Western News
Homeစစ်ရေးငပလီကမ်းခြေကို AA ထိန်းချုပ်ပြီးနောက် ဘီလျံနှင့်ချီတန်ဖိုးရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးကို ပိုင်ဆိုင်မည်

ငပလီကမ်းခြေကို AA ထိန်းချုပ်ပြီးနောက် ဘီလျံနှင့်ချီတန်ဖိုးရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးကို ပိုင်ဆိုင်မည်

(ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အများစုက စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်)

ရခိုင်ပြည် သံတွဲမြို့နယ်မှာရှိသည့် ကမ္ဘာကျော် ငပလီကမ်းခြေမှာ ကြယ်သုံးပွင့်မှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ၆၅ လုံးရှိသည်ဟု စစ်ကောင်စီ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သံတွဲမြို့နယ်အတွက် ငပလီကမ်းခြေမှာ စစ်ကောင်စီ တပ်ရင်းနှစ်ခုသာရှိပြီး အဆိုပါ တပ်ရင်းများမှာ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ဖြစ်သည်။

အဆိုပါ တပ်ရင်း နှစ်ခုစလုံးကို အပြီးအပိုင် သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ဇူလိုင်လ ၇ ရက်နှင့် ဇူလိုင်လ ၁၁ ရက်တွင် တရားဝင်ထုတ်ပြန်ထားပြီး ငပလီကမ်းခြေကို ထိန်းချုပ်သိမ်းပိုက်နိုင်ပြီဟု သုံးသပ်သူများက ပြောသည်။

သုံးသပ်သူတစ်ဦးက ” သံတွဲမြို့နယ်အတွက် အဓိက မိန်း တပ်ရင်းနှစ်တည်းရှိတာ။ အဲဒီတပ်ရင်းတွေကို AA က သိမ်းလိုက်ပြီဆိုတော့ ငပလီကမ်းခြေကို ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်။ ထွက်ပြေးနေတဲ့သူတွေ၊ စစ်စခန်းငယ်လေးတွေကိုတော့ မကြာခင် ရှင်းနိုင်သွားမှာပါ။ ငပလီကမ်းခြေမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်နဲ့ ကြယ် ၃ ပွင့်ရှိတဲ့ ဟိုတယ် ၆၅ လုံးရှိတယ်။ ဒါကို AA က သိမ်းပိုက်လိုက်ပြီပေါ့နော်။ ငွေကြေးအားဖြင့် ဘီလျံချီမှာပေါ့နော်။ ဒါတွေက AA လက်အောက် ရောက်သွားပါပြီ ” ဟု ပြောသည်။

ဘီလျံနှင့်ချီ တန်ဖိုးရှိသည့် ငပလီကမ်းခြေက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်အများစုမှာ စစ်အုပ်စုနှင့် နီးစပ်သူများဖြစ်ပြီး ရုရှားက အကောင်ထည်ဖော်နေသော ငပလီကမ်းခြေက ရုရှားအပန်းဖြေအိမ်ရာစီမံကိန်းလည်း လက်လွှတ်ဆုံးရှုံးရမည်ဖြစ်သည်။

နောက်ထပ် သုံးသပ်သူတစ်ဦးက ” သံတွဲမြို့နဲ့ ငပလီမြို့ကို လက်လွှတ်ဆုံးရတာက စစ်ကောင်စီနဲ့ ပြည်မ သူဌေးကြီးတွေ တနည်းအားဖြင့် စစ်ကောင်စီနဲ့ ပေါင်းနေတဲ့ ခရိုနီကြီးတွေအတွက် တော်တော်လေးကို ဆုံးမှုကြီးမားမှာဖြစ်တယ်။ ဟိုတယ်တွေရဲ့ တန်ဖိုးကိုက ဘီလျံနဲ့ချီပြီးရှိတယ်။ ဒါက မြေကွက်ဖိုး မပါသေးဘူးနော်။ ထွက်ပြေးနေတဲ့သူတွေ၊ မောင်ရွှေလေးရေတပ်နဲ့ သံတွဲအကျဉ်းထောင်က စစ်ကောင်စီ စစ်စခန်းကို ရှင်းလင်းပြီး သံတွဲမြို့နယ်တစ်ခုလုံးကို AA က အပြီးအပိုင်သိမ်းနိုင်ပြီဆိုရင် အဲဒီပိုင်ဆိုင်မှုတွေက AA က ရရှိသွားမှာဖြစ်တယ်။ ” ဟု ပြောသည်။

ငပလီကမ်းခြေက ရုရှားအပန်းဖြေအိမ်ရာစီမံကိန်းကို ရုရှား – မြန်မာ ချစ်ကြည်ရေးအသင်းနှင့် မြန်မာဘက်က Treasure Of Ngapali Development ကုမ္ပဏီ၊ Shwin Pyaw Pyaw Trading ကုမ္ပဏီ တို့က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စာချုပ်ချုပ်ခဲ့ကြသည်။

ငပလီကမ်းခြေက အကြီးဆုံးဟိုတယ်ဖြစ်သော ကြယ်ငါးပွင့်အဆင့်ရှိ Jasmine Ngapali Resort (စံပယ်ဖြူငပလီဟိုတယ်) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်နီးစပ်သူ ဦးကောင်းစံက ပိုင်ဆိုင်ပြီး သူဌေးကြီး ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇအုပ်စုနှင့်လည်း ဆက်နွယ်ကြောင်း ဘီဘီစီ ဆောင်းပါးတွင် ဖော်ပြထားသည်။

Jasmine Ngapali Resort (စံပယ်ဖြူငပလီဟိုတယ်) သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငပလီကမ်းခြေကို လာလျှင် တည်းခိုလေ့ရှိသည့် ဟိုတယ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့လည်း တည်းခိုဖူးခဲ့သည်။

ကြယ် ၅ ပွင့်အဆင့်ရှိ စံပယ်ဖြူငပလီဟိုတယ်မှာ အခန်း ၉၂ ခန်းထိရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

မြန်မာပြည်က ဘီလျံနာ သူဌေးများဖြစ်ကြသည့် ဦးတေဇ၊ ဦးချစ်ခိုင်၊ ဦးအောင်မျိုးမင်းဒင်၊ AMATA ဟိုတယ်လုပ်ငန်းစုပိုင်ရှင် ဦးဝင်းအောင်၊ ဦးမြဟန် တို့၏ ဟိုတယ်များလည်း ငပလီကမ်းခြေမှာ ရှိနေကြသည်။

ဦးအောင်မျိုးမင်းဒင် သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်နှင့် နီးကပ်သူဖြစ်ပြီး ၎င်းတွင် မြန်မာပြည်အနှံ့ ဟိုတယ် ၁၂ လုံးရှိကာ ငပလီကမ်းခြေတွင် Amazing ဟိုတယ်ရှိသည်။

ဦးအောင်မျိုးမင်းဒင်သည် သံတွဲဟိုတယ်ဇုန် ဥက္ကဌလည်းဖြစ်သလို မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ လည်းဖြစ်သည်။

ယင်းအပြင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သား ဦးထွန်းနိုင်ရွှေ၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ သမီး ဒေါ်နန္ဒာအေး တို့ ဟိုတယ်များလည်း ရှိနေသည်။

အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၏ သမီး ဒေါ်နန္ဒာအေး ပိုင်သည့် ငပလီကမ်းခြေက ဟိုတယ်မှာ Pristine Mermaid Resort ဟိုတယ်ဖြစ်သည်။

ငပလီကမ်းခြေမှာ ကမ္ဘာကျော် Hilton – ဟီလ်တန်ဟိုတယ်လုပ်ငန်းစုနှင့် ပေါင်းပြီး လေဆိပ်လမ်း ဇီးဖြူကုန်းရပ်ကွက်ထဲတွင် ဖွင့်ထားသည့် ကြယ် ၅ ပွင့် Hilton – ဟီလ်တန်ငပလီဟိုတယ်လည်း ရှိကြောင်း ဘီဘီစီက ဖော်ပြသည်။

ဟီလ်တန်ငပလီဟိုတယ်ကို အေဒင်အုပ်စုကုမ္ပဏီ ဥက္ကဋ္ဌ နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်ပိုင်ရှင် ဦးချစ်ခိုင်က ပိုင်ဆိုင်ကြောင်း သိရသည်။

ဟိုတယ်အများစုမှာ လင်းသာ၊ ဇီးဖြူကုန်း၊ ဂျိတ်တော စသည့် ရပ်ကွက်များ ငပလီကမ်းခြေတစ်လျှောက်တွင် ဖွင့်ထားကြပြီး သံတွဲ ငပလီကမ်းခြေမှာ ဟိုတယ် ၆၅ လုံးနှင့် အခန်းပေါင်း ၂၀၀၀ ကျော်ရှိကာ အာရက္ခတပ်တော် AA က ပိုင်ဆိုင်မည်ဖြစ်သည်။

သို့သော်လည်း အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧည့်လမ်းညွှန်လုပ်ကိုင်ခဲ့ဖူးသည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို နီးစပ်သူဖြစ်၍ ဟိုတယ်နှင့် မြေပိုင်များအတွက် ပြန်စဉ်းစားပေးနိုင်ကြောင်း သုံးသပ်သူများလည်းရှိနေကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular