Western News
Homeပညာရေးရခိုင်က တက္ကသိုလ်များတွင် ကျောင်းတက်သူ ၁ ရာခိုင်နှုန်းသာရှိ

ရခိုင်က တက္ကသိုလ်များတွင် ကျောင်းတက်သူ ၁ ရာခိုင်နှုန်းသာရှိ

ရခိုင်ပြည်မှ တက္ကသိုလ်ကျောင်းများတွင် ကျောင်းတက်ရောက်သူ ကျောင်းသား/သူဦးရေမှာ ၁ ရာခိုင်နှုန်းသာရှိကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သိရသည်။

ရခိုင်က တက္ကသိုလ်ကျောင်းအများစုမှာ စစ်ကောင်စီထိန်းချုပ်မြို့များတွင် ရှိနေဆဲဖြစ်ပြီး စစ်တွေ၊ တောင်ကုတ်မြို့တို့တွင် ရှိနေကြ၍ စစ်ကောင်စီက တက္ကသိုလ်များကို ဖွင့်လှစ်ထားသည်။

စစ်တွေတက္ကသိုလ်တွင် နေ့သင်တန်း (Day) နှင့် အဝေးသင် (UDE) မေဂျာအချို့ ကျောင်းတက်ရောက်ချိန်ဖြစ်ပြီး လက်ရှိ ကျောင်းတက်ရောက်နေသူ ဦးရေမှာ ၁ ရာခိုင်နှုန်းခန့်သာရှိကြောင်း စစ်တွေတက္ကသိုလ် ဆရာမတစ်ဦးက ပြောသည်။

“ကျောင်းဖွင့်တော့ တစ်ယောက်စ နှစ်ယောက်စ တက်ကြပါတယ်။ စာသင်ခန်းတစ်ခန်းမှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ရှိတယ်။ ကျောင်းတက်ရောက်တဲ့ ရာခိုင်နှုန်းက ၁ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အခုက နေ့သင်တန်းတွေ တက်နေတယ်။ အဝေးသင်ကကျတော့ သိပ္ပံတွဲတွေ တက်နေကြပြီ” ဟု ပြောသည်။

စစ်တွေတက္ကသိုလ်အပြင် စစ်တွေမြို့ထဲရှိ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင်လည်း ကျောင်းတက်ရောက်သူ ဦးရေမှာ ၁ ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

တောင်ကုတ်မြို့က တောင်ကုတ်တက္ကသိုလ်ကိုလည်း စစ်ကောင်စီက ဖွင့်ထားပြီး ကျောင်းတက်ရောက်သူများမှာ မရှိသလောက်နည်းပါးကြောင်း တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။

“ကျောင်းကတော့ ဖွင့်ထားတယ်။ ဆရာဆရာမတချို့တော့ ရှိတယ်။ ကျောင်းတက်တဲ့သူတွေတော့ မရှိသလောက်နည်းပါးတယ်။ မြို့အခြေနေတွေကလည်း မငြိမ်တော့ ကျောင်းပြောင်းသွားတဲ့ သူတွေက ပိုများတယ်” ဟု ပြောသည်။

ရခိုင်က တက္ကသိုလ်ကျောင်းများတွင် ထောင်နှင့်ချီသည့် ကျောင်းသားများမှာ နှစ်စဉ်ကျောင်းတက်ရောက်ကြသော်လည်း လက်ရှိ ဒေသမတည်ငြိမ်သည့် အခြေနေများကြောင့် ကျောင်းတက်ရောက်သူဦးရေ မရှိသလောက် နည်းပါးနေခြင်းဖြစ်သည်။

ရခိုင်မှာ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲများကြောင့် တက္ကသိုလ်ကျောင်းသားအများစုမှာ ပြည်မရှိ တက္ကသိုလ်ကျောင်းများကို ပြောင်းရွေ့ပညာသင်ကြားလျှက်ရှိနေကြပြီး တချို့မှာလည်း ပြည်နယ်အတွင်းတွင်ပင် ကျောင်းတက်ရောက်နိုင်ခြင်းမရှိဘဲ ရှိနေကြကြောင်းတွေ့ရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular