Western News
Homeစစ်ရေးမတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ

မတူပီမြို့သိမ်းတိုက်ပွဲ ချင်းတော်လှန်ရေး နှစ်ဖွဲ့ တင်းမာနေဆဲ

(မတူပီတိုက်ပွဲမှာ CNA နှင့် AA တိုက်ပွဲ အသွင်ဆောင်လာဟု စွပ်စွဲ)

ချင်းပြည်တောင်ပိုင်း မတူပီမြို့တိုက်ပွဲအတွင်း CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ကို ဇွန်လ ၂၄ ရက်နေ့ကစ၍ မောင်းထုတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သော်လည်း ချင်းလဲန်းကောင်စီတပ် ဆုတ်ခွာခြင်းမရှိဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောဆိုထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကောင်စီတပ်အနေဖြင့် ဆုတ်ခွာခြင်းမရှိဘဲ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေသည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ပြောကြောင်း ချင်းသတင်းဌာန ခိုနူမ်းသုန်သတင်းအရ သိရသည်။

” “ငါတို့တပ်တွေ မတူပီကနေ မဆုတ်ခွာပါဘူး။ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်နေပါတယ် ” ဟု ပြောသည်။

ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာမှုမှာ ဇွန်လ ၁၈ ရက်က စတင်ခဲ့ကြသည်။

မတူပီမြို့နယ်အတွင်း ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ခလရ ၁၄၀ တပ်ရင်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်ဆင်တိုက်နေချိန် CNA ဦးဆောင်သော ချင်းလဲန်းကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လုံခြုံရေးအရဟုဆိုကာ ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းနေသော AA တပ်ဖွဲ့ဝင်များက ထိန်းသိမ်းခဲ့သည်။

ချင်းညီနောင်အဖွဲ့က CNA တပ်ဖွဲ့ဝင်အား ပြန်လွှတ်ရင် ပြင်ဆင်ခဲ့သော်လည်း ဇွန်လ ၁၈ ရက်နေ့တွင် ချင်းလဲန်းကောင်စီတပ်က စစ်ကောင်စီတပ်ကို တိုက်မည့်အစား ချင်းညီနောင်ပူးပေါင်းအဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာမှာ ဇွန်လ ၂၀ ရက်အထိ ချင်းလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြသည်။

ယခုရက်ပိုင်အတွင်း ချင်းနှစ်ဖွဲ့ ထိတွေ့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်းမရှိသော်လည်း နှစ်ဖက် စစ်ရေးတင်းမာမှုက ဆက်လက်ရှိနေပြီး မတူပီမြို့တွင် စစ်ကောင်စီတပ်၊ ချင်းလဲန်းကောင်စီတပ်၊ ချင်းညီနောင်ပူးပေါင်းတပ် ၃ ဖွင့်ဆိုင် တိုက်ပွဲဖြစ်နေကြသည်။

လတ်တလောတွင် ချင်းနှစ်ဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုများမရှိသေးဘဲ နှစ်ဖက်စလုံးက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုကမ်းလှမ်းမှုများ မပြုလုပ်ကြပေ။

CDF – မတူပီ၊ တပ်မဟာ – ၁ ပြောရေးဆိုခွင့်ရှိသူ ကို Boi Uk က ” ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ လက်အောက်ခံ ချင်းပူးပေါင်းတပ်က ထိုးစစ်ရပ်ရင် အချင်းချင်း တိုက်ပွဲက အလိုလို ရပ်တန့်သွားလိမ့်မည်” ဟု ပြောသည်။

မတူပီမြို့တိုက်ပွဲမှာ ချင်းလဲန်းကောင်စီတပ်နှင့် AA တို့ တိုက်ပွဲအသွင်ဆောင်လာပြီး ချင်းညီနောင်တပ်က AA ၏ ထောက်ပို့အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေကြသည်ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက စွပ်စွဲထားသည်။

“ချင်းတွေရဲ့ အမျိုးသားအဆင့် စစ်ရေး နိုင်ငံရေးစုစည်းမှု အားနည်းချက်ကို ဒေသန္တာရ ကာကွယ်ရေး တပ်ဖွဲ့တွေ အသုံးချပြီး ရခိုင်ပြည် အကျိုးစီးပွားအတွက် ချင်းပြည်ကို ကျုးကျော်လာတာပါ၊ ဒီလုပ်ရပ်က ချင်းတွေအတွက် အခံရ အခက်ဆုံးပေါ့။ မတူပီတိုက်ပွဲမှာ ULA/AA ရဲ့ စစ်အင်အားမှာ များပြားပြီး တိုက်ပွဲဖော်ဆောင်တဲ့ ပုံစံများမှာ လူလှိုင်း စစ်ရေးဗျူဟာကို အသုံးပြုနေတယ်” ဟု ပြောသည်။

သို့သော်လည်း မတူပီမြို့စစ်ဆင်ရေးသည် ချင်းညီနောင်စစ်ဆင်ရေးဖြစ်ပြီး အာရက္ခတပ်တော် ULA/AA က စစ်ရေးကူညီပေးနေခြင်းသာဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ CDF-မတူပီ တပ်မဟာ-၁ ပြောရေးဆိုခွင့်ရှိသူ Boi Uk က တုန့်ပြန်ထားသည်။

“CB (ချင်းညီနောင်အဖွဲ့) က ဦးဆောင်ပါဝင်ပြီး ULA/AA က ကူညီတဲ့ စစ်ဆင်ရေးပါ။ အခုလို သူတို့ ပြောနေရင်တော့ CNA က ပစ်လိုက်လို့ ကျသွားတဲ့ CB တွေ၊ ဒဏ်ရာရ ချင်း CB တွေ ရှိတယ်။ သူက မြေပြင်အခြေအနေတွေ CB တပ်စုဖွဲ့ကို လုံးဝနားမလည်တာဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းနှစ်ဖွဲ့ ဇွန်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် CDF-မတူပီ တပ်မဟာ-၂ မှ တပ်ဖွဲ့ ဆလိုင်းပီတာဆန် ကျဆုံးခဲ့ရပြီး ချင်းအချင်းချင်းကြားတိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ်သား ၆ ဦးအထိ သေဆုံးခဲ့ရပြီဟု ခိုနူမ်းသုန်သတင်းအရ သိရသည်။

ချင်းလက်နက်ကိုင်များ ပြန်လည်ပြေလည်စေရေးအတွက် မတူပီမြို့နယ်က ဘာသာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ချင်းအရပ်ဖက်အဖွဲ့အစည်းများက စားပွဲဝိုင်းတွင် အမြန်ဆုံး တွေ့ဆုံဆွေးနွေ၍ ငြိမ်းချမ်းစွာဖြေရှင်းကြရန် တိုက်တွန်းနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular