Western News
Homeစစ်ရေးမန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

မန္တလေးတိုင်း ပတ္တမြားနယ်မြေ မိုးကုတ်မြို့ကို တအောင်းတပ် TNLA က ယမန်နေ့ ဇူလိုင်လ ၂၄ ရက် ညနေ ၅ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့သည် တအောင်းဒေသ TNLA ၏ တပ်မဟာ (၂) ဒေသထဲတွင် ပါဝင်ပြီး စစ်ကောင်စီတပ်စခန်း အားလုံးကို တိုက်ခိုက်ရှင်းလင်းလိုက်ပြီဟု သိရသည်။

မိုးကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်ခံထားရသည့်အတွက် အဝေးရောက် ဒေသခံများမှာ မိသားစုဆွေမျိုးများဖြင့် လတ်တလောတွင် အဆက်အသွယ်ပြတ်တောက်နေကြသည်ဟု သိရသည်။

မိုးကုတ်မြို့ခံ အသက် ၅၇ နှစ်ရှိ အမျိုးသမီးကြီးတစ်ဦးက ” မနက်ပိုင်းလောက်မှာ ကတည်းက သေနတ်သံတွေတိတ်သွားတယ်။ လက်နက်ကြီးသံ တစ်ချက်တစ်ချက် ကြားရတယ်။ လေယာဉ်သံကြားရတယ်။ စိတ်ထဲမှာတော့ ငါတို့ မိုးကုတ်မြို့ လွတ်မြောက်သွားပြီလားဆိုပြီး အတွေးတော့ စဝင်လာတယ်။ နေ့လယ်နဲ့ မွန်းလွဲပိုင်းရောက်တော့ ဘာတိုက်ပွဲသံမှ မကြားရတော့ဘူး။ အဲဒါနဲ့ မိုးကုတ်မြို့မှာ စစ်မရှောင်ဘဲ ကျန်ခဲ့တဲ့ ပြည်သူတွေက တစ်ဦးစ၊ နှစ်ဦးစ လမ်းပေါ်တွေထွက်ပြီး အချင်းချင်းစကားပြောကြ၊ နောက်ဆုံးမိုးကုတ်မြို့ ကြီးတစ်ခုလုံး လွတ် မြောက်ပြီဆိုတာ သိရတာ။ ” ဟု ရှင်းပြသည်။

မိုးကုတ်မြို့ထဲကို TNLA တပ်ဖွဲ့ဝင်များ ကားနှင့်ဝင်ရောက်လာပြီး ဒေသခံပြည်သူများကလည်း သပြေခက်နှင့် ဝမ်းသာအားရ ကြိုဆိုနေကြသည့် ပုံများကိုလည်း TNLA က ထုတ်ပြန်ထားသည်။

မိုးကုတ် ပြည်သူတစ်ဦးက ” ကျနော်တို့ အတင်းတွေကြောက်ပြပြီး အိမ်ထဲနေရမလား၊ ဒီလို အောင်မြင်မှုရဖို့ အားလုံးတောင့်တခဲ့ကြတာ။ အဲဒါကြောင့် ရဲဘော်တွေကို ထွက်ကြိုတာ။ လေယာဉ်နဲ့ ဗုံးကြဲလို့ ကျနော် သေရမယ်ဆိုရင်လည်း သေပျော်ပြီ။ အားလုံးညီညွတ်ရင် ဒီစစ်ခွေးတပ်ဆိုတာကြီးကို နှိမ်နင်းနိုင်တယ်ဆိုတာ မိုးကုတ်မြို့က ပြသလိုက်တာလေ။ သမိုင်းဝင်ဖြစ်သွားပြီ” ဟု ပြောသည်။

မိုးကုတ်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် မိုးမိတ်မြို့နှင့် နောင်ချိုတို့တွင် စစ်ကောင်စီတပ်စခန်းများကို TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲများ ဆက်လက် ဆင်နွှဲနေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီက လက်လွှတ်လိုက်ရသော မိုးကုတ်မြို့အပါအဝင် တိုက်ပွဲဖြစ်ပွားရာနေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular