Western News
Homeစစ်ရေးတောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ

တောင်ကုတ်မှာ စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်နေ

ရခိုင်ပြည် တောင်ကုတ်မြို့နယ် နေပူတောင်အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစ၍ ယနေ့ နံနက်ပိုင်းအထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ပြည်ဘက်က ဆင်းလာသော အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာမှ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု တောင်ကုတ်စစ်ရေးသိသူတစ်ဦးက ပြောသည်။

” နေပူတောင်အနီးမှာ နေပူတောင်စခန်းငယ်တစ်ခုရှိတယ်။ ပြည်ဘက်ကနေ ရိုးမတောင်ဖြတ်ပြီး နေပူတောင်စခန်းလာတဲ့ အင်အား ၁၅၀ ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရတယ်။ ဒီနေ့ မနက်အထိ တိုက်ပွဲက ရှိနေတုန်းပဲလို့ဆိုတယ်။ AA ကတော့ တောင်ကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းတွေကို ဝိုင်းရံပိတ်ဆို့ထားတာလေ။ ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများသို့ စစ်ကူလာနိုင်သော လမ်းကြောင်းများအားလုံးကို AA က ပိတ်ဆို့ထားပြီး အင်အားဖြည့် စစ်ကြောင်းများကိုလည်း ကြားဖြတ်တိုက်ခိုက်မှုများကို AA က ဆောင်ရွက်နေသည်။

အဆိုပါ နေပူတောင်အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အများအပြား အကျအဆုံးရှိနေကြောင်း စစ်ရေးသိသူက ဆက်လက်ပြောသည်။

” ပြည်ကလာတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ၊ တပ်ဖွဲ့ဝင်အများအပြား သေဆုံးတယ်လို့ ပြောတယ်။ စစ်ကောင်စီဘက်က တော်တော်လေး အထိနာနေတယ်လို့ ပြောတယ်။ တိုက်ပွဲကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးလာကြဲသလို လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်မှုရှိနေတယ်လို့ သတင်းရထားပါတယ်။ ” ဟု ပြောသည်။

တောင်ကုတ်မြို့အနီးက စစ်ကောင်စီတပ်ရင်းများမှာ တောင်ကုတ်တက္ကသိုလ်ထဲက ပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို လက်နက်ကြီးပစ်ခတ် ခြိမ်းခြောက်နှင်ထုတ်ပြီး အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲအထိုင်ချထားကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။

တောင်ကုတ်တက္ကသိုလ်အပါအဝင် အခြားသော ဘာသာရေးအဆောက်အဦးများ၊ ဌာနဆိုင်ရာအဆာက်အဦးများနှင့် အရပ်သားပိုင်နေအိမ်များတွင် တပ်စွဲနေရာယူထားကြောင်းလည်း သိရသည်။

တောင်ကုတ်မြို့အတွင်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာမည်ကို စိုးရိမ်၍ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြို့ကိုစွန့်ခွာကာ ဘေးကင်းရာနေရာများသို့ တိမ်းရှောင်နေကြပြီး ပိတ်မိနေသူများလည်း ကျန်ရှိနေသေးကြောင်း သိရသည်။

တောင်ကုတ်မြို့ထဲ ပိတ်မိနေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂိတ်များက မြို့ကထွက်ခွာခွင့်မပေးဘဲ ပိတ်လှောင်ထားကြောင်း ဆိုသည်။

လက်ရှိ ရခိုင်ပြည်တွင် တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ကျောက်ဖြူ၊ မောင်တော ဒေသတို့တွင် စစ်ကောင်စီတပ်ရင်းများနှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular