Western News
Homeစီးပွားရေးဒေါ်လာဈေး ၄၆၀၀ ကျပ်ရှိပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေ

ဒေါ်လာဈေး ၄၆၀၀ ကျပ်ရှိပြီး အခေါက်ရွှေ တစ်ကျပ် ၅၅ သိန်းကျော်ရှိနေ

မြန်မာပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၆၀၀ ကျော်သို့ စျေးမြင့်တက်နေပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်းကျော်အထိ စျေးပေါက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီက အိမ်ရာချေးငွေများကို ဗဟိုဘဏ် သတ်မှတ်ဈေးထက် ကျော်လွန်ချေးငှားသည်ဟုဆိုကာ ပုဂ္ဂလိကဘဏ် ၇ ခုကို အရေးယူမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ယင်းအပြင် ဂျပန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အပါအဝင် ဆန်ကုန်သည်များကို ဖမ်းဆီးခြင်းတို့ကြောင့် စီးပွားရေးအရ ဆုတ်ယုတ်မှုများစွာ ဖြစ်ပေါ်နေ၍ ပြည်တွင်းစီးပွားရေး အခြေအနေများ ပိုမို ကျဆင်းလာကြောင်း သိရသည်။

ကျပ်ငွေတန်ဖိုးမှာလည်း ပြန်လည် မြင့်တက်လာခြင်းမရှိဘဲ ဆက်လက် ကျဆင်းနေဆဲပင်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးသမားတချို့နှင့် ရွှေကုန်သည်တချို့က ရှင်းပြသည်။

UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က “ရွှေအရောင်းအဝယ် ဒေါ်လာ အရောင်းအဝယ်တွေ အေးစက်နေတာ လနဲ့ချီလာပြီ။ စီးပွားရေးက မလည်ပတ်ဘူး။ အခြားစီးပွားရေးတွေလည်းအကုန် ရပ်သလောက်ကိုဖြစ်နေတယ်။ ဒီကြားထဲ ဆန်ကိစ္စ ဘဏ်ကိစ္စတွေ ထပ်ဖြစ်တော့ ကျပ်ငွေက ပိုပြီးတန်ဖိုးကျဖို့ပဲရှိတယ်။ တန်ဖိုး ပြန်တက်လာနိုင်တဲ့ အခြေအနေကတော့ သိပ်မရှိတော့ဘူး။ စီးပွားရေးသမားတွေလည်း ဘန်ကောက်၊ စင်ကာပူ စသည်ဖြင့် နီးစပ်ရာ ပြောင်းရွှေ့ အခြေချနေကြတယ်။ အချိန်မရွေး ပြဿနာရှာ အဖမ်းခံရမှာ စိုးရိမ်ကြလို့ ပြောင်းကုန်ကြတာ” ဟု ပြောသည်။

ရန်ကုန်အခြေစိုက် ရွှေကုန်သည်ကမူ လက်ရှိ စီးပွားရေးမှာ အရောင်းအဝယ်များ ကျဆင်းနေပြီး လက်ထဲတွင် ကျပ်ငွေမထားလို၍ ရွှေဝယ်ယူ ရင်းနှီးမြှုပ်နှံသူ ငွေကြေးတတ်နိုင်သူ လူတန်းစားမှ အပ ကျန်လူတန်းစားများမှာ ရွှေမဝယ်နိုင်ကြတော့ဟု ဆိုသည်။

ရန်ကုန် ရွှေကုန်သည်က “လက်ထဲမှာ ငွေပိုရှိတယ်။ ကျပ်ငွေကိုလည်း မယုံကြည်ဘူးဆိုတဲ့ လူမျိုးလောက်ပဲ ရွှေဝယ်နိုင်တော့တယ်။ သာမန်ဝင်ငွေနည်းနဲ့ လူလတ်တန်းစား ရွှေဝယ်တာမျိုးကတော့ အတော်ကို နည်းသွားပြီ။ စီးပွားရေးသမားလောက်ပဲ ငွေမကိုင်ထားချင်လို့ ရွှေဝယ်ကြတာမျိုးပဲရှိတော့တယ်” ဟု ပြောသည်။

လတ်တလော ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့် အတူ အခြားပြည်ပငွေကြေးတန်ဖိုးများလည်း မြင့်တက်နေရာ ပြည်သူအများစု အသုံးများနေသော ထိုင်းဘတ်ငွေမှာလည်း တစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၂၅ ကျပ်ဝန်းကျင်ရှိနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular