Western News
Homeစစ်ရေးဘူးသီးတောင်မှာ ခမီလူမျိုး ၇ ဦး သတ်ဖြတ်ခံရ

ဘူးသီးတောင်မှာ ခမီလူမျိုး ၇ ဦး သတ်ဖြတ်ခံရ

အာရက္ခတပ်တော် ULA/AA ထိန်းချုပ်ထားသော ဘူးသီးတောင်မြို့နယ်တွင် ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီသင်တန်းပေး မွတ်ဆလင်လက်နက်ကိုင်များက သတ်ဖြတ်သွားကြောင်း AA မှ ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်သည်။

သတ်ဖြတ်ခံရသူ ခမီလူမျိုး ၇ ဦးမှာ ဘူးသီးတောင်မြို့နယ် အမှတ် ၄ ရပ်ကွက်ရှိ ဂန္ဓာရီကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများဖြစ်ကြသည်။

ယင်းအထဲက ဦးဦးလှထွန်း၊ ဦးကျော်လှနှင့် ဦးမောင်ထွန်းတို့ ၃ ဦး ရုပ်အလောင်းကို မော်နီကိုကျေးရွာအနီးမှာ ဇူလိုင်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီမှာ တွေ့ရှိခဲ့သည်။

နောက်ထပ် ၄ ဦးမှာ ဦးအောင်ကြီး၊ ဦးမောင်မောင်၊ ဦးထွန်းနိုင်ဦးနှင့် ဦးကြာထွန်းဦးတို့ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက် နေ့လယ် ၁ နာရီခန့်က မော်နီကိုကျေးရွာအနီးမှာပဲ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

၎င်းတို့ ၇ ဦးစလုံးမှာ ဒုက္ခသည်စခန်း၌ ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြသူများဖြစ်ပြီး ဇူလိုင်လ ၁၈ ရက် နံနက်က အနီးအနားတောတောင်များသို့ အုပ်စုလိုက် မျှစ်ချိုးရန်ထွက်သွားကြသည်။

၂၄ နာရီ တစ်ရက်ကြာပြီးနောက် အိမ်ပြန်မရောက်၍ မိသားစုဝင်များက AA အား တိုင်ကြားရာ လိုက်လံရှာဖွေစဉ် သေဆုံးနေသည့် ရုပ်အလောင်းများကိုသာ တွေ့ရပြီး သေဆုံးသူ ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီ သင်တန်းပေး မွတ်ဆလင် လက်နက်ကိုင်များက လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ လက်နက် တပ်ဆင်ပေးခဲ့သော ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်များမှာ အရပ်သားများအပေါ် အကြမ်းဖက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးငွေညှစ်ခြင်းနှင့် မိုင်းထောင်ခြင်းများကို ပြုလုပ်နေသည်ဟု AA က ပြောသည်။

ယင်းအပြင် ရပ်ရွာအချို့ကို မီးရှို့ပြီး ဖောက်ထွင်းလုယက်ခြင်းများ၊ ခြိမ်းခြောက်စာများ ကပ်ခြင်းတို့ကို ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် ဟင်းရှာဖွေသွားလာခြင်းနှင့် နေထိုင်ခြင်းများကို အထူးသတိပြုကြရန် AA က တိုက်တွန်းနေသည်။

သေဆုံးသူ ခမီလူမျိုး ၇ ဦးကို စစ်ကောင်စီ သင်တန်းပေးခဲ့သော မွတ်ဆလင်အစွန်းရောက်များက သဖြတ်ခဲ့သည်ဟု ပြောဆိုထားသော်လည်း မည်သူမည်ဝါဖြစ်ကြောင်းနှင့် မွတ်ဆလင်တို့၏ မည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကို AA ၏ ထုတ်ပြန်ချက်တွင် မတွေ့ရပေ။

ဘူးသီးတောင်၊ မောင်တောဒေသတွင် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော မွတ်ဆလင်လက်နက်ကိုင်များမှာ RSO, ARSA, ARA နှင့် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူထားသော မွတ်ဆလင် လက်နက်ကိုင်တို့ဖြစ်ကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular