Western News
Homeစစ်ရေးကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ

ကိုးကန့်တပ် MNDAA ထိုးစစ်ဆင်နေသည့် မိုင်းရယ်မြို့ကို SSPP တပ်စွဲ နေရာဝင်ယူ

ရှမ်းပြည်နယ် မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေချိန် ရှမ်းတပ်တစ်ခုဖြစ်သည့် SSPP/SSA က မိုင်းရယ်ဒေသမှာ အင်အား ၁၀၀၀ ကျော်ဖြင့် တပ်စွဲနေရာယူလိုက်ကြောင်း သိရသည်။

မဟာမိတ် ကိုးကန့်တပ် MNDAA ကို အကြောင်းကြားပြီး မိုင်းရယ်ဒေသကို ဇူလိုင်လ ၁၂ ရက်နေ့ ညက ဝင်ရောက်ခဲ့ကြောင်း SSPP က ထုတ်ပြန်ထားသည်။

မိုင်းရယ်မြို့က စစ်ကောင်စီတပ်ရင်းများကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းအချိန်တွင် SSPP က ဝင်ရောက်တပ်စွဲရသည့် အကြောင်းအရင်းကို ယခုလိုပြောသည်။

SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြား အဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင် အခုလို လုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလဲ သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” ဟု ပြောသည်။

အင်အား ၁၀၀၀ ကျော်ဖြင့် မိုင်းရယ်မြို့နယ်ကို ၁၂ ရက်နေ့က SSPP က ဝင်ရောက်လာပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင် ထပ်မံအင်အားဖြည့်ကာ မြို့နယ်အနှံ့ တပ်ဖြန့်ကျက်ထားကြောင်း သိရသည်။

မိုင်းရယ်မြို့နယ်သည် SSPP/SSA ၏ နှစ်ပေါင်းများစွာ စိုးမိုးလာသော နယ်မြေဒေသဖြစ်ပြီး စစ်ကောင်စီနှင့် ညှိနှိုင်းအုပ်ချုပ်ကြကြောင်းလည်း သိရသည်။

မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီ၏ ခမရ ၃၂၅ တပ်ရင်း၊ ခလရ ၆၇ တပ်ရင်းနှင့် ခလရ ၂၂ တပ်ရင်းတို့ရှိပြီး SSPP တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

SSPP က တပ်စွဲနေရာယူထားခြင်းနှင့်ပတ်သက်ပြီး ကိုးကန့်တပ် MNDAA က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသလို စစ်ကောင်စီတပ်နှင့် ဆက်လက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

SSPP က စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ကိုယ့်ရပ်တည်ချက်နှင့်ကိုယ်ဖြစ်ပြီး ပြည်ထောင်စုအဆင့် Bilateral လက်မှတ်ရေးထိုးထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular