Western News
Homeနိုင်ငံရေးမြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ

မြန်မာစစ်ရှောင် ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချခြင်း ကန့်ကွက်ရှုတ်ချ

အာဏာသိမ်း စစ်ကောင်စီကြောင့် အိန္ဒိယနိုင်ငံထဲသို့ စစ်ဘေးရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည် ၇၀,၀၀၀ ကျော်ထဲက ၂၃၆ ဦးကို အိန္ဒိယအစိုးရက ဖမ်းဆီးထောင်ချထားခြင်းအား မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသည့်အဖွဲ့ ၄ ခုက ကန့်ကွတ်ရှုတ်ချပြီး ၎င်းတို့ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

မြန်မာပြည်သူများမှာ စစ်တပ်ကြောင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း၊ မတရားဖမ်းဆီးခံနေရခြင်းနှင့် လူ့အခွင့်အရေးများစွာကို ချိုးဖောက်ခံနေရချိန် အိန္ဒိယအစိုးရသည် မြန်မာပြည်သူများအပေါ် မရပ်တည်ဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေခြင်းကို များစွာစိတ်မကောင်းဖြစ်ရသည်ဟု India for Myanmar, Blood Money Campaign, Defend Myanmar Democracy, Sitt Nyein Pann Foundation အဖွဲ့တို့က ယနေ့ ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

အိန္ဒိယအစိုးရသည် အာသံပြည်နယ်က မြန်မာစစ်ရှောင် ၂၇ ဦးနှင့် မဏိပူရ်ပြည်နယ်က မြန်မာစစ်ရှောင် ၂၀၉ ဦးခန့်ကို ဖမ်းဆီးထောင်ချထားပြီး ယင်းအထဲက ၇၆ ဦးကို အိန္ဒိယအစိုးရက စစ်ကောင်စီထံသို့ လွှဲပြောင်းထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ၎င်းတို့ကျခံရမည့် ပြစ်ဒဏ်၊ ငွေဒဏ်များ ကျခံပြီးဖြစ်သော်လည်း အိန္ဒိယအစိုးရက ဆက်လက်ဖမ်းဆီးထိန်းသိမ်းထား၍ ဖမ်းဆီးခံရသူများနှင့် မိသားစုဝင်များမှာ များစွာနစ်နာနေရသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း အဆိုပါ ၄ ဖွဲ့က ဆိုသည်။

ပြစ်ဒဏ်ကျခံပြီး လွှတ်ပေးမည်ဟု ပြောဆိုထားပြီးမှ အိန္ဒိယအစိုးရက ပြန်မလွှတ်ဘဲ ထပ်မံ ရူပီငွေ ၅ သောင်းတောင်းခံခြင်းနှင့် ဆေးကုသခွင့်မပေးခြင်းတို့ကြောင့် အသက် ၃၂ နှစ်အရွယ် Mr. Demkholum Guite သည် ထောင်ထဲတွင် သေဆုံးခဲ့ရကြောင်း သိရသည်။

“ဖမ်းဆီးခံသူများထဲမှ အမျိုးသမီး ၆ ဦး ထက်မနည်း ထောင်တွင်း မီးဖွားခြင်းနှင့် မွေးဖွားလာသော ကလေးငယ်များ ကာကွယ်ဆေးထိုးနှံခွင့် မရရှိခြင်းများ ကြုံတွေ့ နေရသည်” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် ထောင်တွင်း သောက်ရေသန့် မရရှိခြင်းကြောင့် ထောင်သန့်စင်ခန်းအတွင်းရှိ ရေများကိုသာ သောက်သုံးရေအဖြစ် သုံးစေခြင်း၊ ထောင်တွင်း အစားအသောက်နှင့် သောက်ရေသန့် အခက်အခဲများကြောင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားတချို့ အူအတက်ခွဲစိတ်သည်အထိ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်နေရသည်။

ထောင်တွင်း တပတ်တစ်ကြိမ် (သို့) နှစ်ပတ်တစ်ကြိမ်ခန့်သာ ရေချိုးခွင့်ပေးခြင်းနှင့် ထောင်တွင်း တခြားအိန္ဒိယနိုင်ငံသား အကျဉ်းသားများ၏ နှိပ်စက်ခံရမှုများကိုလည်း မြန်မာစစ်ရှောင်များမှာ ကြုံတွေ့နေသည်ဟု ဆိုသည်။

အိန္ဒိယအကျဉ်းထောင်များထဲတွင် ဖမ်းဆီးခံထားရသော ကျန်ရှိ မြန်မာစစ်ရှောင်များနှင့် မြန်မာစစ်ရှောင် ၅,၀၀၀ ကျော်ကို အိန္ဒိယအစိုးရက စစ်ကောင်စီထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေသည့်အတွက် အဆိုပါ ၄ ဖွဲ့က အလွန်စိုးရိမ်ပူနေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် လက်ရှိ အကြပ်တည်းဆုံးကာလတွင် အိမ်နီးချင်း ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖြစ်သော အိန္ဒိယ ဗဟိုအစိုးရနှင့် အိမ်နီးချင်း မဏိပူရ် ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များသည် အာဏာရှင်စနစ်ကို အားပေးနေကာ အကြမ်းဖက် စစ်အုပ်စုအတွက် အကျိုးဖြစ်ထွန်းလျက်ရှိပြီး အနာဂတ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို များစွာထိခိုက်နိုင်သည်ဟု မှတ်ယူကြောင်း ထုတ်ပြန်သည်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် အလုံးစုံ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် အလားအလာ အကောင်းဆုံး ဖြစ်နေသည့်အချိန်တွင် အိမ်နီးချင်းကောင်းနိုင်ငံပီသစွာ ဒီမိုကရေစီကျင့်ဝတ်၊ စံနှုန်းများအတိုင်း ကျင့်သုံးပြီး အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံ၏ ထောက်ပံ့ကူညီဖေးမမှုများသည် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးများစွာ ရှိစေမည်ဟု ဆိုသည်။

ထိုကြောင့် အိန္ဒိယအစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့သောလုပ်ရပ်များနှင့် လူ့အခွင့်အရေး ချိုးဖောက်သော လုပ်ရပ်များအား ချက်ချင်း ရပ်တန့်ကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသော မြန်မာစစ်ဘေးရှောင် ဒုက္ခသည်များ၏ အစာငတ်ခံဆန္ဒပြ တောင်းဆိုမှုများအား လူသားချင်းစာနာမှုဖြင့် ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး အိန္ဒိယနိုင်ငံအတွင်း၌သာ ပြန်လည်ခိုလှုံခွင့်ပေးရန်နှင့် ဒီမိုကရေစီ၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးပါရန် အလေးအနက် တိုက်တွန်း တောင်းဆိုကြောင်း ထုတ်ပြန် ကြေညာထားကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular