Western News
Homeနိုင်ငံရေးသံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး

သံတွဲ ဂေါ့တောင်တွင် တိုက်ပွဲဆက်လက်ရှိနေသေး

(သံတွဲတိုက်ပွဲ စစ်ရှောင်အရေအတွက် တိုးလာနေ၊ ခန့်မှန်းခြေ ၂၅,၀၀၀ ခန့်ရှိ)

ရခိုင်ပြည် သံတွဲမြို့နယ် ဂေါ့ကျေးရွာအနီး ဂေါ့တောင်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေသေးကြောင်း စစ်ရေးအခြေအနေသိသူများထံမှ သိရသည်။
ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်နံနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေကြောင်း စစ်ရေးအခြေအနေသိသူတစ်ဦးက ပြောသည်။
” ဂေါ့တောင်တိုက်ပွဲကတော့ ဆက်ရှိနေပါသေးတယ်။ မနေ့ကတောင် သံတွဲလေဆိပ်အနီးမှာလည်း လက်နက်ကြီးပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ ဟိုး အရင်ရက်တွေတုန်းကလောက် တိုက်ပွဲက သိပ်မပြင်းဘူး။ ဒီ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက တိုက်ပွဲကတော့ ဖြစ်ကြတာ မကြားမိဘူး။ ” ဟု ပြောသည်။


ဒေါ်မြ၊ လင်းသီ၊ ရွှေလှေတစ်ဝိုက်နှင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းထဲက စစ်ကောင်စီတပ်စခန်းများမှာ သံတွဲမြို့အနီးသို့ ဆုတ်ခွာလာကြောင်းနှင့် AA က ယင်းဒေသကို ထိန်းချုပ်လိုက်ပြီဟု သတင်းများထွက်ပေါ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။


ဧပြီလတတိယအပတ်ကစတင်ခဲ့သည့် သံတွဲတိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် တိုက်ပွဲပြင်းထန်လာပြီး စစ်ရှောင်အရပ်သားပြည်သူများမှာလည်း အိုးအိမ်မဲ့နေရပ်စွန့်ခွာရသူ တိုးလာနေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” တိုက်ပွဲကတော့ နေ့စဉ်ရှိနေတာပေါ့နော်။ တိုက်ပွဲမရှိလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းလား၊ လေယာဉ်နဲ့လားမသိဘူး။ ဗုံးကြဲတိုက်ခိုက်တာတွေရှိနေတော့ ပြည်သူတွေက ဘေးကင်းမယ်ထင်တဲ့ နေရာတွေကို သွားကြတာပေါ့။ စစ်ရှောင်အရေအတွက်ကတော့ တိုးတိုးလာနေတယ်။ ကျမတို့ ခန့်မှန်းတာက ၂၅,၀၀၀ လောက်တောင်ရှိတယ်လို့ ပြောတယ်။ အကူအညီတွေကတော့ မရဘူးလို့ပြောရမယ်။ ဖြစ်သလို စားသောက် နေထိုင်နေရပါတယ်။ အကူအညီရရင်တော့ သိပ်ကောင်းမှာပေါ့နော်။ ” ဟု ပြောသည်။


ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာက ပိတ်မိနေသော အရပ်သားပြည်သူများ ထောင်နှင့်ချီကို အာရက္ခတပ်တော် AA က ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် စစ်ကောင်စီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးရာချီပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုကြောင့် ဆင်ခေါင်းရွာသား ၁၄ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂၄ ဦးထက်မနည်းရှိခဲ့ကြောင်းနှင့် နေအိမ် ၁၀၀ ကျော်မှာလည်း လုံးဝပျက်စီးသွားကြောင်း အာရက္ခတပ်တော် AA က ယနေ့ ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။


ဆင်ခေါင်းရွာမှ သေဆုံးသူ ၁၄ နှင့်ပေါင်းလျှင် သံတွဲတိုက်ပွဲအတွင်း အရပ်သားပြည်သူ သေဆုံးသူ ၃၉ ဦးအထိရှိလာနေပြီး အဆိုပါစာရင်းမှာ နာမည်၊ အသက်နှင့်တကွ အတည်ပြုနိုင်သော စာရင်းများဖြစ်သည်။
ရခိုင်ပြည်အတွင်း လက်ကျန်မြို့များအနက် သံတွဲ၊ မောင်တောနှင့် အမ်းမြို့နယ်တို့က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ တပ်စခန်းများကို အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး မောင်တောမြို့နယ်က မောရဝတီဌာနချုပ်အပါအဝင် တပ်စခန်း ၁၀ ခုကို ဇွန်လ နှစ်ပတ်အတွင်း AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ဓါတ်ပုံ – ဂေါ့ကျေးရွာနှင့် ဆင်ခေါင်းကျေးရွာတို့က ပိတ်မိနေသော ပြည်သူထောင်ချီကို AA က ကယ်ထုတ်ပေးနေစဉ်။ (ဓါတ်ပုံ – APM)

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular