Western News
Homeနိုင်ငံရေးမြောက်ပိုင်းညီနောင်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာ၍ စစ်ကောင်စီတပ်များအားလုံး စစ်ပြင်ဆင်နေ

မြောက်ပိုင်းညီနောင်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာ၍ စစ်ကောင်စီတပ်များအားလုံး စစ်ပြင်ဆင်နေ

Western News| ဇွန် ၁၅
ရှမ်းပြည်နယ် မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်များ လားရှို့မြို့အနီးသို့ ရောက်ရှိလာပြီဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်များအားလုံး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု စုံစမ်းသိရသည်။

ကိုးကန့်တပ် MNDAA ၊ တအောင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ ညီနောင်တပ်ဖွဲ့များ လားရှို့မြို့အနီး ပတ်ဝန်းကျင်အထိ နေရာယူလာထားပြီး လားရှိုးစစ်ကောင်စီတပ်ရင်းများမှလည်း စစ်ရေးပြင်ဆင်နေ၍ နှစ်ဖက် စစ်ရေးတင်းမာနေကြသည်ဟ သတင်းရင်းမြစ်က ပြောသည်။
နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က “လားရှိုးနဲ့ ရှမ်းမြောက်တစ်ခွင်မှာ စစ်ရေးအရ အတော်လေးကို အဆင်သင့်ပြင်တာတွေ လုပ်နေတယ်။ တပ်အင်အားတွေ ထပ်ပြီးတော့ တိုးပို့နေတာလည်းရှိတယ်။ နဂိုလည်း ပို့နေပြီးသားတွေရှိတယ်။ လက်နက် ခဲယမ်းတွေ ပို့တာတွေလည်းရှိပါတယ်” ဟု ပြောသည်။

ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ ဟိုင်ဂင်သဘာတူညီချက်ဖြင့် အပစ်အခတ် ရပ်စဲခဲ့ကြသည်။

သို့သော်လည်း စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်များကို သွယ်ဖီ၍ စစ်ရေးပြင်ဆင်ခြင်း၊ ကိုးကန့်နှင့်တအောင်းဒေသကို လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေသည်။
ဇွန်လ ၉ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က တအောင်းဒေသ မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာကြား TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး ၃ ကြိမ်ပစ်ခတ်ခြင်း၊ လေယာဉ်က ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။

ထိုကြောင့်လည်း တအောင်ဒေသတွင် စစ်ကောင်စီနှင့် TNLA တို့ နှစ်ဖက်စစ်ရေးတင်းမာနေသလို လားရှိုးမြို့ကို သိမ်းပိုက်ရန် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က ချဉ်းကပ်လာခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။
စစ်ရေးသုံးသပ်သူတစ်ဦးက ” ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီဘက်က အရင်ဖျက်တာဆိုတော့ ဒီထက်ပိုဆိုးလာရင် ရှမ်းမြောက်တိုက်ပွဲက ပြန်စနိုင်တယ်။ ဟိုင်ဂင်အစည်းအဝေးတွေကလည်း ရလဒ် သိပ်ထွက်တာမဟုတ်ဘူး။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ မရပ်တန့်ရင်တော့ မြောက်ပိုင်းတပ်တွေကလည်း ဒီအတိုင်းငြိမ်ခံမှာတော့ မဟုတ်ဘူး ထင်တယ်။ ” ဟု ပြောသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီသည် ဆုံးရှုံးသွားသော ရှမ်းမြောက်က ကိုးကန့်ဒေသနှင့် တအောင်းဒေသများကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ရေးပြင်ဆင်မှုများကို အကြီးစားပြုလုပ်နေကြောင်း သိရသည်။

လားရှို့မြို့အနီး ညီနောင်မဟာမိတ်တပ်များ ရောက်ရှိလာသည်ကို စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က နေပြည်တော် စစ်ရေးရုံးသို့ တိုင်ကြားထားသလို တရုတ်အစိုးရထံသို့လည်း တိုင်ကြားထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular