Western News
Homeစီးပွားရေးမီဇိုရမ်လူငယ်များကြောင့် ကုန်စည်များ ဖျက်ဆီးခံနေရ၍ ရခိုင်ကုန်သည်များ နစ်နာနေ

မီဇိုရမ်လူငယ်များကြောင့် ကုန်စည်များ ဖျက်ဆီးခံနေရ၍ ရခိုင်ကုန်သည်များ နစ်နာနေ

(မြန်မာ့အရေး ဝင်ရောက်မစွပ်ဖက်ရန် မီဇိုရမ်လူငယ်အဖွဲ့ကို AA သတိပေး)

ပလဝမြို့ကတစ်ဆင့် ရခိုင်ပြည်သို့ သယ်ယူလာကြမည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ရခိုင်ကုန်သည်များ၏ ပစ္စည်းများမှာ ဖျက်ဆီးခံနေရ၍ ပျက်စီးဆုံးရှုံးနစ်နာမှုများရှိနေကြောင်း စုံစမ်းသိရသည်။

ရခိုင်မြောက်ပိုင်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်အတွင်း ကုန်စည်များ မပြတ်လပ်ရေး အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်က အဓိက တင်သွင်းကာ ရခိုင်ကုန်သည်များက ကုန်စည်များ သယ်ယူတင်သွင်းနေကြခြင်းဖြစ်သည်။

သို့သော်လည်း မီဇိုရမ်အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး CYLA က ဒေသအာဏာပိုင်များ၏ အထောက်အပံ့ကိုရယူကာ ချင်းပြည်ထဲက တိုက်ပွဲများကို အကြောင်းပြပြီး ပြီးခဲ့သည့် နှစ်ပတ်ကျော်ကစ၍ နယ်စပ်ကုန်စည်သယ်ယူရေးလမ်းများအားလုံးကို ပိတ်လိုက်သည်။

ရခိုင်နှင့် ချင်းပြည်ထဲက ကုန်သွယ်ရေးလုပ်ငန်းရှင်များမှာ ပစ္စည်းများ ဝယ်ယူပြီး သယ်ယူလာအချိန်တွင် မီဇိုရမ်လူငယ်များအဖွဲ့က လမ်း၌ တားဆီးပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ပစ္စည်းကိုထားခဲ့ပြီး လူကိုပဲ ပြန်လွှတ်ပေးနေသည်ဟု သိရသည်။

မီဇိုရမ်ထဲက ရခိုင်ကုန်သည်များနှင့် နီးစပ်သူ ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက ” ပစ္စည်းတွေ အားလုံး ဝယ်ယူပြီး သယ်ယူလာတဲ့အချိန်မှ မီဇိုရမ်လူငယ်တွေက ပိတ်ပင်လိုက်တာ။ နယ်စပ်ဖြတ်ခွင့် လုံးဝမပေးဘူး။ ကုန်သည်တွေမှာ ကုန်ပစ္စည်းတွေက ကုန်ခြောက်လဲ ပါသလို ကုန်စိမ်းလည်းပါတယ်။ ကုန်ခြောက်တွေက ရက်ရှည်ခံတယ်ဆိုပေမယ့် ကုန်စိမ်းက ၃, ၄ ရက်အတွင်းမှာ အားလုံး ပျက်စီးသွားရတယ်။ စက်သုံးဆီပုံးတွေဆို CYLA က သိမ်းယူသွားတာရှိတယ်။ ပြီးရင် မီးရှို့လိုက်တယ်။ ကုန်သည်တွေက အရမ်းနစ်နာရတာပေါ့။ ” ဟု ပြောသည်။

ကုန်ပစ္စည်းများအပြည့်ဖြင့် ကားများကို CYLA စစ်ဆေးရေးဂိတ်၌ ထားထားရပြီး မိုးရာသီကာလဖြစ်သည့်အတွက် ကုန်ခြောက်များမှာလည်း မိုးရေထိ၍ ပျက်စီးဆုံးရှုံးမှု ရှိလာနေပြီဟု ပြောဆိုကြသည်။

မီဇိုရမ်လူငယ်အဖွဲ့ CYLA သည် ချင်းပြည်ထဲက တိုက်ပွဲများတွင် အာရက္ခတပ်တော် AA ပါဝင်ပတ်သက်နေခြင်းနှင့် ချင်းပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ပင်ရသည်ဟု ထုတ်ပြန်ထားကြသည်။

ရှုတ်ထွေးနေသော မြန်မာပြဿနာအရေးမှာ နိုင်ငံတစ်ခုမှ လူငယ်အဖွဲ့တစ်ခုက ပါဝင်စွပ်ဖက်နေခြင်းကို အာရက္ခတပ်တော် AA က လက်ခံနိုင်စရာမရှိဟု တုန့်ပြန်ထားသည်။

မီဇိုရမ်ပြည်နယ် အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး CYLA ၏ မြန်မာပြဿနာအရေးမှာ ပါဝင်စွပ်ဖက်လာခြင်းသည် မြန်မာပြဿနာကို ပိုမိုရှုတ်ထွေးစေသည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ဧရာဝတီအင်တာဗျူးတစ်ခုမှာ ပြောဆိုထားသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် တက်ပုချေကျေးရွာမှာရှိသည့် ရခိုင်ကုန်သည်များ၏ စက်သုံးဆီ ပေပါပုံး ၆၀ ခန့်ကို CYLA အဖွဲ့က သိမ်းယူသွားပြီး ၁၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

CYLA ၏ အနိုင်ကျင့်ပြုမူဆောင်မှုများကြောင့် ချင်းပြည်နှင့် ရခိုင်ပြည်ထဲကို ကုန်စည်များ မဝင်ရောက်တော့ဘဲ အခြေခံစားသောက်ကုန်များ ပြတ်လပ်နေကာ ကုန်ဈေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်ထဲက နေရာများတွင် တိုက်ပွဲပြင်းထန်နေခြင်းအပါအဝင် ချင်းညီနောင်အဖွဲ့ထဲ AA ပါဝင်နေခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စ စသည်များဆွေးနွေးရန် အာရက္ခတပ်တော် AA ထံသို့ CYLA က ဆက်သွယ်သော်လည်း AA က လက်ခံတွေ့ဆုံမှု မရှိကြောင်းလည်း ဒေသတွင်းမှာ ပြောဆိုနေကြသည်။

မီဇိုရမ်ပြည်နယ်ထဲက သယ်ယူသွားသော ကုန်ပစ္စည်းများကို အာရက္ခတပ်တော် AA အနေဖြင့် စစ်ရေးတွင် အသုံးပြုနေသည်ဟု CYLA က ထုတ်ပြန်စွပ်စွဲထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular