Western News
Homeစီးပွားရေးအိန္ဒိယလူငယ်များက ရခိုင်ကုန်သည် ပစ္စည်း ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖမ်းဆီးဖျက်ဆီး

အိန္ဒိယလူငယ်များက ရခိုင်ကုန်သည် ပစ္စည်း ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖမ်းဆီးဖျက်ဆီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လိုင်လူငယ် CYLA အဖွဲ့အစည်းသည် ရခိုင်ကုန်သည်များထံမှ ဒီဇယ်ဆီ ပီပါ ၁၉ လုံးကို ဖျက်ဆီးရန် ဖမ်းဆီးသွားကြောင်း ချင်းသတင်းများက ဖော်ပြကြသည်။

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကိုဖြတ်ပြီး ရခိုင်ပြည်ဘက်သို့ ပို့မည့် ဒီဇယ်ဆီများကို ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ CYLA လက်အောက်ခံ Diltlang- YLA (ဒီလ်တလန် လိုင်လူငယ်) အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရခိုင်ကုန်သည်များမှာ ဒီဇယ်ဆီများကို လုံလေမြို့က မှာယူပြီး လုံလေမြို့ ဂျောင်းသဲကို ဖြတ်ကာ ဒီလ်တလန် ရွာကတစ်ဆင့် ပလက်ဝမြို့ကနေ ရခိုင်ပြည် ကျောက်တော်မြို့သို့ ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

ဒီဇယ်ဆီများကို ကားနှစ်စီးဖြင့် ယာဉ်မောင်း ၂ ဦးက လုံလေမြို့မှ သယ်ယူလာပြီး ဒီလ်တလန်ရွာ လိုင်လူငယ်အဖွဲ့ (D-YLA) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ယာဉ်မောင်း ၂ ဦးကို D-YLA က ပြန်လွှတ်ပေးလိုက်သည်ဟု ပြောဆိုထားသော်လည်း ယခုအချိန်အထိ အဆက်အသွယ်မရသေးကြောင်း ရခိုင်ကုန်သည်အချို့က ပြောသည်။

မီဇိုရမ်ပြည်နယ်ရှိ လောင်တလိုင်ခရိုင်က ဗဟိုလိုင်လူငယ်အဖွဲ့သည် ဒေသအသီးသီးက လိုင်လူငယ်အဖွဲ့အစည်းများကို ရခိုင်နှင့် ချင်းပြည် ပို့မည့် ကုန်ပစ္စည်းများကို ဖမ်းဆီးရန် ညွှန်ကြားထားသည်။

ဒါဇင်နှင့်ချီသော ရခိုင်ကုန်သည်များမှာ ဗဟိုလိုင်လူငယ်အဖွဲ့ထံ ကုန်ပစ္စည်းအများအပြား ဖမ်းဆီးခံထားရပြီး ကုန်ပစ္စည်းသယ်ယူခွင့် မရသည်မှာ တစ်လကျော် ကြာမြင့်နေပြီဟု သိရသည်။

“ဒီမှာ သောင်တင်နေတာ ၁ လလောက် ရှိလာပြီ။ ဘယ်လို အခြေနေနဲ့ ပြန်ရမလဲ မသိတော့ဘူး။ ကုန်ပစ္စည်းတွေ ချခွင့်ပေးတဲ့အထိ သည်းခံစောင့်ဆိုင်းနေကြတာပဲ။ တချို့ဆိုလည်း မီးရှို့ခံရလို့ ဆုံးရှုံးတဲ့သူတွေ ဆုံးရှုံခဲ့ပြီးပြီ။ ကျန်တဲ့သူတွေမှာလည်း ကုန်တွေက ပြန်လည်းသွင်းမရ ယူသွားလို့လည်း မရနဲ့ ဒီအတိုင်း ဆုံးရှုံးထားသလို ဖြစ်နေပြီ” ဟု ပြောသည်။

ရခိုင်ကုန်သည်များ၏ ပစ္စည်းများကို ဗဟိုလိုင်လူငယ်အဖွဲ့က ဖျက်ဆီးလိုက်သည်မှာ ကျပ်သိန်း ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိသွားပြီဟု ရခိုင်သည်များက ပြောဆိုကြသည်။

ဗဟိုလိုင်လူငယ်အဖွဲ့၏ ကန့်သတ် ပိတ်ပင်မှုကြောင့် ချင်းပြည်နှင့် ရခိုင်ပြည် ကုန်စည်စီးဆင်းမှုမှာ ပြတ်တောက်သွားပြီး ဒေသတွင်း ကုန်ပစ္စည်းပြတ်လပ်ကာ လက်ရှိ အခြေခံစားသောက်ကုန်များမှာလည်း ဈေးအဆမတန် မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရသည်။

အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက မီဇိုရမ်ပြည်နယ်က လူငယ်အဖွဲ့အစည်းများအနေဖြင့် မြန်မာပြဿနာမှာ ဝင်ရောက်မစွပ်ဖက်ဖို့နှင့် ပြဿနာ ပိုမိုရှုပ်ထွေးအောင် မပြုလုပ်ဖို့ သတိပေး ပြောကြားထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular