Western News
Homeစစ်ရေးအရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို

အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို

ရှမ်းပြည် မြောက်ပိုင်းတွင် အရပ်သား ပြည်သူများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးရန် MNDAA က တောင်းဆိုလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီသည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင် အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ဒေသများကို လေယာဉ်များဖြင့် ထပ်ခါ တလဲလဲ လာရောက် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။

စာသင်ကျောင်း၊ ဆေးရုံ၊ မြို့မဈေးနှင့် ဟိုတယ် စသည့် လူစုလူဝေးများသည့်နေရာများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တစ်လအတွင်း၌ ဒေသခံ အရပ်သား ပြည်သူ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ရသည်။

ဩဂုတ်လ ၁ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီက စစ်မြေပြင်မဟုတ်သော လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို Heavy weight ဗုံး ၄ လုံးဖြင့် လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းဗုံး ၄ လုံး အနက် ၂ လုံးသည် အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံ နှင့် ဘေးရှိ အဆောက်အဦးများကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၂ လုံးသည် Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁ နာရီ ၃ဝ မိနစ်ခန့်တွင် စစ်ကောင်စီက ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာသို့ ဗုံးသီး ၁၇ လုံး ထပ်မံ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား နေအိမ် အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ကောင်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အထူးဒေသ ၁ ၊ အမှတ် ၂ ပြည်သူ့ဆေးရုံး၏ လုံခြုံရေးဝန်ထမ်း ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့အပြင် ဆေးရုံတက်နေသောလူနာ ၂ ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာ အသေးစားဒဏ်ရာရရှိသူများလည်းအမြောက်အများရှိကာ အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီးဆုံး ရှုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အရပ်သားနေအိမ်များကို ဦးတည်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ပြင်းပြင်းထန်ထန်ချိုးဖောက်နေခြင်းဖြစ်ဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဗဟိုပြုသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ ပြည်သူများကို ဗုံးကျဲ တိုက်ခိုက် သတ်ဖြတ်နေသော အပြုအမူကို ပြင်းထန်စွာရှုတ်ချကြောင်း MNDAA က ပြောသည်။

ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ချိုးဖောက်နေသော အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးရန် MNDAA က တိုက်တွန်းထားသည်။

တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားသော စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မည်မဟုတ်ကြောင်း MNDAA က ဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular