Western News
Homeကျန်းမာရေးအရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

အရပ်သားများကို အကြမ်းဖက်နေ၍ MSF က ရခိုင်ပြည်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ရပ်ဆိုင်း

ရခိုင်ပြည်အတွင်း လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်လာခြင်းနှင့်အတူ အရပ်သားများကို ထိခိုက်သည့် အကြမ်းဖက်မှုများ လုပ်ဆောင်လာ၍ လူသားချင်းစာနာမှုကူညီပေးနေသည့် MSF ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဟု သိရသည်။

အရပ်သားများအား အကြမ်းဖက်ခြင်းနှင့် လူသားချင်းစာနာထောက်ထားခြင်း ဝန်ဆောင်မှုများပေးရန် ကန့်သတ်ချက်များစွာရှိနေ၍ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ရပ်ဆိုင်းလိုက်ကြောင်း ယနေ့ ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

“ကျွန်ုပ်တို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါ လူထုအတွက် လိုအပ်ချက် များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရပါသည်။” ဟု MSF က ထုတ်ပြန်ပြောဆိုထားသည်။

ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့တွင် မောင်တောမြို့မှ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP သိုလှောင်ရုံရှိ ဆန်နှင့် အခြားသော အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်အချို့က ဖောက်ထွင်းလုယက်ပြီး သိုလှောင်ရုံအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများနှင့် AA က သက်သေနှင့်တကွ ထုတ်ပြန်ထားသည်။

WFP ကလည်း ၎င်းတို့ သိုလှောင်ရုံ ဖောက်ထွင်းလုယက်ခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံရခြင်းအတွက် ကန့်ကွက်ရှုတ်ချထားပြီး ယင်းကဲ့သို့ အကူအညီပေးရေးလုပ်ငန်းများကို ရပ်တန့်စေသည့် လုပ်ရပ်များကို ရပ်တန့်ကရပ်တန့်ရမည်ဟု သတိပေး ပြောဆိုထားသည်။

ဘူးသီးတောင်မှ မွတ်ဆလင်တစ်ဦးက “ကျွန်တော်တို့ အားလုံး ဗုံးကွဲပြီး သေသွားရင်ကောင်းမယ်လို့တောင် ထင်မိတယ်။ အဲ့ဒါဆို ဒီလို ဆင်းရဲဒုက္ခတွေ ဆက်ပြီး ခံစားနေစရာမလိုတော့ဘူး။ ဒုက္ခတွေခံနေရတာထက် တူတူသေသွားတာက ပိုကောင်းဦးမယ်။” ဟု ပြောသည်။

ပဋိပက္ခဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသော ပြည်သူများအတွက် အလွန်စိုးရိမ်ကြောင်းနှင့် ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့်ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံနေရသည်ဟု MSF က ထုတ်ပြန်ထားသည်။

ယင်းအပြင် အတင်းအကျပ် ခေါ်ယူစေခိုင်းခံရခြင်း၊ နေရပ်ရွှေ့ပြောင်းရခြင်းနှင့် ဘေးကင်းရာသို့ ရွေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှု အထောက်အပံ့များ ရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကိုလည်း ရွေးချယ်စရာမရှိပဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသည်ဟု MSF က ပြောသည်။

လတ်တလောအခြေအနေအရ ထိုဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း ရခိုင်ပြည် မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ်ကိုမူ ဆက်လက်ထားရှိဆဲဖြစ်သည်ဟု MSF ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

အခြေအနေများ တိုးတက်မှုရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်မြောက်ပိုင်းတွင် ဆက်လက် ရှိနေဆဲဖြစ်ပြီး ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်စေရန်နှင့် အကာအကွယ်ပေးရမည့် ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံများနှင့် ဝန်ထမ်းများ၏ အခြေအနေကို လေးစားပေးရန် ပဋိပက္ခတွင် ပါဝင်နေသည့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို MSF က တောင်းဆိုထားသည်။

” အဓိပ္ပါယ်မဲ့သော အသက်ဆုံးရှုံးမှုများနှင့် ဆင်းရဲဒုက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိခိုက်လွယ်သော ရပ်ရွာလူထုအား ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမီရရှိမှု ချက်ချင်းပြန်လည်ပေးအပ်နိုင်ရန် လိုအပ်ပါသည်။ ” ဟု ထုတ်ပြန်ပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစ၍ MSF ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ရာနှုန်းပြည့် လည်ပတ်နိုင်ခြင်းမရှိခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားများ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဟု MSF က အခိုင်အမာ ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ မိခင်သေဆုံးမှု သို့မဟုတ် သန္ဓေသားသေဆုံးမှု (၉) ခုအထိရှိကြောင်း မှတ်တမ်းရရှိခဲ့သည်ဟု MSF က ဆိုသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ဘူးသီးတောင်ရှိ MSF ရုံးနှင့် ဆေးဝါးသိုလှောင်ရာနေရာများ မီးလောင်ပျက်စီးခဲ့ပြီး အဆိုပါဒေသရှိ ပုဂ္ဂလိကနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံးမှာလည်း လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ပေ။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular