Western News
Homeနိုင်ငံရေးAA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ

AA ကို အလိုမရှိကြောင်း မနက်ဖြန် ဆန္ဒပြရန် စစ်တွေက မွတ်ဆလင်များကို စစ်ကောင်စီက ဖိအားပေးနေ

အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် စစ်ပွဲများ ရပ်တန့်ရေး မနက်ဖြန် ဆန္ဒပြကြရန် စစ်တွေက မွတ်ဆလင်များကို အာဏာသိမ်း စစ်ကောင်စီက လော်စပီကာဖြင့်အော်ပြီး အတင်းအဓမ္မဖိအားပေးနေကြောင်း အခေါ်ခံရသည့် မွတ်ဆလင်များထံမှ သိရသည်။

စစ်တွေမြို့အတွင်းက အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်၊ မကျည်းမြိုင်ရပ်ကွက်၊ ကသည်းရပ်ကွက်၊ ဘုမေရပ်ကွက်နှင့် မြို့အနီး မွတ်ဆလင်ကျေးရွာများတွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတင်းခေါ်ယူခံရသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် မွတ်ဆလင်အချို့ ပူးပေါင်းပြီး ယနေ့ ဧပြီလ နေ့လယ် ၂ နာရီကျော်အချိန်က လော်စပီကာများဖြင့်အော်ကာ ဖိအားပေးနေကြောင်း ဘုမေရပ်ကွက်ဒေသခံ မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။

"မွတ်ဆလင်ရှိတဲ့ စစ်တွေမြို့ထဲက ရပ်ကွက်တွေနဲ့ မြို့အနီး မွတ်ဆလင်ကျေးရွာတွေ အားလုံးမှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဦးဆောင်ပြီး လော်စပီကာနဲ့ အော်နေတာ။ မနက်ဖြန် ၇ နာရီ ရပ်ကွက်ပဲဖြစ်ဖြစ်၊ ရွာမှာပဲဖြစ်ဖြစ် လမ်းမပေါ်မှာ စုနေရမယ်။ ဘယ်အထိ သွားပြီး ဆန္ဒပြမလဲဆိုတာ မနက်ဖြန်မှ ပြောမယ်လို့ အော်နေပါတယ်။ အဓိက AA ကို အလိုမရှိကြောင်းနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြရမယ်လို့ ဖိအားပေးနေတာပါ။ တစ်အိမ်တစ်ယောက်ကျ စုနေရမယ်လို့ ပြောပါတယ်။ အသက် ၁၈ နှစ်နဲ့အထက်ရှိတဲ့ သူတွေပဲ စုနေရမယ်လို့ ပြောပါတယ်။ ကလေးတွေ မပါရဘူးပေါ့။ ဆန္ဒပြဖို့ မလာဘူးဆိုရင် စစ်ကောင်စီတပ်သားတွေက လာပြီး အတင်းခေါ်မယ်လို့ ပြောပါတယ်။ မဟုတ်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေပါတယ်" ဟု ပြောသည်။

Western News ၏ စစ်တွေဒေသခံ သတင်းရင်းမြစ်တစ်ဦး၏ ပြောဆိုချက်အရ မနက်ဖြန် ဆန္ဒပြမည့် စုရပ်မှာ စစ်တွေမြို့ထဲရှိ ဝင်္ကဘာကွင်း၌ပြုလုပ်ပြီး စစ်တွေမြိုထဲ လမ်းလျှောက်ဆန္ဒပြကြမည်ဟု စုံစမ်းရရှိထားသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း ဘူးသီးတောင်နှင့် စစ်တွေမြို့က မွတ်ဆလင် ရပ်ကွက်/ကျေးရွာအချို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များကို စစ်ကောင်စီက ကြိုးကိုင်ပြီး AA ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထိုဆန္ဒထုတ်ဖော်မှု နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသင်တန်းပေးထားသော အစ္စလာမ္မစ် လက်နက်ကိုင်ဆောင်ထားသူများ၊ ARSA နှင့် ARA အကြမ်းဖက်အဖွဲ့တို့က ဘူးသီးတောင်မြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ်များကို မီးရှို့ခြင်း၊ အရပ်သားပြည်သူများအား ဖမ်းဆီးခြင်းများကို ပြုလုပ်လျှက်ရှိနေသည်။

ဘူးသီးတောင်မြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများကို ပိုမိုကြီးထွားစေရန် စစ်တွေမြို့က မွတ်ဆလင်များကို ထပ်မံ၍ အတင်းအဓမ္မဖိအားပေး ဆန္ဒပြခိုင်းနေပြီး နှစ်ဖက်အသိုင်းအဝိုင်းကြား ပိုမိုရှုတ်ထွေးစေသော ပြဿနာများကို စစ်ကောင်စီက ဖန်တီးပုံဖော်နေသည်ဟု အင်ဘာလာ (ခေါ်) အောင်မင်္ဂလာရပ်ကွက်ဒေသခံ မွတ်ဆလင် ကျောင်းသားလူငယ်တစ်ဦးက ဝေဖန်ထားသည်။

" ဒါက ကျနော်တို့ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ရခိုင်တိုင်းရင်းသားတွေကြားမှာ ပဋိပက္ခကို ပိုမိုကြီးထွားအောင် စစ်ကောင်စီက မဖြစ်မနေ ယုတ်ညံ့စွာ ပုံဖော်နေတာပါ။ ဘူးသီးတောင်မှာဆိုရင် အတင်းအကျပ် ဆန္ဒပြခိုင်းပြီးတော့ အခု တင်းမာနေကြတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက ARSA ကို ကိုင်ပြီး လှုပ်ရှားနေတယ်။ အဲဒီလိုပဲ စစ်တွေမှာလဲ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း မဖြစ်ဖြစ်အောင် စစ်ကောင်စီက ကြိုးစားနေတာပါ။ တစ်ဖက်နဲ့တစ်ဖက် စိတ်အမြင်မကြည်အောင်၊ ကတိကအောက်ဖြစ်နေတဲ့ စိတ်ကို ပိုဆွပေးနေတာပါ။ အဓိက အာရက္ခတပ်တော် AA ရဲ့ တော်လှန်ရေးကို နှောင့်ယှက်ဟန့်တားဖို့အတွက် စူးခလုပ်တစ်ခုဖြစ်အောင် စစ်ကောင်စီက မတရားကြံစည်နေတာပါ။ ဒါကို ကျနော်တို့ မွတ်ဆလင်လူမျိုးတွေက ကြိုသိသင့်ပါတယ်။ စစ်ကောင်စီရဲ့ ဖိအားကို ဘယ်လိုလျှော်လွှားကြမလဲဆိုတာလဲ ပြန်စဉ်းစား သုံးသပ်ဖို့လိုအပ်ပါတယ်။ " ဟု ပြောသည်။

သို့မဟုတ်ပါက အာဏာသိမ်းစစ်ကောင်စီ၏ လှည့်ကွက်အောက်တွင် နှစ်ဖက်အသိုင်းအဝိုင်းကြား မလိုလားအပ်ဘဲ ပြဿနာများပိုမိုကြီးထွားလာကာ ထိခိုက်နစ်နာစေစေသည့် အခြေအနေသို့ ရောက်ရှိနိုင်ကြောင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ အကြံအစည်ကို နှစ်ဖက်အသိုင်းအဝိုင်းလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရမည်ဟု အဆိုပါ မွတ်ဆလင်လူငယ်က တိုက်တွန်းထားသည်။

အာဏာသိမ်း စစ်ကောင်စီ၏ ဗဟိုအုပ်ချုပ်ရေးအဆင့် အထူးသဖြင့် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်အတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ပုံဖော်ဖန်တီးခြင်း မရှိဟု ပြောဆိုထားသော်လည်း မြေပြင်တွင် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များက ပဋိပက္ခဖြစ်စေရန် စည်းရုံလှုံ့ဆော်နေကြောင်း မွတ်ဆလင်များလည်း ပြောသလို ရခိုင်တိုင်းရင်းသားများကလည်း ပြောဆိုနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular