Western News
Homeစစ်ရေးအာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ

အာဆီယံနှစ်ပတ်လည်ပို့တဲ့ စစ်ခေါင်းဆောင် သဝဏ်လွှာမှာ ဘာတွေပါသလဲ

၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ ချောမွေ့စေရေး အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်လိုကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာမှာ အဓိက အလေးထား ပြောဆိုထားသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားရမည်နှင့် အာဆီယံအဖွဲ့သည် ပြည်သူဗဟိုပြု၊ ပြည်သူကို ဦးတည်သည့် အသင်းကြီးဖြစ်ကြောင်းလည်း ဆိုသည်။

မြန်မာနိုင်ငံမှာ ဒေသတွင်းလုံခြုံရေး တည်ဆောက်ရာတွင် အာဆီယံ၏ အရေးပါသည့် အခန်းကဏ္ဍကို ခိုင်မာစေရန်နှင့် အာဆီယံ၏အချက်အချာကျမှု၊ စည်းလုံးညီညွတ်မှုကို မြှင့်တင်နိုင်ရန် မိမိတို့အားလုံးအတူတကွ ကြိုးပမ်းအားထုတ်သွားကြရမည်ဟု အာဆီယံနိုင်ငံများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းထားသည်။

အာဆီယံအသိုက်အဝန်း တည်ထောင်သော လုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ပြည့်ဝစွာ အားလုံးပါဝင်ရေးအတွက် ကြိုးစားအားထုတ်မှုတိုင်းမှာ အာဆီယံပြည်သူများကို မဏ္ဍိုင်ပြုသွားမည်ဟု စစ်ခေါင်းဆောင်က သဝဏ်လွှာတွင် ကတိပေးထားသည်။

တာဝန်သိ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) နှင့်အညီ အာဆီယံအသိုက် အဝန်းတည်ထောင်မှု လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့်အတူတကွ တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

အဖွဲ့ဝင်နိုင်ငံများအားလုံးမှာ အာဆီယံ၏ကြံ့ကြံ့ခံနိုင်မှု၊ တီထွင်ဆန်းသစ်မှု၊ တက်ကြွမှုနှင့် ပြည်သူ ဗဟိုပြုမှုများကို ထိန်းသိမ်းလျက် ပြည်သူများ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ ကို အပြီးသတ်ရေးဆွဲနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးနှင့် လုပ်ငန်းပိုင်းဆိုင်ရာများတွင်ပါ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများကို ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ကို အောင်မြင်စွာထမ်း ဆောင်နိုင်ခဲ့ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆိုသည်။

အာဆီယံနှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးသည် ပိုမိုကျယ်ပြန့်နက်ရှိုင်းလာခဲ့ပြီး အာဆီယံအသိုက်အဝန်း (၃) ခုလုံးအောက်ရှိ တည်ထောင်ထားရှိပြီးဖြစ်သော အရေးပါသည့် ယန္တရားများမှတစ်ဆင့် သိသာထင်ရှားသော အောင်မြင်မှုများရရှိအောင် မြန်မာနိုင်ငံက ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောသည်။

ဆက်လက်ပြီးလည်း အာဆီယံ-ရုရှား မိတ်ဖက်ဆက်ဆံရေး၏ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်း ရေးမှူးတာဝန်ကို ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဟု မင်းအောင်လှိုင်က ဆိုသည်။

မင်္ဂလာရှိသည့် ၅၇ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပိုမိုစည်းလုံးညီညွတ်စွာဖြင့် “တစ်ခုတည်းသော အသိုက်အဝန်း” ဆီသို့ ဦးတည်လျှောက်လှမ်းသင့်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဆီယံနိုင်ငံများအား တောင်းဆိုထားသည်။

အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် စံနှုန်းများကို အလေးထားကာ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ မိမိတို့ပြည်တွင်းရေးကို ကိုင်တွယ်ဖြေရှင်းကြရာတွင် ချောမွေ့စေရေးအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးက အပြုသဘောဖြင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု မင်းအောင်လှိုင်က ပြောသည်။

အာဆီယံမဏ္ဍိုင် ၃ ရပ်လုံးကို လွှမ်းခြုံသော အာဆီယံအသိုက်အဝန်း ဖန်တီးရာတွင် အဖွဲ့ဝင်နိုင်ငံအားလုံးက ကတိကဝတ်များ အပြည့်အဝထားရှိရန် လိုအပ်ကြောင်းနှင့် ထိုကတိကဝတ်များသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အသီးသီးအတွက် အခြေခံကောင်းများဖြစ်သကဲ့သို့ အာဆီယံ အသိုက်အဝန်းကြီး၏ ခိုင်မြဲသောအုတ်မြစ်လည်း ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာတွင် ပြောဆိုထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular