Western News
Homeစစ်ရေးAA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်

AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်

(ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ဗုံးကြဲနေ၍ မြို့ခံအများစု တိမ်းရှောင်)

ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ စဖြစ်ကြတယ်။ ဒီနေ့လည်း ဖြစ်နေကြတာပဲ။ လေယာဉ်က မနေ့က တစ်စီးလာတယ်။ မြို့ပေါ်ဝဲပြီး ရဲစခန်းအနီးက တောင်တန်းကို ဗုံးကြဲသွားတယ်။ ဒီနေ့ လေယာဉ် ၂ စီးလာတယ်။ ရဲစခန်းအနီး တောင်ထန်း ထပ်ဗုံးကြဲတယ်။ ဆေးရုံအနီးမှာ ရဲစခန်းဟောင်းရှိတယ်။ အဲဒီကိုလည်း ဗုံးကြဲသွားတယ်။ ကျိန္တလီမြို့ထဲကိုတော့ ဗုံးမကြဲသွားဘူး။ မြို့အပြင်လောက်ကိုပဲ အဓိက ကျိန္တလီရဲစခန်းအနီးတစ်ဝိုက်ကိုပဲ ကြဲနေတာ။ ” ဟု ပြောသည်။

မြို့ခံအချို့ ပြောဆိုချက်အရ သံတွဲ-ကျိန္တလီမြို့ကြားရှိ စစ်ကောင်စီတပ်စခန်းများကို AA က တိုက်ခိုက်လာပြီး ပုဇွန်ဖြေ၊ ချင်းကွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သိမ်းပြီးနောက် ကျိန္တလီမြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေခြင်းဖြစ်သည်ဟု သိရသည်။

သို့သော်လည်း အာရက္ခတပ်တော် AA ဘက်က ကျိန္တလီမြို့တိုက်ပွဲနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးကြောင်းနှင့် AA ပြောခွင့်ရ ဦးခိုင်သုခအား Western News က ဆက်သွယ်နေဆဲဖြစ်သည်။

ယနေ့ ဩဂုတ်လ ၁၂ ရက် နေ့လယ် ၂ နာရီခန့်က တိုက်ပွဲပြင်းထန်ခြင်းကြောင့် ကျိန္တလီမြို့ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်သွားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဆေးရုံမီးလောင်ခြင်းမဟုတ်ဘဲ ဆေးရုံအနီးက ရဲစခန်းဟောင်းသာ မီးလောင်ခြင်းဖြစ်ကြောင်း နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောထားသည်။

ကျိန္တလီမြို့အတွင်း တိုက်ပွဲဖြစ်မည်ဟု ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က မြေပြင် AA အုပ်ချုပ်ရေးအဖွဲ့များနှင့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကြိုတင်သတိပေးထားခဲ့၍ မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီဟု တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

” ကျမတို့ ထွက်လာတာ ၃ ရက်လောက်ရှိပါပြီ။ အခု ဘေးကင်းရာကို ရောက်နေပါတယ်။ မြို့ထဲမှာက အများစုက စစ်ရှောင်သွားကြပါပြီ။ ဒါပေမယ့် နည်းနည်းတော့ ကျန်နေပါသေးတယ်။ မထွက်ကြတဲ့သူတွေလည်းရှိကြတယ်။ မနေ့ကနေ ဗုံးကြဲနေတော့ မြို့ထဲ မနေရဲကြဘဲ ဒီနေ့ဆို အထွက် များကြတယ်။ ကျိန္တလီမြို့အဝင်အထွက်တော့ ဒီနေ့ နေ့လယ်အထိ မပိတ်ဘူး။ ထွက်လို့ရတယ်။ ဒါပေမယ့် ကျိန္တလီရဲစခန်းက ဂွမြို့ဘက်အထွက် လမ်းမှာရှိနေတော့ ဒီနေ့ ညနေ ၄ နာရီလောက်မှာ ပိတ်လိုက်တယ်။ သံတွဲဘက် ထွက်မယ်ဆို ရတယ်။ ဂွမြို့ဘက် ထွက်မယ်ဆို နည်းနည်း ခက်သွားပြီပေါ့။ ” ဟု ပြောသည်။

သံတွဲမြို့ပေါ်နှင့် ငပလီမြို့တို့က စစ်ကောင်စီ တပ်ရင်းများ၊ တပ်ဖွဲ့များနှင့် စစ်စခန်းများကို အာရက္ခတပ်တော် AA က သိမ်းပိုက်ပြီးနောက် ယခုရက်ပိုင်းအတွင်း ဂွမြို့နယ်ဘက်သို့ တိုက်ပွဲကူးစက်လာခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီဘက်ကလည်း သံတွဲမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ချိန် ပြီးခဲ့သည့် ၃ လခန့်ကစ၍ ဂွမြို့နယ်တွင် စစ်ရေးပြင်ဆင်မှုများထားရှိထားသလို ဂွမြို့နှင့်ဧရာဝတီအစပ် ပင်လယ်ပြင်တွင်လည်း စစ်သင်္ဘောများ စေလွှတ်ထားကြောင်း စစ်ရေးသိသူများက ပြောဆိုထားကြသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular