Western News
Homeသတင်းအိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်

အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတစ်ဆင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်အတွင်းသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA က အကြိမ်ကြိမ် တားမြစ်ပင်နေသည်။

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင်များမဟုတ်ဘဲ လက်နက်ကိုင်ဆောင်သော ရခိုင်လူမျိုးအများအပြား ဝင်ရောက်လာခြင်းနှင့် AA က ချင်းလက်နက်ကိုင်များကို တိုက်ခိုက်နေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဗဟိုလိုင်လူငယ်အဖွဲ့ချုပ်က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။

ဒေသအသီးသီးက လိုင်လူငယ်အဖွဲ့ YLA များအနေဖြင့် မိမိဒေသကို တာဝန်ယူ စုံစမ်းကြပြီး ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA ထံသို့ အကြောင်းကြားရမည်ဟု ထုတ်ပြန်ပြောသည်။

“စစ်ဘေးရှောင်မဟုတ်တဲ့ ရခိုင်လူမျိုးလက်နက်ကိုင် အများအပြား ကျွန်တော်တို့နယ်မြေကို ဝင်ရောက်လာတာတွေ့ရတာကြောင့် CYLA အနေနဲ့ သူတို့ကိုစုံစမ်းပြီး ပြန်ပို့ဖို့ဆုံးဖြတ်ထားပါတယ်။ လောင်တလိုင်ခရိုင်ထဲက ဒေသအသီးသီးမှာရှိတဲ့ YLA များက ကိုယ့်နေရာကို တာဝန်ယူစစ်ဆေးကြရန်နဲ့ စီစစ် တွေ့ရှိချက်များကို ဇွန်လ ၃၀ ရက်မတိုင်ခင် CYLA အထွေထွေ အတွင်းရေးမှူးထံသတင်းပို့ရမယ်” ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။

AA ပါဝင်သော ချင်းညီနောင်တပ်ဖွဲ့များနှင့် CNA ဦးဆောင်သော ချင်းလက်နက်ကိုင်တပ်ဖွဲ့တို့ အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားနေ၍ AA အနေဖြင့် ပါဝင်ပတ်သက်ခြင်းမပြုရန် CYLA က အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံအတွင်းမှ သယ်ယူနေသော အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများကို AA က ချင်းလက်နက်ကိုင်ပဋိပက္ခကြား အသုံးပြုနေသည်ဟု ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA က စွပ်စွဲထုတ်ပြန်ထားသည်။

Central Young Lai Association (CYLA) ၏ ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ပိတ်ပင်ခြင်းကို မရာလူငယ်အသင်း (MTP) က ကန့်ကွက်ထားသည်။

CYLA ၏ ထုတ်ပြန်ချက်ထွက်ပြီး နာရီပိုင်းအကြာတွင် မရာလူငယ်အသင်း MTP က ကန့်ကွက်စာ ချက်ချင်းပေးပို့ခဲ့ခြင်းဖြစ်သည်။

” Lai လူငယ်အသင်း၏ CB နှင့် CC/CNA ပဋိပက္ခကြား AA ဝင်ပါသည့်ကိစ္စ အကြောင်းပြကာ Lawngtlai မှ မြန်မာဘက်သို့ ကုန်စည်လမ်းကြောင်း ပိတ်ပင်ခဲ့တာပါ။ ယခု တော်လှန်ရေးကာလမှာ အိန္ဒိယ Mizoram မှ ကုန်စည်ကို မြန်မာခြမ်းမှ မှီခိုနေရတာဖြစ်ပါတယ်။ ” ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ရခိုင်မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်ထဲက မြို့နယ်တချို့မှာ အိန္ဒိယကုန်စည်စီးဆင်းမှုဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ထားပါက ပြည်သူများ အခက်အခဲဖြစ်ကြမည်ဟု သုံးသပ်နေကြသည်။

အထူးသဖြင့် ရခိုင်ပြည်သူများမှာ စစ်ကောာင်စီက ရေလမ်း၊ ကုန်းလမ်းအားလုံးပိတ်ပင်ထား၍ ကုန်စည်ပြတ်လပ်မှုဖြင့် ကြုံတွေ့နေရချိန် ရခိုင်မြောက်ပိုင်းကို AA က သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတစ်ဆင့် ကုန်စည်တင်သွင်းကာ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီများနှင့် ဆေးဝါးများ မပြတ်လပ်ရေး ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA သည် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်အတွင်းမှာ အကြီးဆုံးအရပ်ဘက်အဖွဲ့အစည်းဖြစ်ပြီး ဩဇာရှိကာ မီဇိုရမ်ပြည်နယ်ထဲက Central Young Mizo Association – CYMA နှင့် ချိတ်ဆက်ထားကြောင်း သိရသည်။

ချင်းပြည်နယ်က အာရက္ခတပ်တော် AA ထွက်သွားရေးနှင့် ချင်းလက်ကိုင်ကြား မပါဝင်စေရန်အတွက် AA ကို ဦးတည်ဖိအားပေးရေး CYLA ကို ချင်းအမျိုးသားကာကွယ်ရေး CNA က အကူအညီတောင်းခဲ့သည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular