Western News
Homeစစ်ရေးသံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ

သံတွဲနှင့် ဂွမြို့နယ်တွင် စစ်ရှောင်များအား ဆန်ဈေး မြှင့်တင်ရောင်းနေ

ရခိုင်ပြည် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးရန် အရပ်ဘက်အဖွဲ့များ ဆန်ဝယ်ယူရာတွင် ပုံမှန်ထက် ကျပ် နှစ်သောင်းကျော် ဈေးမြှင့်ဝယ်ယူရကြောင်း စုံစမ်းသိရသည်။

စစ်ရှောင်မဟုတ်သော ပြည်သူများ ဆန်ဝယ်ယူလျှင် ဆန်တစ်အိတ်ကို ကျပ် ၁၆၀,၀၀၀ ပေးရသော်လည်း စစ်ရှောင်များအတွက်ဟု ပြောဆို၍ ဝယ်ယူလျှင် ကျပ် ၁၈၀,၀၀၀ ကျော် ပေးရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များထံမှ သိရသည်။

” သံတွဲမြို့နယ်မှာရော၊ ဂွမြို့နယ်တွေဘက်မှာရော စစ်ရှောင်တွေကို ထောက်ပံ့ဖို့ ဆန်သွားတာ။ ပုံမှန်က ဆန်တစ်အိတ်ကို ကျပ် ၁၆၀၀၀၀၀ ပဲ ပေးရတယ်။ စစ်ရှောင်တွေအတွက်လို့ ပြောပြီးဝယ်တာ။ ဈေးလျော့ပေးမလားပေါ့နော်။ မဟုတ်ဘူး။ ကျပ် ၁၈,၅၀၀၀ ပေးရတယ်။ ဘာဖြစ်လို့လဲ အကြောင်းပြချက်ကိုမရှိဘူး။ စစ်ရှောင်တွေအတွက် ပိုနစ်နာရတာပေါ့။ ဒါက မဖြစ်သင့်ဘူးလေနော်။ ” ဟု ကူညီနေသူတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တွင် ဆန်ရှားပါး၍ ဝယ်ယူရ ခက်ခဲနေကြောင်းနှင့် စပါးရှိသော်လည်း ဆန်စက်များ ပိတ်ထား၍ စစ်ရှောင်ကူညီရေးလုပ်သူများ ခက်ခဲနေကြကြောင်း သိရသည်။

နောက်ထပ် စစ်ရှောင်ကူညီသူတစ်ဦးက ” အကုန်လုံးက ထွက်ပြေးကြတော့ အဓိကတော့ မြို့ပေါ်ပေါ့နော် ဆန်တွေပါ အကုန်လုံး ယူဆောင်သွားကြတာ။ ဆန်ဝယ်လို့မရဘူးဖြစ်နေတယ်။ ဟိုကနည်းနည်း ဒီကနည်းနည်း လိုက်စုပြီးဝယ်ရတော့ ခရီးစရိတ်လည်းများ၊ ဆန်ဈေးကလည်း ကြီးတော့ တော်တော်လေးကို ဒုက္ခရောက်နေတယ်။ ” ဟု ပြောသည်။

ဆန်ဈေးမြှင့်တင်ရောင်းချသူများမှာ သံတွဲမြို့နယ်ထက် ဂွမြို့နယ်တွင် ပိုမိုတွေ့ရပြီး ဆန်ဈေးမြှင့်တင်ရောင်းချသူများကို Western News စုံစမ်းဖော်ထုတ်သွားမည်ဖြစ်သည်။

တောင်ကုတ်မြို့ခံတစ်ဦးက ” ဒီအချိန်မှာ အမြတ်ကြီးစားတဲ့ စီးပွားရေးသမားတွေ၊ ဝိသမလောဘ သမားတွေ မလုပ်သင့်ဘူး။ အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ကိုယ်တတ်နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီရမှာဖြစ်တယ်။ ကိုယ်လည်း တချိန်မှာ စစ်ရှောင်ဘဝ မရောက်နိုင်ဘူးလို့ ပြောလို့မရဘူး။ ကံ ကံ၏အကျိုးကို ပြန်ခံစားရမှာဖြစ်တယ်။ ” ဟု ပြောသည်။
သံတွဲမြို့နယ် ကျေးလက်ဒေသရွာများတွင် စစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး သံတွဲမြို့ထဲတွင် ၅၀၀ နှင့်အထက်ရှိကာ ဂွမြို့နယ်နှင့် ကျိန္တလီမြို့တွင် စစ်ရှောင် ၂,၀၀၀ နှင့်အထက် ရှိကြောင်း စစ်ရှောင်ကူညီရေးဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

သံတွဲမြို့နယ်က စစ်ရှောင်များအား ကူညီနေသူ ကိုတေဇာအောင်က ” စစ်ရှောင်တွေရဲ့ ဒုက္ခကတော့ ပြောစရာမလိုဘူး။ အရမ်းအခက်အခဲဖြစ်နေကြတယ်။ စားရေးသောက်ရေး နေရေးထိုင်ရေးပေါ့။ ကျနော်တို့က အလှူရှင်တွေရဲ့ အကူအညီနဲ့ တတ်နိုင်သလောက် ထောက်ပံ့ပေးနေတယ်။ အခက်အခဲဖြစ်တာက ဆန်ဝယ်လို့မရတဲ့ ပြဿနာပါ။ စပါးတွေပဲရှိကြတယ်။ ဆန်တွေက ရောင်းမယ့်သူ မရှိဘူး။ ဆန်စက်တွေကလည်း ပိတ်ထားတော့ အရမ်းခက်ခဲနေတယ်။ ” ဟု ပြောသည်။

စစ်ရှောင်များကို စားဝတ်နေရေးအပြင် ဆေးဝါးများ ထောက်ပံ့ပေးချင်သော်လည်း ဆေးဝါးဝယ်ယူ၍မရသည့် ပြဿနာ ရှိနေကြောင်း ကိုတေဇာအောင်က ပြောသည်။

သံတွဲ၊ ငပလီ၊ ဂွနှင့် ကျိန္တလီဒေသတို့တွင် ဖြစ်သလို နေထိုင်စားသောက်နေကြရသည့် စစ်ရှောင်များအတွက် တစ်ပိုင်တစ်နိုင် သို့မဟုတ် တသီးပုဂ္ဂလ အလှူရှင်များ၊ အစုအဖွဲ့များ၏ အလှူငွေများဖြင့်သာ ထောက်ပံ့ပေးနေရပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီများ ရရှိခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် AA သည် ငပလီမြို့ထဲက စစ်ကောင်စီတပ်ရင်း နှစ်ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်စခန်းများနှင့် လက်ရှိ စစ်စခန်းများကို တိုက်ခိုက်ရှင်းလင်းနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular