Western News
Homeစစ်ရေးညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု

ညီနောင်မဟာမိတ်ကို ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစားဂုဏ်ပြု

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် တိုက်ခိုက်နေခြင်းနှင့် မြို့ပေါင်း၊ စခန်းပေါင်းများစွာကို သိမ်းပိုက်ကာ အောင်မြင်မှုရရှိနေသော ညီနောင်မဟာမိတ် (MNDAA, TNLA, AA) တို့ကို လေးစားဂုဏ်ပြု ထောက်ခံကြောင်း ကရင်နီလူငယ်များသမဂ္ဂနှင့် ကျန်းမာရေးမိသားစု (မန္တလေး) တို့က ထုတ်ပြန်ထားကြသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ကြိုးပမ်းမှုဖြင့် လက်ရှိ ရှမ်းမြောက်တွင် လားရှိုးမြို့အပါအဝင် မြို့ ၁၉ မြို့အား သိမ်းပိုက်ထားခြင်းနှင့် တစ်ပြိုင်နက် ပြည်သူ့အုပ်ချုပ်ရေးကို စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် ညီနောင်မဟာမိတ်ကို မဟာဗျူဟာ ပြောင်မြောက်လှသည်ဟု ကရင်နီလူငယ်များသမဂ္ဂ (UKSY) မှ ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိသော လားရှိုးမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းနှင့် စစ်ကောင်စီအား ရှင်းလင်းနိုင်ခဲ့၍ ကိုးကန့်တပ် MNDAA ကို ကျန်းမာရေးမိသားစု (မန္တလေး) က ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို အောင်မြင်စွာ သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့၍ တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်တို့အား ပြည်သူလူထုနှင့်အတူ ကျေးဇူးတင် ဂုဏ်ပြုကြောင်းလည်း ကျန်းမာရေးမိသားစု (မန္တလေး) က ထုတ်ပြန်သည်။

တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်နေသော အာရက္ခတပ်တော် AA မှ ၁၀၂၇ စစ်ဆင်ရေးအတွင်း သံတွဲမြို့အပါအဝင် မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့် စစ်ကောင်စီတပ်များအား ရှင်းလင်းနိုင်ခဲ့သည့်အတွက် AA ကို ရခိုင်ပြည်သူများနှင့်အတူ ကျေးဇူးတင်ဂုဏ်ပြုကြောင်း ကျန်းမာရေးမိသားစု (မန္တလေး) က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်း နှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးကို MNDAA, TNLA, AA တို့က အလေးအနက် ကျေးဇူးတင်ကြောင်းလည်း ပြန်လည်တုန့်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular