Western News
Homeသတင်းUN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

UN လူ့အခွင့်အရေးအကြီးအကဲ Turk ကို AA က ဘယ်လို တုန့်ပြန်သလဲ

ကုလသမဂ္ဂ UN ၏ လူ့အခွင့်အရေးကော်မရှင်နာအကြီးအကဲ Volker Türk က ရခိုင်ပြည်အတွင်း လတ်တလော ဖြစ်ပွားနေသော အခြေအနေများကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ပြောဆိုခဲ့သည်။

Turk ၏ ပြောဆိုချက်မှာ မွတ်ဆလင်လူမျိုးသည် ရခိုင်ပြည်၏ ဇာတ်ကောင်ထဲတွင် ပစ်မှတ်ထားခံနေရပြီး နောက်ထပ်တစ်ကြိမ် ပစ်မှတ်ထားရန် ခွင့်မပြုသင့်ကြောင်း၊ စစ်အာဏာရှင်အား တော်လှန်နေသော အာရက္ခတပ်တော် AA ကို မွတ်ဆလင်များအား လူမျိုးတုန်းသတ်ဖြတ်ပြီး လက်ရှိလည်း နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့် မြန်မာစစ်တပ်လည်းဖြစ် စစ်ကောင်စီနှင့် တန်းတူထား ပြောဆိုခြင်း၊ ရခိုင်ပြည်မှာ ရခိုင်တိုင်းရင်းသားများလည်း အကြမ်းဖက်ခံနေရသည်ကို မျက်ကွယ်ပြုပြီး မွတ်ဆလင်များသာ အကြမ်းဖက်သတ်ဖြတ်ခံနေရသည်ဟု ပြောဆိုခြင်းနှင့် စစ်ကောင်စီ၏ အကြမ်းဖက်ကျူးလွန်နေသည့် လုပ်ရပ်များကို ရခိုင်လူထုသို့ အပြစ်ပုံချထားခြင်း စသည့်အချက်များပါဝင်သည်။

Turk ၏ ပြောဆိုချက်များထဲတွင် အချက်အလက်အားဖြင့် မှားယွင်းနေခြင်း၊ ဘက်လိုက်သော စွပ်စွဲချက်များအပြင် အဖြစ်မှန်ကိုဖုံးကွယ်ရန် ကြိုးစားခြင်းများနှင့် ပြည့်နှံ့နေသည်ကို အာရက္ခတပ်တော် AA က ယခုလို တုန့်ပြန်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့ ညတွင် ထုတ်ပြန်ထားသည်။

■ ARSA, ARA, RSO အကြမ်းဖက်အဖွဲ့များ ကျူးလွန်နေသည့်ကိစ္စ

“ရက္ခိုင်ပြည်သည် အဖွဲ့အစည်းများစွာပါဝင်သည့် စစ်မြေပြင် ပြန်ဖြစ်လာပြီး၊ အရပ်သားများမှာ ကြီးမားသော ဆုံးရှုံးမှုကိုပေးဆပ်နေရပြီး၊ ‘မွတ်ဆလင်များ” သည် ပို၍အန္တရာယ်ကျရောက်နေသည်ဟု Turk က ပြောဆိုခဲ့သည်။

ထိုပြောချက်ကို AA က  “အဖွဲ့အစည်းများစွာ’ ဟူသည်ကို ကော်မရှင်နာအနေဖြင့် ပို၍ ထင်ရှားစွာ ဖော်ပြရန် လိုအပ်သည်ဟု ဆိုသည်။ ယခင်စစ်ပွဲများတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ကြားသာ ဖြစ်ပေါ်ခဲ့သော တိုက်ခိုက်မှုများဖြစ်သော်လည်း ယခုတစ်ခုကြိမ်တွင် စကစ အာဏာပိုင်များ၏ ပြဿနာဖန်တီးမှုကြောင့် မွတ်ဆလင်အစွန်းရောက်အဖွဲ့များဖြစ်သော ARSA (Arakan Rohingya Salvation Army), ARA (Arakan Rohingya Army), RSO (Rohingya Solidarity Organization) မွတ်ဆလင်လက်နက်ကိုင်များ ခေါင်းထောင်ပေါ်ထွက်လာပြီး၊ အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့်သာ ပို၍ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန်အရေးကြီးကြောင်း AA က ပြောသည်။

တဖက်တွင် စစ်ပွဲ၏ ဒါဏ်ကို ခံစားရသူများထဲတွင် မွတ်ဆလင်အသိုင်းအဝိုင်းကိုသာ ပိုအလေးပေးဖော်ပြထားခြင်းသည်လည်း တခြားသော ဒုက္ခခံစားနေကြရသူများအား လစ်လျူရှုရာရောက်သည်။

မှတ်တမ်းများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ တကျော့ပြန်စစ်ပွဲများ စတင်သည်မှ မတ်လ ၂၁ ရက်နေ့အထိ စစ်ပွဲကြောင့်သေဆုံးသူ ၁၇၉ ဦး၊ ဒါဏ်ရာရာသူ ၄၆၈ ဦးတို့ရှိပြီး ယင်းအထဲတွင် မွတ်ဆလင် ၂၅ ရာခိုင်နှုန်း အောက်တွင်သာရှိပြီး ရခိုင်နှင့် တခြားလူမျိုးစုများမှာ ၇၀ ရာခိုင်နှုန်းအထက်ရှိသည်။ ဤသည်မှာ စစ်ကောင်စီမှ မွတ်ဆလင်များထက် ရခိုင်လူမျိုးများကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုနည်းအတူပင် “၁၀၂၇ အော်ပရေးရှင်း” စတင်သည်မှ ယခု ဘူးသီးတောင်နယ်တိုက်ပွဲမပြင်းထန်မီအချိန် မတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲများကြောင့် ထွက်ပေါ်ခဲ့သော စစ်ဘေးဒုက္ခသည် IDP အရေအတွက် သုံးသိန်း (၃၀၀,၀၀၀) ကျော်တွင် မွတ်ဆလင်အရေအတွက် ၁၅ ရာခိုင်နန်းသာပါဝင်ပြီး ၈၅ ရာခိုင်နှန်းမှာ ရက္ခိုင်လူမျိုးများနှင့် မွတ်ဆလင်မဟုတ်သော ကျန်ဒေသခံလူမျိုးများသာဖြစ်၍ ကုလကော်မရှင်နာ၏ ထိုကဲ့သို့ ညွှန်းဆိုချက်သည် မြေပြင်ပကဓိ အခြေအနေ၊ အချက်အလက်များနှင့် လွဲချော်နေပြီး တဖက်သက် ဘက်လိုက်မှုသာ ဖြစ်နေသည်ဟု AA က ပြောသည်။

■ အကြမ်းဖက်မှုကျူးလွန်နေသော စစ်ကောင်စီနှင့် AA ကို တန်တူထား မပြောဆိုသင့်

“ပို၍ အခြေအနေဆိုးနေသည်မှာ မွတ်ဆလင်များအား ၂၀၁၇ တွင် အဖွဲ့အစည်းတစ်ခုတည်းမှသာ ဦးတည်တိုက်ခိုက်ပြီး ယခုအချိန်တွင် မွတ်ဆလင်များအား သတ်ဖြတ်ခဲ့သော မှတ်တမ်းရှိသည့် လက်နက်ကိုင်အုပ်စုနှစ်ခုကြားတွင် ပိတ်မိနေပေသည်။ ကျနော်တို့ အနေဖြင့် မွတ်ဆလင်များကို နောက်တစ်ကြိမ် ဦးတည်တိုက်ခိုက်မှုကို ခွင့်မပြုနိုင်ပေ”ဟု Turk ၏ ပြောဆိုချက်ကို AA က ယခုလို ပြန်တုန့်ပြန်သည်။

Turk ၏ ပြောဆိုချက်မှာ “လက်နက်ကိုင် အုပ်စုနှစ်ခု’ ဟူသည် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် စစ်အာဏာရှင်ဆန့်ကျင် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော် AA နှင့် တစ်ကမ္ဘာလုံးနှင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအား ဖိနှိပ်သတ်ဖြတ်နေသော ဖက်စစ် ‘စစ်ကောင်စီတပ်’ တို့ကို ရည်ညွန်းသည်ဟု ထင်ရပြီး အာရက္ခတပ်တော်နှင့် ဖက်စစ်စစ်တပ်အား ထိုကဲ့သို့ ‘ကျင့်ဝတ်ဂုဏ်သိက္ခာအရ’ တစ်တန်းတည်းထား ပြောကြားခြင်းသည် လွန်စွာလွဲမှားသော စဉ်းစားချက်ဖြစ်သည်။

အကြမ်းဖက် စစ်ကောင်စီသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ရက္ခိုင်လူမျိုးများအပါအဝင် ရခိုင်ဒေသရှိ မွတ်ဆလင်များကို လူမျိုးရေး၊ ဘာသာရေးအရ ပစ်မှတ်ထားကာ အပြစ်မဲ့ပြည်သူများအား ရာထောင်ချီအောင် သတ်ဖြတ်ခဲ့သော အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများထဲတွင် ၂၀၁၇ ခုနှစ်က အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ယနေ့တိုင် ‘နိုင်ငံတကာရာဇဝတ်ရုံး’ (ICJ) တွင် “လူမျိုးတုံးသတ်ဖြတ်မှု’ စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ လက်ရှိကာလတွင်လည်း ICJ မှ ချမှတ်ထားသော “ကြားဖြတ်အမိန့်များ’ (provisional measures) ကို လိုက်နာရန် ပျက်ကွက်နေသည့်အပြင် မွတ်ဆလင်များအား ပစ်မှတ်ထား သတ်ဖြတ်နေဆဲလည်းဖြစ်သည်။

တဖက်တွင် အာရက္ခတပ်တော် AA သည် ရက္ခိုင်ပြည်ရှိ လူမျိုး၊ ဘာသာ အုပ်စုတိုင်းကို အကာအကွယ်ပေးရန် ရပ်တည်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့် အပြစ်မဲ့ မွတ်ဆလင်အရပ်သားကိုမျှ ရည်ရွယ်ချက်ရှိရှိ ဦးတည်သတ်ဖြတ်ခဲ့ခြင်း မရှိပေ။ ယခုနှင့် နောက်နောင်တွင်လည်း မွတ်ဆလင်များအပါအဝင် ရခိုင်ပြည်အတွင်း ပြည်သူများအားလုံးကို ထိရောက်စွာ အကာအကွယ်ပေးသွားမည်ဟု AA က ပြောသည်။

ထို့အပြင် ကုလကော်မရှင်နာ၏ ပြောကြားချက်ထဲတွင် ARSA, ARA, RSO ကဲ့သို့ အစွန်းရောက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ၏ အပြစ်မဲ့ ရက္ခိုင်၊ မွတ်ဆလင်နှင့် လူနည်းစု ပြည်သူများအား သတ်ဖြတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ကို ဖော်ပြမထားသည်မှာလည်း အံ့ဩဖွယ်ဖြစ်သော လိုအပ်ချက်ဖြစ်ကြောင်း AA က တုန့်ပြန်သည်။

ရခိုင်ပြည်မြောက်ဘက်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ် ဆက်စပ်နယ်မြေတစ်ဝိုက်၏ လက်ရှိအခြေနေမှာ ARA, ARSA, RSO တို့အပြင် တစ်ခြားသော ဒေသခံလက်နက်ကိုင် မူးယစ်ဂိုဏ်များမှ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ အမြဲဖြစ်ပျက်နေပြီး ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လျှက်ရှိနေသည်ဟု ဆိုသည်။

ဘူးသီးတောင်က နေအိမ်များ မီးရှို့ခံရခြင်း ကိစ္စ

“စစ်ကောင်စီသည် မွတ်ဆလင်လက်နက်ကိုင် (သို့) ရွာသားများကို ရခိုင်အိမ်၊ အဆောက်အုံ (သို့) ရွာအားများမီးရှို့ရန် တွန်းအားပေးသည်ဟု တချို့ရေးသားချက်များမှ ဆိုသည်။ တဖက်တွင် ရခိုင်လူမျိုးရွာသားများသည်လည်း ထိုကဲ့သို့ပင် မွတ်ဆလင်ရွားများကို မီးရှို့ခြင်းအားဖြင့် တုန့်ပြန်သည်ဟု စွပ်စွဲပြောဆိုကြသည်” ဟု Turk က စွပ်စွဲထားသည်။

MSF ရုံး မီးရှို့ခံရစဉ်

Turk ၏ ပြောကြားချက်သည် အမှားနှင့် အမှန်ကို ရှုပ်ထွေးစေပြီး မွတ်ဆလင်လက်နက်ကိုင်များ၊ ရွာသားများကို ရခိုင်လူမျိုးများ၏ အိမ်၊ အဆောက်အအုံနှင့်ရွာများကို စစ်ကောင်စီအာဏာပိုင်များမှ မီးရှို့ရန် တိုက်တွန်းပြောကြားချက်မှာ မှတ်တမ်းတင်ထားချက်များအရ မှန်ကန်ရုံမျှမက ဧပြီ ၁၈-၁၉ ရက်နေ့တွင် အစွန်းရောက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော ARSA, ARA, RSO တို့၏ ရောယှက်ရှုပ်ထွေးနေသော တပ်ဖွဲ့ဝင်များနှင့် အမာခံအဖွဲ့ဝင်များမှ MSF ရုံးအပါအဝင် ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်အိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခြင်းနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ဂိုဒေါင်များအား ဖောက်ထွင်းလုယက်ခိုးယူခြင်းတို့မှာ ထင်ရှားသော သက်သေဖြစ်သည်ဟု AA က ပြောသည်။

ယင်းမတိုင်မီ ဧပြီလ ၁၂ ရက်နေ့တွင် ဘူးသီးတောင်မြို့ပေါ်၌ အပြစ်မဲ့ ရခိုင်လူငယ်နှစ်ဦးကို လည်လှီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်တို့ကို Turk က ဖော်ပြထားခြင်းလည်း မရှိပေ။ တဖက်တွင် ရခိုင်လူမျိုးများမှ မွတ်ဆလင်ရွာများကို မီးရှို့တုန့်ပြန်ခဲ့သည်ဟူသည့် ဖြစ်ရပ်မှာလည်း မည်သည့် နေရာမှာမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ၊ သက်သေ အထောက်အထားမရှိဘဲ ကော်မရှင်နာ၏ စိတ်ကူးယဉ် မှားယွင်းစွာ ပြောဆိုခဲ့ခြင်းသာဖြစ်ကြောင်း AA က ပြောသည်။

Turk က အထင်အမြင်လွဲမှားပြီး သတင်းအမှားကို ယုံကြည်လက်ခံနေခြင်း

“ကော်မရှင်နာမှ သတင်းတုနှင့် ဝါဒဖြန့်မူများသည် ကြီးမားစွာဖြစ်ပေါ်နေပြီး၊ ‘အစ္စလာမ်မစ် အစွန်းရောက်များ’ မှ ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များကို ဓါးစာခံဖမ်းထားတယ် ဟူသည့် ကိစ္စအား ရည်ညွန်းပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၂ဝ၁၂ ခုနှစ် အသိုင်းအဝိုင်းများကြား အကြမ်းဖက်မှုနှင့် ၂ဝ၁၇ ခုနှစ် မွတ်ဆလင်များကို ဆိုးရွားပြင်းထန်သော တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေခဲ့သော အမုန်းစကားမျိုးဖြစ်စေသည်။” ဟု Turk က ပြောသည်။

Turk ၏ ပြောကြားချက်သည် ၂၀၁၂ နှင့် ၂၀၁၇ အကြမ်းဖက်မှု ပဋိပက္ခအခြေအနေများနှင့် ယခုလက်ရှိ အခြေအနေများကို အတူတူဖြစ်နေသည်ဟု မှားယွားစွာ ယုံကြည်မှုများမှ မြစ်ဖျားခံလာပုံရသည်။ အခြေအနေအမှန်ကို နားလည်ရန် လိုအပ်သည်မှာ ၂၀၁၂ နှင့် ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုများ ဖြစ်ရသည်မှာ ယခု အကြမ်းဖက် စစ်ကောင်စီဖြစ်သော မြန်မာစစ်တပ်မှ ရခိုင်ပြည်ရှိ မတူညီသော လူမျိုး၊ ဘာသာများကြား ရန်တိုက်ကာ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးဖမ်းခဲ့သောကြောင်းဖြစ်သည်။ 

သို့သော် ULA အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ် အုပ်ချုပ်ရေးယန္တယားများကို စတင်ထူထောင်သည်မှစ၍ ဒေသတွင်း မတူညီသော လူမျိုး၊ ဘာသာများကြား လူမှုသဟဇာတဖြစ်စေသော လှုပ်ရှားမှုများပြုလုပ်ခြင်း၊ အုပ်ချုပ်ရေးယန္တယားအတွင်း ဒေသခံမွတ်ဆလင်များအား ပါဝင်စေခြင်းနှင့် ကိုဗစ်-၁၉ (Covid-19) နှင့် မိုခါဆိုင်ကလုန်း (Mocha Cyclone) ကဲ့သို့ အရေးပါ် ကျန်းမာရေး၊ သဘာဝဘေးကာလများတွင်ပါ ကျောသားရင်သား မခွဲခြားဘဲ ကူညီကယ်ဆယ်ခြင်းတို့ကို တစိုက်မက်မက် လုပ်ဆောင်ခဲ့ပေသည်။

ထို့ကြောင့် ယခုကာလတွင် စစ်ကောင်စီနှင့် အစွန်းရောက် အကြမ်းဖက်မွတ်ဆလင်အုပ်စုများမှ မည်သို့ပင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်သော လှုံဆော်အကြမ်းဖက်မူများကို ဦးတည်ပြုလုပ်နေပါစေ ၎င်းတို့ ရည်မှန်းအချက်အတိုင်း အထမမြောက်လာနိုင်ကြောင်း AA က ကတိပေးပြောဆိုထားသည်။

ဘူးသီးတောင်မြို့ထက်တွင် ဟိန္ဒီနှင့် ဗုဒ္ဓဘာသာဝင်များကို အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး ARSA, ARA ကဲ့သို့ အကြမ်းဖက်အုပ်စုများမှ ပြန်ပေးဆွဲ ဓါးစာခံပြုလုပ်ထားသည့် လုပ်ရပ်သည် အလွန်တရာ အကျဉ်းတန်သော လုပ်ရပ်ဖြစ်ကြောင်းနှင့် လူပေါင်း ၂၀၀၀ ကျော်၏ အသက်ကိုငဲ့ညာသော စကားတစ်ခွန်းမှ Turk က မပြောခဲ့သည်မှာ လွန်စွာ ကိုယ်စားစာနာမှုအားနည်းသော ခွဲခြားဆက်ဆံသော လုပ်ရပ်ဖြစ်ကြောင်း AA က ဆိုသည်။

စစ်ကောင်စီ ကျူးလွန်သည့်လုပ်ရပ်ကို ရခိုင်လူထုအား အပြစ်ပုံမချရန်

လက်ရှိကာလ ရခိုင်ပြည် စစ်ရေး၊ နိုင်ငံရေး အခြေအနေများသည် အလွန်တရာ အတိမ်းအစောင်းမခံနိုင်သော ကာလဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ သက်ဆိုင်သူများအနေဖြင့် မြေပြင်အခြေအနေမှန်များကို သတိထား ဆင်ခြင်သုံးသပ်ရန် ရေးကြီးသည်။ မလိုလားအပ်သော ပြောဆိုရေးသားချက်များကြောင့် ပြည်သူလူထုကြားတွင် ပွတ်တိုက်မှုများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ကြောင်း AA က ပြောသည်။

ကုလကော်မရှင်နာ Turk ၏ ပြောကြားချက်များသည် မွတ်ဆလင်နှင့် မွတ်ဆလင်မဟုတ်သော အသိုင်းအဝန်းကြားတွင် ပို၍ အထင်မြင်လွှဲမှားမှုများ အမုန်းတရားများကို ဖြစ်စေသည့်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင် ရက္ခိုင်လူ့အဖွဲ့စည်းအား ချို့နှိမ့်ဆက်ဆံစေသော အမြင်များကို ဖြစ်စေကြောင်း AA က ပြောသည်။

အာရက္ခတပ်တော် AA မှ ဦးဆောင်ပါဝင်နေသော နိုင်ငံအနှံ့ စစ်အာဏာရှင်တိုက်ဖျက်ရေး အခန်းကဏ္ဍကိုလည်း သေးသိမ်မှေးမှိတ်သွားအောင် လုပ်ဆောင်ရာရောက်ပြီး တစ်နိုင်ငံလုံး၏ စစ်အာဏာရှင် လက်အောက်မှ လွှတ်မြောက်ရေး ကြိုးပမ်းမှုကိုလည်း ထိခိုက်စေနိုင်ကြောင်းနှင့် အာရက္ခပြည်သူများ၏ ကောင်းကျိုးကို စိတ်ရင်းစေတနာအမှန်ဖြင့် ဆောင်ရွက်လိုပါက ULA အစိုးရအဖွဲ့နှင့် အပြုသဘောဆောင် ချိတ်ဆက်လုပ်ဆောင်ရန် အရေးကြီးကြောင်း Turk ကို AA က တိုက်တွန်းထားသည်။

ULA/AA အစိုးရအဖွဲ့အနေဖြင့်လည်း အာရက္ခဒေသတွင်း မည်သည့် လူမျိုး၊ ဘာသာဝင် နောက်ခံရှိသည်ဖြစ်စေ ခွဲခြားဆက်ဆံခြင်း မပြုလုပ်ဘဲ ကာကွယ်စောင့်ရှောင်သွားမည်ဖြစ်ကြောင်း AA က အသိပေး ပြောကြားထားသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular