Western News
Homeစစ်ရေးစစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး

စစ်ကောင်စီ လက်နက်ကြီးကြောင့် သံတွဲတွင် ၂ဦးသေဆုံးပြီး ကျောက်ဖြူတွင် ၁ဦးသေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကာ ကျောက်ဖြူတွင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇူလိုင် ၁၁ ရက်နေ့ နံနက် ၉ နာရီကျော်တွင် သံတွဲမြို့နယ် ဂွသံတွဲလမ်းရှိ ပဒဲကောကျေးရွာကို သံတွဲဂျိတ္တော အနီးရှိ စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ကျေးရွာ တံတားအနီးတွင် ကျရောက်ခဲ့ခြင်းဖြစ်သည်။

သံတွဲဒေသခံတစ်ဦးက “တိုက်ပွဲဖြစ်တာ မရှိဘူးဗျ။ မောင်ရွှေလေးရေတပ်ကက လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ အဲ့ဒီမှာ လက်နက်ကြီး ကျည်က ရွာထိပ် တံတားအနားကို ကျတယ်။ အဲ့ဒီမှာ အမျိုးသမီးတစ်ဦး လက်နက်ကျည်စင်ပြီး လည်ပင်းကို ထိတယ်။ ဝမ်းဗိုက်မှာလည်း ကျည်စမှန်သွားတယ်။ နေရာမှာ သေဆုံးပါတယ် “ဟုပြောသည်။

ယင်းလက်နက်ကြီးကျည် ပစ်ခတ်မှုကြောင့် ပဒဲကောကျေးရွာသားများမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး သေဆုံးနေသည့် အသက် ၄၀ ကျော်အရွယ် ပဒဲကောကျေးမှ အမျိုးသမီး၏ ရုပ်အလောင်းကိုယနေ့ညနေပိုင်းအထိ ကောက်ယူခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယင်းလက်နက်ကြီးသည် သံတွဲ ဂျိတ္တောပင်လယ်ပြင်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ ရေတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငပလီဘက်မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သည်လည်း လက်ရှိတွင်မြပြင်ကမ်းခြေတွင် တပ်စွဲထားကြောင်း သိရသည်။

ထို့အပြင် ဇူလိုင် ၁၀ ရက် ညနေပိုင်းက သံတွဲအကျဉ်းထောင်၌ အခြေစိုက်ထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့ ကျရောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

နောက်ထပ် သံတွဲ ဒေသခံတစ်ဦးက “အကျဉ်းထောင်အတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး စခန်း ချထားတယ်။ အဲ့ဒီကနေ နေ့ရော ညပါ တစ်လျှောက် ပစ်နေတယ်။ လက်နက်ငယ်တွေနဲ့လည်း မကြာခဏ ပစ်နေတာတွေ ရှိတယ်။ ဒရုန်းတွေနဲ့လည်း ပစ်တာရှိတယ်”ဟုပြောသည်။

သေဆုံးသူမှာ ကျောက်ဆိပ်ကျေးရွာမှ အသက် ၃၀ အရွယ်ရှိ ဒေါ်စန်းစန်းအေး ဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူများကို နီးစပ်ရာတွင် ဆေးကုသမှု ခံယူနေကာ အသေးစိတ်များကို Western News က စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း စစ်ကောင်စီက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီး စံပယ်ချောင်းကျေးရွာသားတစ်ဦး သေဆုံးသွားခဲ့ပြီး နေအိမ် ၅ အိမ်ထက် မနည်း မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၉ ရက်နေ့ကလည်း လက်နက်ကြီး ကျည်ထိမှန်သော သံတွဲမြို့ အမှတ် ၅ ရပ်ကွက်ညောင်ပင်စျေး၊ အောင်မင်္ဂလာလမ်း အသက် ၆၃ နှစ်အရွယ်ရှိ ဦးမြင့်နိုင်နှင့် အသက် ၆၀ အရွယ် ဒေါ်ကြည်ထွေး တို့ကို ဂွမြို့နယ် ဆေးရုံကတစ်ဆင့် ရန်ကုန်လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular