Western News
Homeနိုင်ငံရေးအရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော

အရေးပေါ်ကာလ ထပ်တိုးခြင်းမှာ ပြည်သူ့သဘောထားနှင့် ဆန့်ကျင်နေဟု အမေရိကန်ပြော

မြန်မာ စစ်အာဏာရှင်အဖွဲ့အစည်းဖြစ်သော စစ်ကောင်စီအနေဖြင့် အရေးပေါ်ကာလ နောက်ထပ် ၆ လ တိုးမြှင့်ခြင်းမှာ မြန်မာပြည်သူများ၏ ပြင်းပြသော ဆန္ဒသဘောထားများနှင့် ဆန့်ကျင်နေကြောင်း အမေရိကန်က ပြောဆိုလိုက်သည်။

စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၃၁ တွင် စစ်အာဏာသိမ်းကာလ သက်တမ်းတိုးလိုက်ပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ မက်သရူးမေလာ (Matthew Miller) က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့သည်။

” မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ အရေးပေါ်အခြေအနေ သက်တမ်းတိုးမှုသည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းထန်စွာ ဆက်လက်ဆန့်ကျင်အတိုက်အခံပြုခြင်းအပါအဝင် မြန်မာပြည်သူများ၏ ပြင်းပြသောဆန္ဒသဘောထားများနှင့် ဆန့်ကျင်လျက်ရှိသည် ” ဟု ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းသော၊ အများပြည်သူသဘောထားကို ကိုယ်စားပြုသူများပါဝင်သော ဒီမိုကရေစီနည်းကျ အနာဂါတ်အတွက် လမ်းကြောင်းကိုဖော်ဆောင်ရာတွင် သက်ဆိုင်သူများ အားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို အမေရိကန်က တောင်းဆိုထားသည်။

စစ်ကောင်စီက မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရမည်ဖြစ်သလို မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုလည်း ပြန်လွှတ်ပေးရမည်ဟု မက်သရူးမေလာ (Matthew Miller) က‌ ပြောသည်။

” လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့် ပြုရပါမည်။ ” ဟု ဆိုသည်။

ထောင်ပေါင်းများစွာသော ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများတွင် အကာအကွယ်တောင်းခံရမှုများနှင့်အတူ ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေကြရခြင်း၊ သန်းပေါင်းများစွာသော ပြည်သူများ ဆင်းရဲတွင်း နက်သထက် နက်လာခြင်းများဖြင့် စစ်တပ်၏ လုပ်ရပ်များက အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်သာ ရှိကြောင်း အမေရိကန်က ထောက်ပြထားသည်။

အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာလူမျိုးများ၏ ပြင်းပြသည့်ဆန္ဒများကို အမေရိကန်ပြည်ထောင်စုနှင့် မိမိတို့၏ မိတ်ဖက်များ၊ မဟာမိတ်များက ဆက်လက် အားပေးထောက်ခံသွားမည်ဟု သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular