Western News
Homeစီးပွားရေးစစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး ရခိုင်ကမ်းလွန်မပါတော့ပေ

စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး ရခိုင်ကမ်းလွန်မပါတော့ပေ

လတ်တလော ဆန်းစစ်နေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် အသစ်ရှာဖွေမည့် စီမံကိန်းများ အစည်းအဝေးတွင် ရခိုင်ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်လုပ်ရေး စီမံကိန်းများ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ယင်းအစည်းအဝေးမှာ စစ်ကောင်စီ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအဖွဲ့က ရခိုင်ကမ်းလွန်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်းများ ပြုလုပ်မည့်အကြောင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိပေ။

စစ်ကောင်စီ ဆွေးနွေးချက်မှာ မအူပင် (တောင်) ဒေသ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်မည့်အခြေအနေနှင့် ဘုရားကုန်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးဆောင်ရွက်မှု ရလဒ်အပေါ် လေ့လာဆန်းစစ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

လာမည့်ပွင့်လင်းရာသီမှာလည်း စပါးကြီးစမ်း၊ နတ်စင်ကုန်းဒေသတို့တွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို ဆွေးနွေးခဲ့သော်လည်း ရခိုင်ကမ်းလွန်ကိစ္စ ပါဝင်ခြင်းမတွေ့ရပေ။

မည်သည့်အတွက်ကြောင့် ရခိုင်ကမ်းလွန်ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိသည်ကို မသိရသော်လည်း ရခိုင်ပြည်အတွင်း စစ်ရေးပြင်းထန်နေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများအားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မြန်မာနိုင်ငံက ရေနံတူးဖော်မှုကို စတင်လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှုမှာ များစွာနောက်ကျနေကြောင်း အဆိုပါ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့များ များစွာထွက်ရှိသော်လည်း ဖွံ့ဖြိုးမှုနောက်ကျရခြင်းသည် ဗဟိုအစိုးရချုပ်ကိုင်မှုများခြင်း၊ စစ်အုပ်စုက ရသမျှငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းနှင့် တခြားတိုင်းပြည်ကို ရောင်းစားခြင်းကြောင့် ဖြစ်သည်ဟု ကျောက်ဖြူဒေသခံတစ်ဦးက ထောက်ပြသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှာ ရခိုင်ကမ်းလွန်ဒေက အများဆုံးထွက်ပြီး လက်ရှိတွင် တရုတ်နိုင်ငံကို ရောင်းစားထားသည်။

စစ်အာဏာမသိမ်းမီ ရေးဆွဲအတည်ပြုခဲ့သည့် အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်း (ဘတ်ဂျက်) အရ မြန်မာအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ ကျပ် ၂,၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်) ရရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular