Western News
Homeစစ်ရေးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ

ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။

ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

“အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း တပ်ဖွဲ့ ဌာနချုပ်တွေမှာ မိသားစုဝင် အမျိုး သမီး များ၊ ကလေးငယ်များ ၊ အရပ်သားများပါ ရှိနေတာဖြစ်လို့ ပစ်ခတ်တိုက် ခိုက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းဆောင်ရွက်ခဲ့ရတာရှိပါတယ်။ တချို့သော ရဲမေများဟာ စစ်သည်များနဲ့ တန်းတူ မဆုတ်တမ်း တိုက်ပွဲဝင်ခဲ့ပါတယ်။ ရဲမေများ မှီခိုသူ မိသားစုဝင်များလည်း သေဆုံးခဲ့ရပါတယ်”ဟုပြောသည်။

ဆက်လက်၍ ၎င်းက “အရှေ့မြောက်တိုင်းစစ် ဌာနချုပ်မှအရာရှိကြီးများဟာ တိုက်ပွဲကို အနီးကပ် ကွပ်ကဲပြီး ကိုယ်တိုင် တိုက် ပွဲဝင်ခဲ့ကြပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် ဩဂုတ် လ ၃ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်အထိ ဆက်သွယ်မှု ရရှိခဲ့ပြီး ယခုအချိန်အထိ ဆက်သွယ်မှု ပြတ်တောက်ခဲ့ပါတယ်။ အတည်ပြုဆဲ သတင်းများအရ အရာရှိကြီးတချို့ကို ဖမ်းဆီးထားကြောင်း သိရှိရပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

လက်ရှိတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏ ဓာတ်ပုံများလည်း ထွက်ပေါ်လျက်ရှိနေသည်။

ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေနှင့် ပင်မရုံးချုပ်ကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိတွင် လက်နက်ချသော စစ်သည်နှင့် တပ်မိသားစုဝင် ထောင်ချီရှိနေကြောင်း MNDAA ၏ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းမှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မကွပ်ကဲရေးဌာနနှင့်ရုံးများကို MNDAA တပ်များက သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် လက်နက်ချ အလင်းဝင်သူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ရှိသွားပြီးသိရသည်။

“အခု လက်နက်ချတာနဲ့ အလင်းဝင်တာက ၄၀၀၀ နဲ့ ၅၀၀၀ အကြားမှာရှိနေတယ်။ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်။ သေနတ်တွေ ဖွတ်ထားတာတွေ ရှိ၊ မရှိ အဲဒါတွေကို အဓိက ရှာဖွေ နယ်မြေရှင်းလင်းရေးလုပ်နေပါတယ်”ဟုပြောသည်။

လားရှိုးမြို့နယ်တစ်ဝန်းတွင် MNDAA တပ်များက လုံခြုံရေးယူထားပေးပြီး ကင်းလှည့်မှုများ လုပ်ဆောင်နေပြီး လားရှိုးမြို့မှ ပြည်သူများ ပြန်လည် ဝင်ရောက်လာလိုပါက ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း MNDAA ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

“စစ်သားတွေက လက်နက်ပါတာရှိသလို လက်နက်မပါဘဲ အလံဖြူကိုင် အလင်းဝင်တာတွေလည်းရှိတယ်။ နယ်မြေရှင်းလင်းတွေက ဆက်လုပ်ရဦးမယ်။ ပစ်ခတ်မှုကတော့ မနေ့ကအထိ နည်းနည်းရှိတယ်။ တဖြည်းဖြည်းတော့ နည်းလာပါပြီ”ဟု ပြောဆိုသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular