Western News
Homeကျန်းမာရေးပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဆက်ဖြစ်နေဆဲဖြစ်

ပုဏ္ဏားကျွန်းမှာ စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဆက်ဖြစ်နေဆဲဖြစ်

(အသက်အန္တရာယ်ရှိလာမည်ကို စစ်ရှောင်မိဘများ စိုးရိမ်နေ)

ဇူလိုင်လ ပထမ အပတ်ကစ၍ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားနေသည်မှာ ကောင်းမွန်လာခြင်းမရှိဘဲ ယနေ့ အချိန်အထိ ဝမ်းရောဂါ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူများက ပြောသည်။

ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမှာ စဖြစ်ခါစနှင့် နှိုင်းယှဥ်လျှင် လျော့ကျလာခြင်းမရှိကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဝမ်းရောဂါက ဖြစ်မြဲအတိုင်း ဖြစ်နေကြပါတယ်။ ဆေးဝါးလိုအပ်ချက်က ရှိနေတော့ ထိထိရောက်ရောက် ကုသမှု၊ ကာကွယ်မှုတွေ မလုပ်နိုင်ဘူး။ လသားအရွယ်ကနေ ၁၃ နှစ်ကြား ကလေးတွေ အဖြစ်များတယ်။ လူကြီးတွေလည်း ဖြစ်ကြတာရှိတယ်။ ဒါပေမယ့် ကလေးတွေက ခုခံအားပိုနည်းတော့ ပိုဖြစ်ကြတယ်” ဟု ပြောသည်။

လက်ရှိ ဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းမှာ စစ်ဘေးရှောင်ကလေးငယ် ၃ ပုံ ၁ ပုံခန့်နှုန်းဖြင့် ဖြစ်ပွားနေပြီး ရာသီတုတ်ကွေးများလည်း ဖြစ်ပွားလျှက်ရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ သန့်ရှင်းမှုမရှိသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရပြီး သန့်ရှင်းသည့် သောက်သုံးရေ မရရှိခြင်းတို့ကြောင့်လည်း ယခုကဲ့သို့ ဝမ်းရောဂါဖြစ်နေရသည်ဟု ပုဏ္ဏားကျွန်း မြို့နယ် အောင်ဖြူပြင်ရွာမှ စစ်ရှောင်တစ်ဦးက ပြောသည်။

” ကျနော်တို့က လမ်းဘေးနေရာတွေ ရွံ့အိုင်၊ ဗွက်အိုင်တွေမှာ ဖြစ်သလို နေကြရတာပါ။ သောက်သုံးရေလည်း သန့်သန့်ရှင်းရှင်းမရှိဘူး။ မိုးတွင်းဆိုတော့ ပိုဆိုးတယ်။ တာလပေါ်နဲ့ ဖြစ်သလို မိုးထားရတာဆိုတော့ အမိုးလည်းမလုံဘူး။ ခြင်ယင်တွေ ပေါတယ်။ ဒီတော့ ဝမ်းရောဂါနဲ့ တုတ်ကွေးတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် စစ်ရှောင်နေကြတဲ့ အခြေနေမှာ ဆေးလည်းသေချာမကုနိုင်ကြတော့ ရောဂါဖြစ်တာတွေက မပျောက်သွားဘဲ ရေရှည်ဖြစ်နေကြရတယ်။ ” ဟု ဆိုသည်။

ဝမ်းရောဂါကြောင့် လက်ရှိအချိန်အထိ အသက်သေဆုံးခြင်းများမရှိသေးသော်လည်း ယခုထက် ပိုဆိုးရွားလာပါက အသက်အန္တရာယ်အတွက် စိုးရိမ်နေရသည်ဟု စစ်ရှောင်မိဘများက ပြောဆိုကြသည်။

အာရက္ခတပ်တော် AA ထိန်းချုပ်ရာ မြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို ဒေသခံပြည်သူတစ်ဦးက ယခုလို ပြောသည်။

” ဆေးရုံတွေက အားလုံးမဖွင့်နိုင်သေးဘူး။ ဖွင့်ရင်လည်း အထူးကုတွေမရှိဘူး။ အထွေထွေနဲ့ပဲ ကုသရတယ်။ မြို့ပေါ်မှာတောင် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ မရတာ၊ နယ်ဘက်တွေမှာဆို ပိုဆိုးတာပေါ့။ ရာသီတုတ်ကွေး၊ ဝမ်းရောဂါလိုမျိုး ကုသဖို့အတွက်လည်း ဆေးက မရှိ။ ကျန်းမာရေးက တော်တော်လေးကို ဆိုးရွားနေပါတယ်။ ” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ ယိုးငုံ၊ သရက်ချို၊ အောင်ဖြူပြင်၊ တောဖျားချောင်း ဒေသများမှ လယ်ကွင်းပြင်များ၊ ကားလမ်းဘေးများနှင့် တောင်အောက်နေရာများတွင် ပြန့်ကြဲနေထိုင်ကြပြီး လူဦးရေအားဖြင့် ခန့်မှန်းခြေ ၄၀၀၀ ကျော်ခန့် ရှိနေကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular