Western News
Homeနိုင်ငံရေးရခိုင်က ဒေါက်တာ ၁ ဦးနှင့် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရခိုင်က ဒေါက်တာ ၁ ဦးနှင့် လူငယ် ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး

(ဖမ်းဆီခံ ရခိုင်လူငယ် ၃ ဦးကို လှိုင်မြို့ ဘာတာရဲစခန်းမှာ ထိန်းသိမ်းထား)

ရခိုင်ပြည်က ဒေါက်တာ ဦးကိုနှင့် ကျောက်ဖြူဒေသခံ လူငယ် ၃ ဦး စုစုပေါင်း ၄ ဦးကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်မြို့တွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။

အသက် ၆၀ အရွယ် ဒေါက်တာ ဦးကိုသည် ကျောက်ဖြူမြို့မှ ရန်ကုန်မြို့သို့ လာရောက်စဉ် ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ထောက်လှမ်းရေးများမှ ဇူလိုင်လ ၁၆ နေ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။

ဒေါက်တာဦးကိုသည် Posco International (OGT) မှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးခံရသည်ကို မသိရှိရကြောင်းနှင့် လက်ရှိအချိန်အထိ အဆက်အသွယ် မရသေးကြောင်း ဒေါက်တာမိတ်ဆွေများထံမှ သိရသည်။

ဒေါက်တာ မိတ်ဆွေတစ်ဦးက “ဖမ်းတာက​တော့ လေဆိပ်ထဲမှာ စရဖက ဝင်ဖမ်းတာ။ ဘာအတွက် ဖမ်းတယ်လို့လဲ မပြောဘူး။ အခုတော့ အဆက်အသွယ် မရတော့ဘူး” ဟု ပြောသည်။

ယင်းအပြင် ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင်နှင့် သမိုင်းတွင်နေသည့် စစ်ရှောင်လာသော ရခိုင်လူငယ် ၃ ဦးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက် ည ၈ နာရီတွင် စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဘေးပတ်ဝန်းကျင်က ရခိုင်တိုင်းရင်းသားများဆိုပြီး အပြစ်မရှိအပြစ်ရှာကာ စစ်ကောင်စီကို တိုင်ကြား၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက Western News ကို ပြောသည်။

ဖမ်းဆီးခံ လူငယ်များနှင့် နီးစပ်သူက ” လှိုင်မြို့နယ် မာလာမြိုင် ၈ လမ်းမှာ တစ်ယောက် အဖမ်းခံရတယ်။ ၉ လမ်းမှာ တစ်ယောက် အဖမ်းခံရတယ်။ သမိုင်းက တစ်ယောက် အဖမ်းခံရတယ်။ အကုန်လုံးက အိမ်ထောင်သည်တွေပဲ။ ဧည့်စာရင်းတွေ တိုင်ထားပြီးသားလို့ ပြောတယ်။ ဘေးက အိမ်တွေက စစ်ကောင်စီကို တိုင်လိုက်တယ်လို့ သိရတယ်။ မိန်းမတွေက ငိုယိုနေကြတယ်။ အခုထိ အဆက်အသွယ် မရသေးဘူး။ ” ဟု ပြောသည်။

လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင် ၉ လမ်းက လူငယ်နှင့် သမိုင်းက လူငယ်မှာ ကျောက်ဖြူဒေသခံဖြစ်ပြီး ၉ လမ်းက ဖမ်းဆီးခံလူငယ်မှာ ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာက ကိုဇော်ဝင်းဟု သိရသည်။

လှိုင်မြို့နယ် ၁၆ ရပ်ကွက် မာလာမြိုင် ၈ လမ်းက ဖမ်းဆီးခံ ရခိုင်လူငယ်မှာ ရခိုင်ပြည် မည်သည့်နေရာကနှင့် မည်သူဖြစ်သည်ကို အတိအကျမသိရသေးပေ။

ဒေါက်တာ ဦးကိုနှင့် ရခိုင်လူငယ် ၃ ဦးတို့ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လှိုင်မြို့နယ်ရှိ ဘာတာရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များမှာ အဆက်အသွယ်မရ၍ အလွန်စိတ်ပူနေကြသည်။

အာဏာသိမ်း စစ်ကောင်စီ သည် ရခိုင်မှာ စစ်ရှုံးနေချိန် ရန်ကုန်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် ရခိုင်တိုင်းရင်းသားများနှင့် မိသားစုဝင်များကို အကြောင်းမဲ့ဖမ်းဆီးခြင်း ဆက်တိုက် ပြုလုပ်နေသည်။

ရန်ကုန်မြို့၌ စစ်ရှောင်နေကြသည့် ရခိုင်ပြည်သူများ ဧည့်စာရင်းတိုင်ကြားလာပါက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ အကြောင်းကြားရမည်ဟု စစ်ကောင်စီက ၎င်းတို့ လက်အောက်ခံ ဌာနများကို ညွှန်ကြားထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular