Western News
Homeစစ်ရေးCNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

(AA ကို ဘာကြောင့်ခေါ်လာတာလဲဟု ချင်းညီနောင်တပ်ဖွဲ့ကို CNA မေးခွန်းထုတ်)

Western News| ဇွန် ၂၀

စစ်ကောင်စီ ထိန်းချုပ်ထားသော ချင်းပြည်နယ် မတူပီမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေသော ချင်းညီနောင်တပ်ဖွဲ့များနှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းအမျိုးသားတပ်မတော် CNA က အလစ်အငိုက် ဝင်တိုက်၍ ချင်းတပ်နှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် CNA တပ်နှင့် ၎င်းလက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့သည် ချင်းညီနောင်တပ်ဖွဲ့ကို ဇွန်လ ၁၈ ရက်နေ့က အလစ်အငိုက် ဝင်တိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခလရ ၁၄၀ တပ်ရင်းကို ချင်းညီနောင်တပ်နှင့် မဟာမိတ်တပ်တို့က တိုက်ခိုက်နေချိန် ဇွန်လ ၁၇ ရက် ညနေတွင် CNA တပ်ဖွဲ့ဝင်တစ်ဦးက ၁၄၀ တပ်ရင်းသို့ ဦးတည် ကားမောင်းလာ၍ လုံခြုံရေးအရ ကားသမားအား ယာယီထိန်းသိမ်းခဲ့ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။

CNA တပ်ဖွဲ့ဝင် ကားသမားကို ပြန်လွှတ်ပေးရန် ချင်းညီနောင်တပ်ဖွဲ့က ဆုံးဖြတ်ခဲ့သော်လည်း ဇွန်လ ၁၈ ရက် နံနက် ၆ နာရီခန့်အချိန်တွင် CNA က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များကို အလစ်အငိုက်ဝင်တိုက်ခဲ့၍ ချင်းညီနောင်တပ်ဖွဲ့ ၂ ဦး ကျဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

လက်ရှိတွင် ချင်းညီနောင်တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်မတော် CNA တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေကြောင်းနှင့် ချင်းညီနောင်တပ်ဖွဲ့၊ မဟာမိတ်တပ်ဖွဲ့တို့ကို CNA တပ်များနှင့် စစ်ကောင်စီတပ်ရင်းတို့က နှစ်ဖက်ညှပ် တိုက်ခိုက်နေ၍ ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က ပြန်လည် ခုခံတိုက်ခိုက်နေရကြောင်း ပြောဆိုထားသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းအမျိုးသားတပ်မတော် CNA ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မည့်အချိန် ချင်းညီနောင်တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့က တားဆီးပိတ်ပင် ဟန့်တားခြင်းနှင့် CNA တပ်ဖွဲ့ဝင်အား ဖမ်းဆီးထား၍ ချင်းညီနောင်တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက တုန့်ပြန်ထားသည်။

မတူပီမြို့တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ရင်း ခမရ ၃၀၄ ၊ ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ရန် CDF – မတူပီ တပ်မဟာ ၂ နှင့် CNA တို့ ဧပြီလ ၂၆ ရက်က ကြိုတင်ညှိနှိုင်းထားခဲ့သော်လည်း ချင်းညီနောင်တပ်ဖွဲ့နှင့်ပူးပေါင်းတိုက်နေသော AA မဟာမိတ်တပ်က CNA တပ်ကို ဟန့်တားခဲ့သည်ဟု ဆလိုင်းထက်နီက ဆိုသည်။

“ကျွန်တော်တို့ လူကို ဖမ်းတယ်။ အဲဒါနဲ့ ဘာဖြစ်လို့ ကျွန်တော်တို့တိုက်မယ့်ဟာကို လမ်းပိတ်တာလဲ၊ ဖယ်ပေးပါဆိုတာ ကို သူတို့ မဖယ်ပေးချင်ဘူး။ မဖယ်ပေးချင်လို့ နှစ်ဘက် ပစ်ခတ်မှုဖြစ်တယ်။ အမှန်ဆိုရင်တော့ သူတို့ကို လုံးဝ ကျွန်တော်တို့ မပစ်ချင်ဘူး။ ကျွန်တော်တို့က ၁၄၀ တပ်ရင်းကို ဦးတည်ပြီးတိုက်ဖို့လုပ်တဲ့ဟာ သူတို့က မနာခံဘူးပေါ့။ အဲဒီလို၊ သူတို့က ညှိထားတဲ့ဟာကို ချိုးဖောက်တာ။” ဟု ပြောသည်။

မတူပီမြို့က စစ်ကောင်စီတပ်ရင်း ၃၀၄ ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် ဗျူဟာကုန်းနှင့်ပေါင်းထားသော ခလရ ၁၄၀ တပ်ရင်းကို တိုက်ခိုက်မည့်အချိန်တွင် CNA နှင့် ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတူပီမြို့ထဲ ပိတ်မိနေသည့် ချင်းပြည်သူလူထုများကို CNA တပ်ဖွဲ့ဝင်က သွားခေါ်ချိန် AA တပ်က တားဆီးပိတ်ပင်ခဲ့ကြောင်းနှင့် CNA သည် မြို့သိမ်းတိုက်ပွဲတွင် ပြည်သူလူထု အထိအခိုက်အနည်းဆုံး နည်းလမ်းကို ရွေး၍ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

“အဓိကတော့ AA ကို သွားခေါ်ကြတယ်။ အဲဒါ ပထမဆုံးအမှား၊ ကျနော်တို့ CNA အပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေအားလုံး ချင်းပြည်ကို ကိုယ့်ဟာကို မသိမ်းနိုင်စရာအကြောင်းမရှိဘူး။ ကောင်းကောင်းကို ကျွန်တော်တို့ သိမ်းနိုင်တယ်။ AA အနေနဲ့ အဲဒီလိုမျိုး စစ်ကောင်စီစခန်းကို သိမ်းချင်သပ ဆိုရင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီစခန်းတွေ မသိမ်းနိုင်သေးတာ အများကြီးရှိပါတယ်ဆိုတော့ တပ်ကို ပြန်ရုတ်သိမ်းပြီးတော့မှ ရခိုင်ပြည်နယ်ကို စစ်ခွေးတွေ ကင်းစင်အောင် သွားလုပ်ပါ။ အဲဒါကတော့ ရှင်းရှင်းလင်းလင်းနဲ့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။” ဟု ပြောသည်။

ချင်းပြည်နယ်၏ စစ်ရေးအခြေအနေကို CNA, ချင်းကာကွယ်ရေးတပ် CDF များနှင့် ချင်းညီနောင် ၆ ဖွဲ့တို့က ကိုယ့်ဟာကို စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး ချင်းပြည်ထဲက စစ်ကောင်စီတပ်ရင်းများကို CNA, CDF တပ်တို့က ပူးပေါင်းတိုက်ခိုက်ရန် မည်သည့်အခက်အခဲမှမရှိဘဲ ညှိနှိုင်းဆောင်ရွက်၍ ရသည်ဟု CNA က ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular