Western News
Homeပညာရေးအလှူငွေထောက်ပံ့မှု နည်းလာ၍ ABC မိဘမဲ့ဂေဟာ ရပ်တည်ရ ခက်ခဲလာ

အလှူငွေထောက်ပံ့မှု နည်းလာ၍ ABC မိဘမဲ့ဂေဟာ ရပ်တည်ရ ခက်ခဲလာ

ရခိုင်ပြည် စစ်တွေမြို့ရှိ ABC မိဘမဲ့ကလေးဂေဟာမှာ အလှူငွေထောက်ပံ့မှုများ အလွန်နည်းပါးလာ၍ ရပ်တည်ရေးအခက်ခဲများ ရှိနေသည်ဟု ဂေဟာတာဝန်ရှိသူများက ပြောသည်။

ယခင် အလှူငွေထောက်ပံ့နေကျဖြစ်သူများမှာ ဒေသမတည်ငြိမ်သည့် အခြေနေများကြောင့် မိမိနေထိုင်ရာဒေသများမှ တိမ်းရှောင်လျှက်ရှိနေကြပြီး အလှူငွေများ မထည့်ဝင်ပေးကြတော့ဟု ဂေဟာအုပ်ချုပ်ရေးမှူး ဦးလှဝင်းကျော်က ပြောသည်။

” အလှူငွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်းဆိုတော့ အလှူရှင်တွေ မရောက်ရင် ခက်ခဲလာတာပါပဲ။ အခုက အလှူရှင်တွေလည်း မရောက်နိုင်၊ အလှူငွေတွေလည်း မရနိုင်တဲ့အပြင် လစဉ်ကြေးတွေလည်း ကောက်မရဘူးဖြစ်နေတယ်။ ပြီးတော့ ရာသက်ပန်အလှူရှင်တွေကလည်း မရှိတော့တာကြောင့် တော်တော်ခက်ခဲနေတယ်။ အလှူရှင်တွေကတော့ ဒီမြို့မှာ မနေတော့ဘဲ တိမ်းရှောင်သွားကြတာကြောင့် မရောက်ကြတာမျိုးပါ” ဟု ပြောသည်။

ယခင် ဒေသတည်ငြိမ်စဉ်က ABC မိဘမဲ့ကလေးဂေဟာကို နေ့စဉ်လာရောက်လှူဒါန်းသူ၊ နေ့အလိုက်တာဝန်ယူ လှူဒါန်းပေးသူ၊ ရာသက်ပန် လှူဒါန်းထားသူများရှိပြီး လက်ရှိတွင် ထိုကဲ့သို့လာရောက်လှူဒါန်းသူများ မရှိတော့ခြင်းဖြစ်သည်။

အလှူငွေများ မရရှိသည့် လက်ရှိအခြေနေတွင် ရှိသည့်ရန်ပုံငွေကိုသာ ထုတ်ယူသုံးစွဲနေကြရပြီး မည်သည့်ကာလအထိ ရပ်တည်နိုင်မည်ကို မသိရှိနိုင်ဟု အုပ်ချုပ်ရေးမှူးက ဆက်ပြောသည်။

“အလှူငွေမရတော့ ရှိတဲ့ရန်ပုံငွေကို ကျနော်တို့ထုတ်သုံးနေရတယ်။ ဒီအတိုင်းဆို ဒီရန်ပုံငွေကတာရှည် အသုံးခံနိုင်မှာ မဟုတ်ဘူး။ အဝေးကနေ လှမ်းလှူကြတဲ့ အလှူရှင်တွေတော့ တစ်ခါတစ်လေ ရှိကြပါတယ်။ ဒီပုံစံအနေအထားအရ ဘယ်အတိုင်းတာထိ တောင့်ခံနိုင်မှာလဲဆိုတာ ကျနော်တို့လည်း မပြောနိုင်ပါဘူး” ဟု ပြောသည်။

ABC မိဘမဲ့ကလေးဂေဟာတွင် ဝန်ထမ်းအင်အားလည်း နည်းပါးလျှက်ရှိနေပြီး ယခင် ရှိခဲ့သည့် ဝန်ထမ်းအယောက် ၃၀ ကျော်မှာ ၁၈ ယောက်ခန့်သာ ကျန်ရှိတော့ပြီး ထွက်သွားသည့် ဝန်ထမ်းများမှာ မိသားစုနှင့်အတူ တခြားမြို့ရွာများသို့ တိမ်းရှောင်သွားကြသည်ဟု ဂေဟာတာဝန်ရှိသူများက ပြောသည်။

ABC မိဘမဲ့ဂေဟာမှာ မွေးကင်းစအရွယ်မှ အသက် ၁၅ နှစ်အထိ ကလေးငယ် အယောက် ၇၀ ခန့်ရှိကာ ထိုအထဲတွင် Grade 1 မှ Grade 10 အထိ ကျောင်းတက်ရောက်နေသူ ကျောင်းသား ၅၂ ဦး ရှိနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular