Western News
Homeစစ်ရေးကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ

ကျိန္တလီမှာ စစ်ကောင်စီက ဆန်သယ်ယူခွင့် ပိတ်ပင်နေ

(ဆန်တစ်အိတ် ကျပ် ၂ သိန်းဈေးရှိနေ)

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့တွင် ဆန်သယ်ယူခွင့်ကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ပိတ်ပင်နေ၍ ဒေသတွင်းဆန်ဈေးမှာ ကျပ် ၂ သိန်းအထိ မြင့်တက်နေကြောင်း သိရသည်။

ဇူလိုင်လ ပထမအပတ်ကစ၍ ဆန်သယ်ယူခွင့် တင်းကျပ်ထားသလို လက်ရှိတွင် ပိုမိုဆိုးရွားလာကြောင်း ကျိန္တလီဒေသခံ ဆန်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

” အရင်ရက်ပိုင်းတွေက ဂိတ်တွေနဲ့ ညှိပြီး ငွေလည်း နည်းနည်းပေးပြီးတော့ သွားလာလို့ ရသေးတယ်။ အခုတော့ မရတော့ဘူး။ တချို့ဂိတ်တွေက အရမ်းတင်းကျပ်ထားတယ်။ ဆန် တစ်အိတ်စ နှစ်အိတ်စကို ဂိတ်တွေကို ငွေပေးပြီး သယ်လို့ ရပေမယ့် ဆန်အိတ် ဆယ်ဂဏန်း၊ ရာဂဏန်းဆိုရင်တော့ ဖြတ်သန်းခွင့် လုံးဝ မရတော့ဘူး။ ” ဟု ပြောသည်။

ကျိန္တလီမြို့သည် သံတွဲနှင့် ဂွမြို့ကို ဆက်ထားသော ဟိုက်ဝေး လမ်းမပေါ်တွင် တည်ရှိပြီး မြို့နယ်ချင်းကုန်စည်စီးဆင်းမှု၏ အဓိက ဆက်သွယ်ရေးမြို့လည်းဖြစ်သည်။

သံတွဲမြို့နယ်က စစ်ရှောင်ပြည်သူများအတွက် ကူညီနေကြသူများမှာ ဂွမြို့နှင့် ကျိန္တလီမြို့က ဆန်လှမ်းဝယ်ယူနေရချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

တစ်ဖက်မှာလည်း ဂွနှင့် ကျိန္တလီဒေသမှာ စပါးရှားပါးလာ၍ ဆန်ထုတ်လုပ်ရေး ကျဆင်းကာ စစ်ကောင်စီ၏ ပိတ်ပင်မှုကြောင့် ရေရှည်မှာ ဆန်ပြတ်တောက်နိုင်သည့် အခြေအနေရှိကြောင်း သိရသည်။

လက်ရှိ ဆန်ဈေးမြင့်တက်နေပြီး ဆန်တစ်အိတ် ကျပ် ၂ သိန်းအထိ မြင့်တက်နေပြီး ဆန်ရှားပါးလာခြင်းနှင့် စစ်ဆေးရေးဂိတ်ကြေးများကြောင့် မြင့်တက်သွားရခြင်းဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

” ဆန်ဈေးမြင့်တာက ဂိတ်ကြေးတွေနဲ့ ဆန်ရှားပါးတာကြောင့်ပါ။ ဧရာဝတီကနေ ဂွ၊ ဂွကနေ ကျိန္တလီ ပေါ့နော်။ သံတွဲကို ရောက်သွားရင် ဈေးပိုကြီးသွားမှာပေါ့။ အရင်က နည်းတယ်။ အခု စကစ ဂိတ်အသစ်တွေ များလာတာရယ်။ ဂိတ်ကြေးတွေ မြင့်လာတာရယ်ပါတယ်။ ဒေသထွက် ဆန်တွေက မရှိတော့ဘူး။ ဧရာဝတီက မှာဖို့က အရမ်းခက်ခဲနေတယ်။ အခု ဖြန့်နေတဲ့ ဆန်တွေက ဟိုအရင် လတွေက မှာထားတဲ့ဆန်တွေပါ။ အခု ပေါက်ဈေး ကျပ် ၂ သိန်းက အရင်က ဈေးနဲ့ ရောင်းနေကြတာပါ။ ” ဟု ပြောသည်။

ဂွမြို့နှင့် ကျိန္တလီမြို့က ဆန်ဈေးမြင့်တက်သွားခြင်းသည် သံတွဲမြို့နယ်ထဲက စစ်ရှောင်များနှင့် ပြည်သူများအတွက် များစွာထိခိုက်မှုရှိမည်ဖြစ်သည်။

ဂွမြို့-ကျိန္တလီ-သံတွဲ ဟိုက်ဝေးလမ်းတစ်လျှောက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိပြီး ဆန်ကုန်သည်များနှင့် အခြေခံစားသောက်ကုန် ကုန်သည်များမှာ ခက်ခဲနေကြကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular