Western News
Homeစစ်ရေးစစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ခွင့် ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။

မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။

ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး စုစုပေါင်း ၂၄ ဦးဖြစ်ကြောင်း သိရသည်။

ယင်းအထဲက အောင်မင်္ဂလားရပ်ကွက်ဒေသခံ ၇ ဦး၏ နာမည်ရရှိထားပြီး ၎င်းတို့မှာ မူဟိုဒ္ဒိန်၊ အာယုဖ်၊ မာမတ်ဂျော်လိလ်၊ မောင်ချေ၊ ဇော်နိုင်၊ ဆော်ယာက်ဟူဆောန်နှင့် ဆာဒိခ်တို့ဖြစ်ပြီး အမျိုးသားများဖြစ်ကြသည်။

ဩဂုတ်လ ၁၀ ရက်နေ့က အောင်မင်္ဂလာရပ်ကွက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားသည့် ဖြစ်စဉ်ကို ဒေသခံမွတ်ဆလင်တစ်ဦးက ယခုလိုပြောသည်။

” ည ၁၀ နာရီကျော်လောက်ပါ ကားတွေနဲ့ရွာထဲဝင်လာတယ်။ ရဲပါတယ်။ စစ်သားပါတယ်။ ပြီးတော့ အိမ်တွေမှာရှိတဲ့ လူတွေကို ခေါ်တယ်။ လူတွေက ကြောက်ပြီး မထွက်ရဲကြဘူး။ ထွက်မလာရင် တံခါးဖျက်ပြီး ဝင်လာကြတယ်။ အိမ်မှာ လူငယ်ပိုင်းတွေမြင်ရင် ရိုက်နှက်ပြီး ဒီအတိုင်းဖမ်းသွားကြတာ။ ” ဟု ပြောသည်။

ကုန်တန်းရပ်ကွက်က မွတ်ဆလင်များကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၉ ရက်ညတွင် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးကို စစ်တွေမြို့ အမှတ် ၁ ရဲစခန်း (မြို့မရဲစခန်း) တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

မိသားစုဝင်များက စစ်တွေမြို့မရဲစခန်းသို့ သွားရောက်ပြီး ဖမ်းဆီးသွားသော မွတ်ဆလင်များကို တွေ့ခွင့်တောင်းသော်လည်း တွေ့ခွင့်မရဘဲ ပြန်လွှတ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

” ဖမ်းတာက မှတ်ပုံတင်ရှိ၊ ကဒ်ရှိရင်လည်း ဖမ်းတယ်။ သူတို့က အဲ့ဒါတွေ ဂရုမစိုက်ဘူး။ တစ်ချို့ဧည့်စာရင်းစာရွက်တွေ ပြကြတယ်။ ဒါလည်း ဖမ်းသွားတာပဲ။ အခု အမှတ်(၁)မှာ ရှိနေတယ်လို့ကြားရတယ်။ သူတို့ကို ဘာလုပ်နေလဲ ဘယ်သူမှ မသိရဘူး။ သွားမေးရင်လည်း ဘာမှမပြောပါဘူး” ဟု ပြောသည်။

အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်များကို ဖမ်းဆီးသွားသည့် သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင်လည်း ကုန်တင်ကုန်ချအလုပ်သမား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ခတ်ပြီး ဖမ်းဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။

သို့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်း သေချာမသိရကြောင်းနှင့် မည်သည့်အတွက် သေနတ်ပစ်ခတ် ဖမ်းဆီးသွားသည်ကို သေချာမပြောနိုင်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

ရွှေပြားရပ်ကွက်က စစ်ကောင်စီ ဖမ်းဆီးသွားသော အရပ်သား အလုပ်သမား ၂ ဦးကို Western News က ဆက်လက်စုံစမ်းနေပြီး ရခိုင်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းအား ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးနေခြင်း၊ AA တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ ဖမ်းဆီးခြင်းနှင့် AA ကို အားပေးထောက်ခံ ကူညီဆောင်ရွက်မှုများ ပြုလုပ်သည်ဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ အရပ်သားများကို ဖမ်းဆီးနေခြင်းဖြစ်သည်။

စစ်တွေဒေသခံတစ်ဦးက ” အိမ်တစ်အိမ်ကိုဝင်ရင် တွေ့တဲ့သူကို ဖမ်းခေါ်သွားပါတယ်။ အများအားဖြင့် အမျိုးသားတွေပေါ့။ မသင်္ကာလို့ ဖမ်းတာမျိုးလည်း မဟုတ်တော့ဘူး။ ဖမ်းချင်လို့ကို ဖမ်းတာမျိုး ဖြစ်နေတယ် ” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဥပဒေမဲ့ လုပ်ရပ်များကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေပြီး အပြစ်မရှိ အရပ်သားများကို ဖမ်းဆီးနေ၍ စစ်တွေမြို့ထဲရှိ ဒေသခံပြည်သူများမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခံစားနေရသည်ဟု ပြောဆိုကြသည်။

မေလနှင့် ဇွန်လအတွင်း စစ်တွေမြို့တွင် အရပ်သား ၅၀၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရသလို ဇူလိုင်လတွင်လည်း ၁၀၀ ကျော် ဖမ်းဆီးခံထားရကာ ဖေဖော်ဝါရီ ဒုတိယအပတ်တွင် ရန်ကုန်မှ လေယာဉ်ဖြင့်လာသော ခရီးသည် ၆၀၀ ကျော်ကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့သည်။

ယင်းအထဲက တချို့တစ်ဝက်သာ ပြန်လည်လွတ်ကြပြီး အရေအတွက်အတိအကျကို မသိရသော်လည်း ပြန်လွတ်လာသူများပြောပြချက်အရ အများစုက ငွေပေးပြီး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့က ဝင်ရောက်စီးနင်းခံရသော စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှာ အပြစ်မဲ့ရွာသား ၂၀၀ ကျော် ဖမ်းဆီးခံရပြီး ယင်းအထဲက ၁၀၀ နီးပါးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရကာ ၅၀ ကျော်မှာ အကြမ်းဖက်မှုပုဒ်မ၊ မတရားအသင်းဆက်သွယ်မှုပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည်။

ရခိုင်မြို့တော် စစ်တွေမြို့ထဲက စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်များနှင့် တပ်ဖွဲ့ဝင်များအားလုံး အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် အညံ့မခံပါက တစ်ခုမကျန် တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော် AA က သတိပေးပြောကြားထားသည်။

RELATED ARTICLES

1 COMMENT

Comments are closed.

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular