Western News
Homeစစ်ရေးမြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိက တရားရုံးချုပ်က အမိန့်ချမှတ်

မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိက တရားရုံးချုပ်က အမိန့်ချမှတ်

မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှု မပြုလုပ်ရန် တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့၊ ဂါးဒင် (Gauteng) ခရိုင် တရားရုံးချုပ်က ဇူလိုင် ၁၉ ရက်နေ့က အမိန့်ချမှတ်လိုက်ကြောင်း AFP သတင်းဌာနတွင် ဖော်ပြသည်။

တောင်ပိုင်းအာဖရိက တရားရေးစင်တာ (SALC) သည် သမားရိုးကျ လက်နက်ထိန်းချုပ်ရေး အမျိုးသားအဆင့်ကော်မတီ (NCACC) က ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံသို့ စစ်လက်နက် လွှဲပြောင်းရောင်းချမှုများ လုပ်ဆောင်နိုင်သော ခွင့်ပြုမိန့်များကို ပယ်ဖျက် လိုက်ခြင်းဖြစ်သည်။

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု တစ်ခုခု ကျူးလွန်ထားသည်ဟု ကျိုးကြောင်းဆီလျှော်စွာ သံသယဖြစ်ခံထားရသည့် နိုင်ငံတစ်ခုသို့ စစ်လက်နက်စာချုပ် သို့မဟုတ် လက်နက်တင်ပို့ခွင့်မှန်သမျှကို ဆိုင်းငံ့ထားရန် တာဝန်တစ်ရပ်ရှိကြောင်း ထပ်လောင်းကြေညာကြောင်း အမိန့်ချမှတ်ခဲ့သည်။

အဆိုပါ လျှောက်ထားမှုကို လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများ (LHR) အဖွဲ့က တောင်ပိုင်းအာဖရိက တရားရေးစင်တာ SALC ကို ကိုယ်စားပြုကာ လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားရုံးချုပ်၏ အမိန့်သည် တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ နောင်လက်နက်ရောင်းချမှုမှန်သမျှ အတွက် သာမက အခြားနိုင်ငံအများအပြားကိုပါ လက်ငင်းအကျိုးဆက်များ ရှိလာမည်ဖြစ်၍ ကြိုဆိုကြောင်း Justice For Myanmar ကပြောဆိုသည်။

SALC နှင့် LHR အဖွဲ့တို့နှင့် အတူ မြန်မာနိုင်ငံသို့ စစ်လက်နက်ရောင်းချမှုများ ပိတ်ပင်ရေးလုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူ အဖွဲ့အစည်းကို ကြိုဆိုကြောင်း Justice For Myanmar က ထုတ်ဖော်ပြောဆိုလိုက်သည်။

SALC ၏ နိုင်ငံတကာတရားမျှတရေးဌာန ခေါင်းဆောင်ဖြစ်သူ Dr Atilla Kisla က “လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်အာဏာသိမ်းမှုရှိနေတဲ့ နိုင်ငံတစ်ခုဆီကို စစ်လက်နက်တင်ပို့တာတွေဟာ တရားမဝင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ တောင်အာဖရိကနိုင်ငံမှာ တာဝန်ယူ၊ တာဝန်ခံမှု ပိုမိုကောင်းမွန်တဲ့ စစ်လက်နက်ကုန်သွယ်ရေးစနစ်တစ်ရပ် ဖန်တီးဖော်ဆောင်ရာမှာ အခုအမိန့်က အရေးပါလှပါတယ်။ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဥပဒေတွေဟာ စစ်လက်နက်တင်ပို့မှုတွေအတွက် အထိန်းအကွပ်ဘောင်တွေ ဖြစ်တယ်ဆိုတာ ဒီအမိန့်က ပြသနေပါတယ်။ ပြစ်တင်ရှုတ်ချတယ်၊ စိုးရိမ်ပူပန်တယ်ဆိုတဲ့ စကားလုံးတွေ သက်သက်နဲ့တော့ မလုံလောက်ဘူးဆိုတာကို မြန်မာနိုင်ငံဥပမာက ပြသနေပါတယ်။ လူ့အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ရာမှာ ဥပဒေကို ကျင့်သုံးဖို့၊ လိုအပ်ပါက ခွင့််ပြုမိန့်တွေကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် ပယ်ဖျက်ဖို့ စတဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်”ဟု ပြောဆိုသည်။

တောင်အာဖရိကနိုင်ငံသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများဖြင့် ကိုက်ညီသည့် နိုင်ငံခြားရေး မူဝါဒကို ကိုယ်တိုင်ချမှတ်ထားသည့် နိုင်ငံဖြစ်ပြီး တရားရုံးချုပ်၏ အမိန့်သည် နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် တာဝန်များသည် လက်နက်တင်ပို့မှုအားလုံးနှင့် သက်ဆိုင်ကြောင်း ရှင်းလင်းထားပြီး ဆိုသည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းအား ဖောက်ဖျက်သည်ဟု စွပ်စွဲမှုများ၊ စစ်အာဏာသိမ်းမှုများ ရှိနေသည့် ယနေ့အချိန် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများသို့ လက်နက်တင်ပို့ရောင်းချမှုများသည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အမိန့်တွင် ဖော်ပြထားသည့်အုပ်စုအတွင်း ကျရောက်နေသည့် နိုင်ငံများသို့ တင်ပို့မှုများအတွက် ခွင့်ပြုချက်များအားလုံးကို ပြန်လည်ဆန်းစစ်ရန်၊ ဆိုင်းငံ့ရန် သို့မဟုတ် ပယ်ဖျက်ရန် NCACC အား ညွှန်ကြားထားသည်။

အခြေခံအားဖြင့် ယခုအမိန့်သည် လူ့အခွင့်အရေးကို အခြေခံသည့်၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံခြားရေးမူဝါဒ တစ်ရပ်ကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

LHR မှ တရားလွှတ်တော်ရှေ့နေဖြစ်သူ Charné Tracey က “ဒီအမှုဟာ ဥပဒေဆိုင်ရာ လိုက်နာရမယ့် တာဝန်တွေဖြစ်ရုံသာမက ကျင့်ဝတ်ဆိုင်ရာ တာဝန်ရှိမှုအကြောင်း လည်းပဲ ဖြစ်ပါတယ်။ ထင်ရှားတဲ့ သက်သေအထောက်အထားတွေ ရှိနေချိန်မှာ NCACC ရဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့တာဟာ ဥပဒေကြောင်းဆိုင်ရာ ထိန်းကွပ်မှုကိစ္စ သက်သက်မဟုတ်ဘဲ ကျင့်ဝတ်ဆိုင်ရာ ပျက်ကွက်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အမိန့်ဟာ တောင်အာဖရိကရဲ့ မူဝါဒတွေက ကျွန်ုပ်တို့ရဲ့ တန်ဖိုးတွေနဲ့ အခြေခံမူတွေကို ထင်ဟပ်ကြောင်း သေချာစေမယ့် အလားအလာ ရှိနေပါတယ်” ဟု ပြောဆိုသည်။

၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်အာဖရိကနိုင်ငံမှ မြန်မာနိုင်ငံသို့ စုစုပေါင်း ရွန်ငွေ ၂၁၅,၇၃၅,၆၇၇ (အမေရိကန်ဒေါ်လာ ၁၁,၈၆၆,၂၁၆) တန်ဖိုးရှိသည့် စစ်လက်နက်များ တင်ပို့ခဲ့ပြီး SALC သည် ၎င်း၏ တိုင်ကြားချက်ကို တရားရုံးချုပ်သို့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် တင်သွင်းခဲ့သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဒီလိုလက်နက်လွှဲပြောင်းရောင်းချမှုတွေဟာ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့ မကိုက်ညီကြောင်း ရှင်းလင်းပြောကြားခြင်းအားဖြင့် အခုအမိန့်ဟာ မြန်မာပြည်သူတွေကို ကာကွယ်ပေးမှာ ဖြစ်တဲ့အတွက် တရားရုံးချုပ်ရဲ့ ယခုကိစ္စအပေါ်ချမှတ်တဲ့ စီရင်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုခွင့်ပြုချက်မျိုးက အစကတည်းက အတည်ပြုမပေးခဲ့သင့်တဲ့ ခွင့်ပြုချက်တွေ ဖြစ်ပါတယ်။ တောင်အာဖရိက လက်နက်လွှဲပြောင်းရောင်းချမှုဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အ၀ အသက်ဝင်အောင် ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့်အစိုးရကို အခြေခံဥပဒေနှင့် မလျှော်ညီသည်ဟုဆိုကာ အာဏာသိမ်းမှုဖြင့် ဖြုတ်ချခဲ့သည်။

Western News

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular