Western News
Homeစစ်ရေးကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာလမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သေဆုံးမှု ၁၆ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ပြီး ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ ဗုံးကြဲသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသပြည်သူတစ်ဦးက “လေယာဥ်နဲ့ ဗုံးလာကြဲတဲ့ အချိန် ကျနော်တို့ အဲ့အနားလေးမှာပဲရှိနေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ လာကျဲတာ ထိခိုက်မှုက အတော်ကိုများပါတယ်။ ပြည်သူ ၁၆ ဦးလောက် သေသွားတယ်။ ကိုယ်ဝန် ၇ လ လွယ်ထားရတဲ့ အမျိုးသမီး ၁ ဦး၊ သူရဲ့ ယောကျာ်း နဲ့ ကလေးငယ်တွေလည်း ပါတယ် သေဆုံးတဲ့ ထဲမှာ” ဟု ပြောဆိုသည်။

ဗုံးကြဲ တိုက်ခိုက်ခဲ့သော အဆိုပါနေရာ အနီးတစ်ဝိုက်တွင် တိုက်လေယာဉ်သည် ထပ်မံ ပျံဝဲနေခြင်းကြောင့် လက်ရှိချိန်ထိ ပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် တစစီဖြစ်သွားသော ပြန့်ကြဲနေသည့် အလောင်းများကို ပြန်လည်ကောက်ယူပြီး သဂြိုဟ်မှုများ ပြုလုပ်နိုင် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “လွှစင်ကုန်းကျော်ပြီးမှ ကြုံငွယ် လမ်းဆုံရောက်တာ ဘုန်းကြီးကျောင်းက ကြုံငွယ်လမ်းဆုံ အကျော်လေးမှာပဲ အဲ့နေ့က ဂျက်ဖိုက်တာ ၂ စီးလုံးက ဝဲနေတာ အကြာကြီးပဲ ပြီးမှ ဗုံးကြဲချသွားတာ”ဟုပြောသည်။

ဓါတ်ပုံများကို Western News ၏ တယ်လီဂရမ်တွင် ကြည့်ရှုပါရန်

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular