်ဆလင်အသိုင်းအဝိုင်း အကြီးအကဲအချို့က ကန့်ကွက်ရှုတ်ချပြီး အာဏာသိမ်းစစ်ကောင်စီ၏ ကြိုးကိုင်ချယ်လည်ခြင်းကို မွတ်ဆလင်များ ခံနေကြရသည်ဟု ပြောဆိုခဲ့ကြသည်။

အာရက္ခတပ်တော် AA ကလည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာတွင် စစ်မနိုင်၍ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်နေသည်ဟု ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း လူ့အခွင့်အရေးတန်ဖိုးနှင့်အညီ အရှိတရားကို သဘောထားကြီးစွာ လက်ခံနိုင်သော်လည်း မရိုးမသားရည်ရွယ်ချက်များဖြင့် သမိုင်းသစ်ကို ဖန်တီးခြင်းသည် လေးစားတန်ဖိုးထားရသော အာရက္ခအဖိုးအဖီးများ၏ သမိုင်းမှန်ကို စော်ကားရာ ရောက်သည်ဟု ဧပြီလ ၁၀ ရက်နေ့ အာရက္ခတပ်တော် ၁၅ နှစ်ပြည့် အခမ်းအနား သဝဏ်လွှာတွင် ပြောဆိုထားသည်။

အမှားကိုအမှန်၊ အမှန်ကိုအမှား လက်တစ်လုံးခြား ဝါဒဖြန့်မှုများ၊ မျက်နှာပြောင်တိုက် စော်ကားစိန်ခေါ်မှုများ၊ တာဝန်ယူမှုမရှိဘဲ အခွင့်အရေးကို တစ်ဖက်သက်တောင်းဆိုနေခြင်းများကို ထိန်းသိမ်းရပ်တန့်ရန် လိုအပ်သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေး ပြောဆိုထားသည်။

AA က သိမ်းပိုက်ထားသော မြို့နယ်များကို နေ့ည မကျန် လေကြောင်းဖြင့် စစ်ကောင်စီ ဗုံးကြဲနေ

0
ပုံစာ- လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။ ဓါတ်ပုံ- Cincds
ပုံစာ- လေတပ် ပူးပေါင်းစစ်‌‌ရေးလေ့ကျင့်မှုအတွင်း ဂျက်တိုက်လေယာဉ်နှစ်စင်းက ဒုံးကျည်များ ပစ်ခတ်စဉ်။ ဓါတ်ပုံ- Cincds

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် နေ့ညပါမကျန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ သေဆုံးမှုများ မြင့်တက်လာနေပြီး ပြည်သူများမှာ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်နေကြရသည်။

ပလက်ဝ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ တောင်ပြိုစသော မြို့များကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကို တစိတ်ဒေသ သိမ်းပိုက်ထားသည်။

ယင်းကဲ့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်ရက်ဆက် သေဆုံးမှုများ မြင့်တက်လာနေပြီး လက်ရှိတွင်လည်း ပြည်သူများမှာ ထိတ်လန့်နေရကာ ကျီးလန့်စာစား ဖြစ်နေရကြောင်း မင်းပြားမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ဒရုန်းတွေ၊ ဂျက်တိုက်လေယာဉ်တွေက နေ့ည မကျန် ဝဲပါတယ်။ ပြီးခဲ့တဲ့ ခုရက်ပိုင်းကဆို င/စိုင်းရိုင်းချောင်းဖက်ကို ပေါင်း ၅၀၀ ရှိတဲ့ ဗုံးကြဲချခဲ့ပါတယ်။ သုံးယောက်ထက်မနည်းသေတယ်။ ပြီးတော့ သာဒေမွတ်ဆလင်ကျေးရွာမှာဆိုရင် ဗုံးချသွားတာ ကျေးရွာကလေးတွေ မကျန် ၃၀ နီးပါး သေတယ်။ ကျမတို့ ပြည်သူတွေက အခုဆိုရင် ထိတ်လန့်ကြောက်နေရပြီး ကျီးလန့်စာစား ဖြစ်နေပါပြီ။ ဘယ်နေ့ ကိုယ့်ဆီကို အလှည့်ကျမလဲဆိုတာ တွေးပြီး ကြောက်နေရတယ် “ဟုပြောသည်။

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရပြီး သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ULA/AA ၏ HDCO က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအထဲတွင် မင်းပြားမြို့နယ် ခြိမ်တောင်အုပ်စု သာဒေ မွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၈ ရက် နံနက် ၁ နာရီအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့၍ မွတ်ဆလင် ၂၁ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

အသက် ၃၀ အရွယ် သာဒေ မွတ်ဆလင်ကျေးရွာက အမျိုးသမီးတစ်ဦးက “ကျမတို့ကတော့ ရွာမှာ မအိပ်ရဲတော့ပါဘူး။ ရွာနဲ့ဝေးတဲ့နေရာတွေမှာပဲ အိပ်နေရတယ်။ လူတော်တော်များများလည်းရွာတွေမှာ မနေရဲကြတော့ဘူးလေ။ နေ့တိုင်းလာပြီးတော့ လေကြောင်းက ဗုံးကြဲတာတွေ၊ ဒရုန်းနဲ့ပစ်ချနေတာတွေ လုပ်တော့ ကိုယ့်မျက်စီရှေ့မှာ လူတွေ သေဆုံးနေရတယ်။ အဲဒါတွေ မြင်နေရတော့ ဘေးလွတ်ရာမှာ သွားအိပ်နေရတာပေါ့ “ဟုပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂ရက်နေ့နှင့် ၃ ရက်နေ့ နံနက်ပိုင်းတို့တွင် မင်းပြားမြို့နယ် င/စိုင်းရိုင်းချောင်းနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးကို စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၁၇ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီက ယင်းလုပ်ရပ်သည် ရခိုင်ပြည်ရှိ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေခြင်း ဖြစ်ကြောင်း ရခိုင့်လူ့အခွင့်အရေးမြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“စစ်ကောင်စီက ရခိုင်မှာ စစ်ရှုံးနေတာကို ဝန်ခံတာမရှိဘူး။ AA ဆီမှာစစ်ရှုံးနေတာကို ရှုံးမဲမဲပြီးတော့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုတွေ တစ်လျှောက်လုပ်နေတယ်။ ပေါင် ၃၀၀ ရှိတဲ့ ဗုံးတွေ၊ ပြီးတော့ ပေါင် ၅၀၀ ရှိတဲ့ ဗုံးတွေနဲ့ ပစ်ချတယ်။ ဒါက ရည်ရွယ်ချက်ရှိရှိ လူမျိုးတုံး သတ်ဖြတ်နေတာဖြစ်တယ်။ ကျနော်တို့ဆီမှာ အထောက်အထားတွေ အပြည့်အစုံရှိပါတယ်။ နိုင်ငံတကာက အရေးယူနိုင်တဲ့အထိ ကျနော်တို့ ဆောင်ရွက်သွားမှာပါ”ဟုပြောသည်။

အာဏာသိမ်းနောက်ပိုင်း နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ ၄၈၅၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဧပြီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၆၄၈၃ဦးရှိပြီး ထိုအထဲမှ ၂၀၃၁၀ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၈၉၀၇ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန်ကုန်သွယ်

0

ရခိုင်ပြည်ကို စစ်ကောင်စီက ကုန်စည်စီးဆင်းခွင့် ပိတ်ပင်ထားသော်လည်း ပြီးခဲ့သည့်လကစ၍ ရခိုင်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အပြန်အလှန် ကုန်သွယ်နေကြပြီဟု ဒေသခံကုန်သည်များထံမှ သိရသည်။ 

အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ ရခိုင်ပြည်ကို အခြားသော ပြည်မမြို့များနှင့် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်ကာ ကုန်စည်စီးဆင်းခွင့်ကို ပိတ်ပင်ခဲ့သည်။ 

ထိုကဲ့သို့ ပိတ်ပင်မှုကြောင့် ရခိုင်ပြည်တွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ငရုပ်၊ ကြက်သွန်၊ မုန့်မျိုးစုံနှင့် ဆေးဝါးများ စသည်တို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ဖူလုံမှုမရှိဘဲ ရင်ဆိုင်ခဲ့ကြရသည်။ 

သို့သော်လည်း ပလက်ဝ၊ ကျောက်တော်၊ ရသေ့တောင်မြို့နှင့် မောင်တောခရိုင်က စစ်ကောင်စီတပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ပြီးနောက်ပိုင်း ပြတ်လပ်နေခဲ့သော ကုန်စည်များကို အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တင်သွင်းနေကြောင်း ကုန်သည်များက ဆိုသည်။ 

ဖေဖော်ဝါရီလအတွင်းကစ၍ ရခိုင်ပြည်အတွင်း ပြတ်လပ်နေသော ကုန်စည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထက် အိန္ဒိယနိုင်ငံက အဓိက တင်သွင်းနေကြောင်း ကုန်သည်တစ်ဦးက ပြောသည်။ 

” အခု အိန္ဒိယဘက်ကပဲ ကုန်တွေအဓိက ယူကြတယ်။ ဟိုဘက်လမ်းကြောင်းက လုံးလုံးပိတ်နေတာဆိုတော့ ဒီအတိုင်းဆက်နေရင် ပြည်တွင်း ကုန်စည်တွေ လုံးဝပြတ်သွားနိုင်တယ်။ ဒါကြောင့် လမ်းကြောင်းတစ်ခုပြောင်းပြီး ကုန်သွယ်ဖို့အဆင်ပြေတဲ့ အိန္ဒိယကနေပဲ ကုန်စည်တွေ အဓိကယူနေကြတာ။ ” ဟု ပြောသည်။

အိန္ဒိယဘက်မှ အဓိက တင်ပို့ရောင်းချနေသည့် ကုန်စည်များမှာ စားကုန်၊ ဓာတ်ဆီ၊ ဆပ်ပြာ၊ မုန့်အမျိုးမျိုးနှင့် တစ်ခြားလူသုံးကုန်ပစ္စည်းအချို့တို့ ပါဝင်ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စားသုံးဆီ၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ ကွမ်းစားဆေး အမျိုးမျိုး၊ ငရုပ် စသည်တို့ကို အဓိက တင်သွင်းကြကြောင်း ရခိုင်မြောက်ပိုင်း၏ အခြေခံစားသောက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ကုန်စည်များတင်သွင်းပြီး လည်ပတ်နေခြင်းဖြစ်သည်။ 

သို့သော်လည်း စားသောက်ကုန်များဈေးနှုန်းမှာ မိုခါမုန်တိုင်းမတိုင်မီ ကုန်ဈေးနှုန်းသို့ ကျရောက်ခြင်းမရှိသေးဘဲ ကုန်ဈေးနှုန်းဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး စားသုံးဆီ တစ်လီတာမှာ ကျပ် တစ်သောင်းဝန်းကျင် ရှိနေသေးခြင်းဖြစ်သည်။ 

ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ” အခြေခံစားသောက်ကုန်နဲ့ ဆီတွေက မပြတ်လပ်တော့ဘူး။ ဘယ်ဟာပဲ ဝယ်ဝယ် အကုန်လုံးပြန်ရနေပါပြီ။ ဒါပေမယ့် ကုန်ဈေးနှုန်းက အရမ်းမြင့်နေသေးတယ်။ စားဆီဆိုရင် တစ်လီတာကို ကျပ် ၉၅၀၀ ရှိတယ်။ ရွာတွေမှာဆို ၁၅၀၀၀ ထိပေးရတယ်လို့ ပြောတယ်။ ဓါတ်ဆီဆိုရင်လည်း တစ်လီတာ ကျပ် နှစ်သောင်းဝန်းကျင်ရှိတယ်။ အခြား ကြက်သွန်၊ မုန့်တွေတွေလည်း ဈေးက တက်နေတုန်းပဲ။ ” ဟု ပြောသည်။ 

ရက္ခိုင့်တပ်တော် AA က ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့ ကုန်သွယ်ရေးလမ်းကို ဖွင့်ထားသော်လည်း သင်္ဘောကြီး၊ ဘုတ်ကြီးများဖြင့် သယ်ယူရခြင်းမဟုတ်ဘဲ တစ်ပိုင်တစ်နိုင် စက်လှေများဖြင့် သယ်ယူနေ၍ ခရီးစရိတ်ကြီးမြင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောဆိုကြသည်။ 

ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံမှ ရခိုင်ကို အခြေခံစားသောက်ကုန်များ တင်သွင်းနေသော်လည်း ရခိုင်ပြည်က ကုန်စည်းများ ကြီးကြီးမားမား တင်သွင်းနိုင်ခြင်းမရှိသေးကြောင့်နှင့် အသီးအရွက်အနည်းငယ်သာ တင်သွင်းနိုင်သေးကြောင်း သိရသည်။ 

ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေခြင်းတို့ကို ရက္ခိုင့်တပ်တော် AA မှ ထိန်းချုပ်ရန် လိုအပ်နေသည်။ 

ရခိုင်ပြည်သည် ယခင်က ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေခံစားသောက်ကုန်များ၊ အဝတ်အထည်များ၊ စက်ပစ္စည်းများနှင့် လယ်ယာသုံးပစ္စည်းများအတွက် အဓိက မှီခိုခဲ့ကြရသည်။ 

လက်ရှိတွင် စစ်ကောင်စီက ရန်ကုန်၊ မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ထားသော်လည်း ရက္ခိုင့်တပ်တော် AA သည် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့ ချိတ်ဆက်ထားပြီး လာမည့် မိုးရာသီအတွက် လယ်ယာသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရေး ကြိုးစားဆောင်ရွက်နေကြောင်း ဒေသခံပြည်သူလူထုထံမှ သိရသည်။