Western News
Homeစစ်ရေးသံတွဲနှင့် မောင်တောတွင် မိုင်းအန္တရာယ်ရှိကြောင်း AA သတိပေး

သံတွဲနှင့် မောင်တောတွင် မိုင်းအန္တရာယ်ရှိကြောင်း AA သတိပေး

သံတွဲမြို့နယ်နှင့် မောင်တောမြို့နယ်တို့တွင် တပ်ဆုတ်သွားသော စစ်ကောင်စီတပ်သားများ စွန့်လွှတ်မိုင်းများ ထားရှိခဲ့၍ ဒေသခံပြည်သူများ အထူးသတိပြုကြရန် အာရက္ခတပ်တော် AA က သတိပေးလိုက်သည်။

စစ်ရေးပြင်းထန်နေသော သံတွဲနှင့် မောင်တောမြို့များတွင် စစ်ကောင်စီသည် အဆိုပါ မြို့နှစ်မြို့အား ခံစစ်အဖြစ်ပြင်ဆင်နေသကဲ့သို့ မြို့တွင်းသို့ဝင်ရောက်နိုင်သည့် နေရာများ၊ တံတားများနှင့် ၎င်းတို့စခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြှုပ်မိုင်းများ ထောင်ထားခဲ့သည်ကို တွေ့ရသည်ဟု AA က ထုတ်ပြန်ထားသည်။

သိမ်းပိုက်ထားသော မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်သားများက စွန့်လွှတ်မိုင်းများထားခဲ့၍ အရပ်သားပြည်သူလူထုများမှာ နေ့တိုင်းလိုလို အသက်သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများကို ကြုံတွေ့နေရဆဲဖြစ်သည်ဟု AA က ဆိုသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း သံတွဲမြို့၊ နံတော်တောင်တံတား(နန်းချောင်းတံတား)ပေါ်တွင် စစ်ကောင်စီသည် အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးရန် တံတားပေါ်၌ မိုင်းများထောင်ထားခဲ့သည်။

ထို့အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသွားသည့် လမ်းများ၊ ၎င်းတို့ စခန်းချရာ အနီးပတ်ဝန်းကျင်များ၌ စွန့်လွှတ်မိုင်းများစွာကို ထောင်ထားသည်များကို တွေ့ရသည်။

ထို့ကြောင့် အရပ်သားပြည်သူလူထုအနေဖြင့် မိုင်းနှင့်ပတ်သက်သော ဗဟုသုတ၊ အသိပညာများကို သိရှိအောင် ပြုလုပ်ထားရန် လိုအပ်သည်ဟု AA အသိပေးနေခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်စခန်းများ၊ တပ်စခန်းပတ်ဝန်းကျင်များ၊ စစ်ကောင်စီ (ယာယီ) စခန်းချခဲ့ရာ နေရာများတွင် မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်းကို မပြုလုပ်ကြရန် လိုအပ်သည်။

ပြည်သူများအနေဖြင့် သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းများကိုလည်း လတ်တလောအခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိဖြင့် သွားလာနေထိုင်ကြရန် အသိပေး ထုတ်ပြန်ကြောင်း AA က တိုက်တွန်းထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular