Western News
Homeနိုင်ငံရေးပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ

ပဲခူး အထင်ကရ ဆရာတော် မန္တလေးမှာ စစ်ကောင်စီ သတ်ဖြတ်၍ ပျံလွန်တော်မူ

(မြန်မာ သံဃာတော်များ နိုးကြွရန် အချိန်တန်ပြီဟု ပြော)

ပဲခူးတိုင်း ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်-မြို့သာလမ်းပိုင်း ကားဖြင့်သွားနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်၍ ဇွန်လ ၁၉ ရက်နေ့က ပျံလွန်တော်မူသွားကြောင်း သိရသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါသော ကားကို ဖော့ကားစီးလာသော စစ်ကောင်စီ စစ်ဗိုလ်များက ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဆရာတော်ကြီးနှင့်အတူ လိုက်ပါလာသော မျက်မြင်သက်သေ ရန်ကုန်မြို့ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားခဲ့သည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ကန်သုံးဆင့် ဆရာတော်နှင့်အတူ အစည်းအဝေးတစ်ခုကို တက်ရောက်ရန် မန္တလေးကို ရန်ကုန်မြို့က လေယာဉ်ဖြင့် သွားရောက်ခဲ့သည်။

အစည်းအဝေး မသွားမီ ကန်သုံးဆင့် ဆရာတော် ဇာတိဖြစ်သော မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားဖြင့်သွားရောက်ပြီး အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပဲခူး အထင်ကရဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းနှင့်ပတ်သက်၍ မြန်မာ့သံဃာတော်များနှင့် ပြည်ပရောက် သံဃာတော် အသိုင်းအဝိုင်းများတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ပေါ်နေပြီး စစ်ကောင်စီအား မေးခွန်းထုတ်နေကြသည်။

ပျံလွန်တော်မူသွားသော ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ သက်တော် ၈၀ နီးပါးရှိပြီး ကန်သုံးဆင့်ဆရာတော်က ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ကြွရောက်မိန့်ကြားခဲ့၍ ယနေ့ ဇွန်လ ၂၀ ရက်နေ့မှ ဆရာတော်ကြီး ပျံလွန်တော်မူသည့်အကြောင်းကို သိခဲ့ရသည်။

ကန်သုံးဆင့်ဆရာတော်ကြီးကို စစ်ကောင်စီ စစ်ဗိုလ်များက နာရီနှင့်အချီ စစ်ဆေးမေးမြန်းကာ နှုတ်ပိတ်ထား၍ ယနေ့ နံနက် ၄ နာရီမှ အရှင်မုနိန္ဒာဘိဝံသ၏ ဥတုဇရုပ်ကလာပ်အား ဝင်းနိမ္မိတာရုံကျောင်းတိုက်သို့ ပင့်ဆောင်နိုင်ခဲ့ကြောင်း မိန့်ကြားသည်။

ပဲခူးအထင်ကရဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ရေးသားပြုစုခဲ့သော ကျန်းဂန်စာပေများသည် မြန်မာနိုင်ငံရှိ သိန်းနှင့်ချီသော စာသင်သားသံဃာတော်များ မှီငြမ်းရသည်အထိ ထင်ရှားသည်။

ပိဋကတ်သုံးပုံအနက် နှစ်ပုံအာဂုံဆောင်ပြီးသည့် ဆရာတော် ဦးပညိဿရာလင်္ကာရက မြန်မာသံဃာထုများအနေဖြင့် နိုးကြွကြရန်အချိန်တန်ပြီဟု မိန့်ကြားသည်။

” ဆရာတော် ပျံတော်မူခြင်းသည် သံဃာထုတစ်ရပ်လုံးအတွက် ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုနိုင်သလို တစ်ခု ပြောသင့်တာကတော့ သံဃာကြီးတွေရော၊ သံဃာငယ်တွေရော ဒါဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရှင်အုပ်စု မတရားသဖြင့် ရူးရူးမိုက်မိုက် အာဏာသိမ်းတဲ့ အကျိုးဆက်က အကျိုးဆက်တစ်ခုပဲလို့ လေးလေးနက်နက် သဘောပေါက်သင့်တယ်။ သင်ခန်းစာယူသင့်တယ်လို့ ပြောချင်တယ်။ ” ဟု မိန့်သည်။

ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြေကွဲရပြီး စစ်ကောင်စီက အကြမ်းဖက်စစ်ရာဇဝတ်မှုတစ်ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ရုံမက အမှန်ကို ဝန်မခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် နိုင်ငံနှင့် ပြည်သူကို လိမ်ညာလှည့်ဖျား၍ သတင်းထုတ်ပြန်ခြင်း၊ မသက်ဆိုင်သူကို အပြစ်လွှဲချခြင်းသည် စစ်ကောင်စီ၏ အရှက်သိက္ခာကင်းမဲ့သော အပြုအမူများဖြစ်သည်ဟု NUG ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချကြောင်း ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular