Western News
Homeစစ်ရေးစစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ဖွံ့ပါတီ USDP က ရုရှားကို အကူအညီတောင်း

စစ်ကောင်စီကို စစ်ကူပေးရန် ကြံ့ဖွံ့ပါတီ USDP က ရုရှားကို အကူအညီတောင်း

မြန်မာနိုင်ငံအတွင်း တော်လှန်ရေးတပ်များထံ တပ်စခန်းများ၊ မြို့များ လက်လွှတ်ဆုံးနေသော စစ်ရှုံး အာဏာသိမ်း စစ်ကောင်စီ (မြန်မာစစ်တပ်) ကို စစ်ကူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ရုရှားနိုင်ငံကို တောင်းဆိုနေသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်က ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာနနှင့် USDP ဥက္ကဌ ဦးခင်ရီတို့ မြန်မာ့အရေးနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ခဲ့ကြသည်။

ယင်းမေးမြန်းခြင်းတွင် ဦးခင်ရီက အာဏာသိမ်း စစ်ကောင်စီကို စစ်ကူပေးရန် ရုရှားအား တောင်းဆိုခဲ့ကြောင်း Sputnik သတင်းဌာနမှ ယနေ့ ဩဂုတ်လ ၄ ရက်တွင် ဖော်ပြခဲ့သည်။

မြန်မာ့လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုအဖြစ် မှတ်ယူကာ တော်လှန်ရေးတပ်ဖွဲ့များကို အကြမ်းဖက်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ဝင်ရောက်ကူညီဖြေရှင်းပေးရန် USDP ဥက္ကဌ ဦးခင်ရီက ရုရှားအား တောင်းဆိုထားခြင်းဖြစ်သည်။

“ရုရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အကြမ်းဖက်ဝါဒအဖြစ် အသိအမှတ်ပြုဖို့နဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် တာဝန်ရှိတဲ့သူတွေ၊ အဖွဲ့အစည်းတွေ အချင်းချင်းကြား နီးနီးကပ်ကပ် နီးနီးစပ်စပ် ပိုပြီးပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ ” ဟု ဦးခင်ရီက ဆိုသည်။

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခကို ပြည်တွင်းနိုင်ငံရေးဟု သတ်မှတ်ခြင်းမပြုဘဲ အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်ကာ ရုရှားအစိုးရက အကြမ်းဖက်တိုက်ဖျက်ရေးတွင် ပါဝင်ကူညီဆောင်ရွက်ပေးပါက ရည်မှန်းချက်များ အတူတူ ရယူနိုင်မည်ဟု USDP ဥက္ကဌ ဦးခင်ရီက ပြောသည်။

စစ်ခေါင်းဆောင် (စစ်အာဏာရှင်) သမ္မတ ဗလာဒီမာပူတင် ဦးဆောင်သော ရုရှားနိုင်ငံအနေဖြင့် နိုင်ငံ၏ဥပဒေအရ ရုရှားလုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ကြောင်း သိရသည်။

ရုရှားနိုင်ငံပိုင် Sputnik သတင်းဌာအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်းက လက်နက်ပဋိပက္ခများကြား အကြမ်းဖက်နှိမ်နင်းရေးခေါင်းစဉ်ဖြင့် ဝင်ရောက်နိုင်ကြောင်း ဦးခင်ရီအား ကိုးကား၍ အလေးပေး ပြောဆိုခဲ့သည်။

USDP ဥက္ကဌ ဦးခင်ရီသည် ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အကြံပေး Mr.Vitality Solonetskiy နှင့် ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌတို့ကိုလည်း ဇူလိုင် ၂၉ ရက်နေ့က တွေ့ဆုံခဲ့သည်။

‘‘ နိုင်ငံထဲမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအမှန်ကို နားလည်အောင်လုပ်ပြီး ရုရှားဆီကနေ ကျွန်တော်တို့ ထောက်ပံ့မှုလိုပါတယ်။ ကျွန်တော်တို့ ပါတီက လုံခြုံရေးရှိဖို့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ကိုင်တွယ်ဖြေရှင်းပါတယ်။ ဒါမှသာ ကျွန်တော်တို့ရဲ့ မိတ်ဖက် ယူနိုက်တက်ရုရှားပါတီနဲ့ အကြမ်းဖက်မှု တန်ပြန်ရေးနယ်ပယ်အတွက် အစီအမံတွေကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ” ဟု ဦးခင်ရီက ပြောဆိုခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP သည် လက်ရှိတွင် စစ်တပ်ထောက်ခံရေးများကို ဦးစားပေးလှုပ်ရှားဆောင်ရွက်နေသည့်အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်အဖြစ် ပုံဖော်နေသည်။

ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအား ထောက်ခံနေသလို ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် USDP ပါတီတွင်း နိုင်ငံရေးလှုပ်ရှားမှုများ၊ စကားဝိုင်းများကို ဦးခင်ရီက ဦးဆောင်ပြုလုပ်နေသည်။

USDP ပါတီသည် မြန်မာစစ်တပ် ကျော့ထောက်နောက်ခံပြုထားသော ပါတီတစ်ခုဖြစ်ပြီး မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ အကြမ်းဖက်ဆောင်ရွက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းများကို မျက်ကွယ်ပြုနေသည့်အပြင် အားပေးအားမြှောက်လုပ်ကာ ပူးပေါင်းပါဝင်လျှက်ရှိကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular