Western News
Homeကျန်းမာရေးပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်နေ

ပုဏ္ဏားကျွန်းမှာ စစ်ရှောင်ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါဖြစ်နေ

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင်နေကြသည့် ကလေးငယ်များ တုပ်ကွေးနှင့် ဝမ်းရောဂါ ဖြစ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများက ပြောသည်။

မိုးရာသီကာလ သန့်ရှင်းသော ပတ်ဝန်းကျင်မှာ မနေရခြင်း၊ တကိုယ်ရည်သုံး ပစ္စည်းများလုံလောက်စွာမရှိခြင်းတို့ကြောင့် ကလေးငယ်အများစု ရောဂါဖြစ်နေကြသည်ဟု စစ်ရှောင်ကူညီရေးအဖွဲ့ လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အများအားဖြင့် မြေပေါ်မှာပဲ တဲတွေထိုးပြီး ဖြစ်သလို နေကြရပါတယ်။ ပတ်ဝန်းကျင်နဲ့ သောက်သုံးရေ သန့်ရှင်းမှုမရှိကြဘူး။ ခြင်တွေ တအားများတယ်။ ခြင်ထောင်တွေလည်း အလုံလောက်မရှိကြတော့ ခြင်ကိုက်ပြီး တုတ်ကွေး အဖြစ်များကြပါတယ်။ ဝမ်းပျက်ဝမ်းလျှော့ရောပဲ တော်တော်ဖြစ်ကြတယ်။ ဆေးဝါးတွေကလည်း အလုံလောက်မပေးနိုင်ဘူး။ ကျနော်တို့လည်း တတ်နိုင်သလောက် ကူပေးနေပေမယ့် မလုံလောက်နိုင်ဘူး ဖြစ်နေပါတယ်” ဟုပြောသည်။

ဝမ်းပျက်ဝမ်းလျှော့နှင့် တုပ်ကွေးဖြစ်နေသည့် ကလေးငယ်များမှာ အသက် ၈ နှစ်မှ ၁၃ နှစ်အရွယ်များဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ လမ်းဘေးမြေကွက်လပ်များ၊ မြေလွတ်နေရာများတွင် ဖြစ်သလိုနေထိုင်နေကြပြီး စားနပ်ရိက္ခာများလည်း ဖူလုံမှုမရှိဟု ယိုးတရုတ်ဖက်တွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

“ကျနော်တို့က အစကတည်းက မရှိဆင်းရဲသားတွေဆိုတော့ စစ်ဘေးရှောင်နေတဲ့အခါ ပိုခက်ခဲပါတယ်။ အခုလည်း ဖြစ်သလိုပဲ လမ်းဘေးမြေလွတ်နေရာမှာ တခြားအိမ်ခြံ မြေလွတ်နေရာတွေမှာ ခိုကပ်ပြီးနေကြတာ။ နွေရာသီတုန်းက နေရာထိုင်ခင်းက အဆင်ပြေသလိုလို ရှိခဲ့ပေမယ့် မိုးတွင်းမှာ ခက်ခဲလာတယ်။ ကလေးတွေ နေမကောင်းဖြစ်တော့လည်း ဆေးကောင်းကောင်း မကုနိုင်ကြဘူး။ ဖြစ်သလိုပါပဲ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ AA က သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်တစ်ခုဖြစ်သော်လည်း စစ်တွေရှိ စစ်ကောင်စီရေတပ်နှင့် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် မကြာခဏ လှမ်းပစ်ခတ်မှုများရှိနေသေး၍ မြို့/ရွာများသို့ ပြန်လည် မဝင်ရောက်နိုင်သူ အများအပြားရှိနေကြသည်။

နေရပ်ကို မပြန်နိုင်သေးဘဲ တခြားနေရာများ၌ စစ်ရှောင်နေရဆဲ ပြည်သူများမှာ ပုဏ္ဏားကျွန်းမြို့နယ်အပြင် ပေါက်တောမြို့နယ်မှ ကျေးရွာအချို့၊ စစ်တွေမြို့နယ်၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ သံတွဲ စသည့် မြို့နယ်တို့တွင် အများဆုံးဖြစ်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular