Western News
Homeနိုင်ငံရေးချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး

ချင်းနိုင်ငံရေးကို မစွက်ဖက်ရန် AA အား ချင်းပြည်အစိုးရ သတိပေး

ချင်းပြည်အရေးနှင့် ချင်းလူမျိုးတို့၏ နိုင်ငံရေးကိစ္စရပ်များတွင် အာရက္ခတပ်တော် AA အနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း အမြန်ဆုံးရပ်တန့်ရန် CNA ဦးဆောင်သော ချင်းပြည်အစိုးရက သတိပေးထုတ်ပြန်လိုက်သည်။

ချင်းလက်နက်ကိုင်အချင်းချင်း တင်းမာနေခြင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၉ ရက်နေ့က ချင်းပြည်အစိုးရမှ အချက် ၈ ချက်ပါသော ထုတ်ပြန်ချက်တွင် AA အား သတိပေးချက် ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်တပ်ဖွဲ့ မဟာမိတ်ဖြစ်သော AA စစ်ကြောင်းကို CNA ဦးဆောင်သော စစ်ကြောင်းက စတင်ပစ်ခတ်ရာကနေ ချင်းညီနောင်အဖွဲ့နှင့် CNA ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့တို့ကြား စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

မတူပီမြို့သိမ်းတိုက်ပွဲတွင် CNA ဦးဆောင်သော စစ်ကြောင်းက AA တပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်းနှင့် AA ကသာ ချင်းနယ်နိမိတ်သို့ ကျူးကျော်ဝင်ရောက်လာ၍ မလိုလားအပ်သော ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းဖြစ်သည်ဟု ချင်းပြည်အစိုးရက ပြောဆိုထားသည်။

သို့သော်လည်း ချင်းညီနောင်တပ်ဖွဲ့က အာရက္ခတပ်တော် AA သည် မတူပီမြို့သိမ်းတိုက်ပွဲတွင် စစ်ရေးအရ ပူးပေါင်းပါဝင်ကူညီသော အဖွဲ့ဖြစ်ပြီး CNA ဦးဆောင်သော စစ်ကြောင်းက မဟာမိတ်တပ် AA အား စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တုန့်ပြန်ထားသည်။

အာရက္ခတပ်တော် AA အနေဖြင့် ချင်းလက်နက်ကိုင်များကြားနှင့် ချင်းပြည်နိုင်ငံရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်နေသည်ဟု ချင်းပြည်အစိုးရအဖွဲ့က စွပ်စွဲပြစ်တင်ထားသည်။

CNA ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့၏ စွပ်စွဲပြစ်တင်ခြင်းများကို အာရက္ခတပ်တော် AA အနေဖြင့် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

ချင်းညီနောင်တပ်ဖွဲ့က မဟာမိတ် အာရက္ခတပ်တော် AA နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို ချင်းပြည်အတွင်းက စစ်ကောင်စီတပ်များအား တိုက်ထုတ်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

CNA ဦးဆောင်သော ချင်းပြည်အစိုးရအဖွဲ့တွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အထူးသဖြင့် ချင်းပြည်ကာကွယ်ရေးတပ် CDF အချို့ ပါဝင်ခြင်းမရှိ၍ လက်ရှိချင်းပြည်အစိုးရအဖွဲ့သည် ချင်းတစ်မျိုးသားလုံးကို ကိုယ်စားမပြုကြောင်းလည်း သုံးသပ်သူများက ပြောဆိုနေကြသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular