Western News
Homeသတင်းမောင်တောက သိုလှောင်ရုံ ဖောက်ထွင်းခံရမှု WFP ပြင်းထန်စွာ ရှုတ်ချ

မောင်တောက သိုလှောင်ရုံ ဖောက်ထွင်းခံရမှု WFP ပြင်းထန်စွာ ရှုတ်ချ

ရခိုင်ပြည် မောင်တောမြို့တွင်ရှိသော ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ စားနပ်ရိက္ခာသိုလှောင်ရုံ ဖောက်ထွင်းခံနေရ၍ WFP က ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မောင်တောမြို့ရှိ WFP သိုလှောင်ရုံမှာ ဖောက်ထွင်းခံရသည့်အပြင် မီးရှို့မှုလည်း ခံထားရကြောင်း သိရသည်။

” ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် လွန်ခဲ့သည့် စနေနေ့က ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့ရှိ WFP ၏ သိုလှောင်ရုံအား ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ခြင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချသည်။ ” ဟု ထုတ်ပြန်ထားသည်။

ဖောက်ထွင်းသူများကို WFP က မည်သူမည်ဝါဆိုသည်ကို ထုတ်ဖော်ထားခြင်းမရှိကြောင်းနှင့် စုံစမ်းနေဆဲဖြစ်ပြီး မောင်တောမြို့ရှိ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများကို လုယူခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများကို ထိခိုက်ပျက်ယွင်းစေသည်ဟု ဆိုသည်။

” ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများသည် မေလနှောင်းပိုင်းမှစ၍ မောင်တောသိုလှောင်ရုံထံသို့ သွားရောက်နိုင်ခြင်း မရှိပါ။ သိုလှောင်ရုံတွင် လူဦးရေ ၆၄,၀၀၀ အတွက် တစ်လစာဖူလုံစေမည့် အရေးပေါ်ကယ်ဆယ်ရေးရိက္ခာများ စုစုပေါင်း ၁,၁၇၅ မက်ထရစ်တန်ကို သိုလှောင်ထားခဲ့သည်။ ” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

WFP သည် မြန်မာနိုင်ငံအနှံ့အပြားရှိ ပဋိပက္ခဒဏ်ခံစားနေရသူများအား အရေးပေါ်အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးလျက်ရှိရာ ယခုနှစ်တွင် လူဦးရေ ၁ သန်းနီးပါးခန့်အား ကူညီထောက်ပံ့ခဲ့သည်ဟု သိရသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များ အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က တောင်းဆိုလိုက်သည်။

” ထိုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရမည်ဖြစ်သည်။ ” ဟု ဆိုသည်။

၎င်းတို့အနေဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများနှင့် အဆောက်အဦများကို လေးစားပြီး ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကာ၊ အကူအညီအရေးတကြီးလိုအပ်နေသူများထံ အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကို ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရနိုင်စေရန် လုပ်ဆောင်ရမည်ဖြစ်သည်ဟု WFP က ဆိုသည်။

မောင်တောမြို့က WFP ၏ အရေးပေါ်ကယ်ဆယ်ရေးနှင့် စားနပ်ရိက္ခာသိုလှောင်ရုံကို ဖောက်ထွင်းခြင်းနှင့် မီးရှို့ဖျက်ဆီးခဲ့သည်သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ သင်တန်းပေးထားသော မွတ်ဆလင်လက်ကိုင်များဖြစ်သည်ဟု Western News က စုံစမ်းသိရသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ပြီး အရေးပေါ်အခြေအနေများတွင် လူ့အသက်ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular