Western News
Homeသတင်းDMG သတင်းထောက် လွတ်မြောက်ရေး RSF တောင်းဆို

DMG သတင်းထောက် လွတ်မြောက်ရေး RSF တောင်းဆို

ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်အောင်တို့ နှစ်ဦး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေး စစ်ကောင်စီကို ဖိအားပေးရန် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က တောင်းဆိုလိုက်သည်။

DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအပြင် မြန်မာနိုင်ငံအတွင်း မတရားထောင်ဒဏ်ချမှတ်ခံထားရခြင်းနှင့် ဖမ်းဆီးခံထားရသော သတင်းများအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာကို RSF က ဇူလိုင်လ ၅ ရက်နေ့တွင် တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီသည် DMG ဝန်ထမ်းနှစ်ဦးက မတရားထောင်ဒဏ်ချမှတ်ခဲ့သည်ဟု RSF က ပြောဆိုထားသည်။

၂၀၂၃ အောက်တိုဘာ ၂၉ ရက်က DMG သတင်းထောက် ကိုထက်အောင်မှာ ဘာသာရေးအလှူပွဲ သတင်းဓာတ်ပုံရိုက်ကူးရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ရုံးဝန်ထမ်း ကိုစိုးဝင်အောင်မှာ ရုံးကိုဝင်ရောက်စီးနင်းခံရစဉ် ယင်းနေ့မှာပင် အဖမ်းခံလိုက်ရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ စစ်ကောင်စီလက်အောက်ခံ စစ်တွေမြို့နယ် တရားရုံးက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံခဲ့ရသည်။

RSF က ” စစ်ကောင်စီက သတင်းထောက် ထက်အောင်နဲ့ ကိုစိုးဝင်းအောင်တို့ကို ထောင်ဒဏ်ချမှတ်ရာမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ မပြနိုင်ခဲ့ပါ။ ” ဟု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

စစ်တွေမြို့နယ်တရားရုံးမှာ ရခိုင်ပြည်ထဲက စစ်ကောင်စီ၏ လူ့ခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများ၊ မတရားပြုကျင့်မှုများကို ဖုံးကွယ်ကာ သတင်းထောက်အား ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဖမ်းဆီးခံသတင်းထောက်များ အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ဖိအားပေးရန် RSF က တောင်းဆိုနေသည်။

” စစ်ရာဇ၀တ်မှုတွေကို ဖော်ထုတ်တဲ့ လွတ်လပ်တဲ့ မီဒီယာဌာနကို ပစ်မှတ်ထားပြီး ထောင်သွင်းအကျဉ်းချခြင်းအားဖြင့် မြန်မာစစ်အစိုးရဟာ စာနယ်ဇင်းတွေကို လုံးဝ မထီမဲ့မြင်ပြုလာပြန်တယ်။ ထက်အောင်၊ စိုးဝင်းအောင် အပါအဝင် နိုင်ငံတွင်း ထိန်းသိမ်းခံနေရတဲ့ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့် ကာကွယ်စောင့်ရှောက်သူများအားလုံးကို အမြန်ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက အရှိန်အဟုန်ပြင်းစွာ ဖိအားပေးဖို့ တောင်းဆိုထားပါတယ် ” ဟု ပြောသည်။

၂၀၂၄ ခုနှစ် အစပိုင်းကစပြီး မြန်မာနိုင်ငံအတွင်း သတင်းထောက် အများအပြားကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို အကြောင်းပြ၍ ပြစ်ဒဏ်များချမှတ်ခဲ့သည်ဟု RSF က ဆိုသည်။

The People’s Voice မှ သတင်းထောက် သူရအောင်ကို မေလတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုရန်နိုင်စိုးကိုလည်း မတ်လတွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းထောက်များ၏ အကြီးမားဆုံး အကျဉ်းကျသူများထဲမှ တစ်ခုဖြစ်လာခဲ့ပြီး လက်ရှိတွင် သတင်းထောက် ၆၃ ဦးကို ဖမ်းဆီးထားကာ ၅ ဦးမှာ သတ်ဖြတ်ခံထားရကြောင်း RSF က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular