Western News
Homeစီးပွားရေးရန်ကုန်မြို့၏ စက်သုံးဆီပြတ်လပ်မှုအခြေအနေ

ရန်ကုန်မြို့၏ စက်သုံးဆီပြတ်လပ်မှုအခြေအနေ

(မြန်မာတစ်နိုင်ငံလုံး စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံးသို့ရောက်ရှိ)

(ဓါတ်ပုံသတင်း)

မြန်မာတစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှု အခြေအနေဆိုးရွားနေပြီး ရန်ကုန်ရှိ ဆီဆိုင်များရှေ့တွင် ညအိပ်စောင့်ဆိုင်း တန်းစီနေရသည်အထိ စက်သုံးဆီပြတ်လပ်နေသည်။

ဇူလိုင် ၂၇ ရက်မှစတင်ပြီး တစ်နိုင်ငံလုံးတွင် စက်သုံးဆီပြတ်လပ်မှုများ စတင်ခဲ့ရာမှ ယခု ရက်ပေါင်း ၂၀ နီးပါး ရှိလာချိန်အထိ စက်သုံးဆီပြတ်လပ်မှုမှာ ပြေလည်ခြင်းမရှိဘဲ တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာနေသည်။

ယခု ဩဂုတ်လ ဒုတိယအပတ်အခြေအနေသည် အဆိုးရွားဆုံး စက်သုံးဆီပြတ်လပ်မှုများဖြစ်ပေါ်နေပြီး ဆီဆိုင်များတွင် နံနက်ပိုင်းသာ စက်သုံးဆီ ဝယ်ယူရရှိနိုင်တော့သည်။

ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက “ကျနော် မနက် ၂ နာရီ ထပြီး ဆီတန်းစီတာ။ ကိုယ့်ရှေ့မှာ ကားက အစီး ၃၀ လောက်ရှိနေတယ်။ သူတို့ကို ဘယ်အချိန်ကတည်းက တန်းစီတာလဲသွားမေးတော့ ညတောင် မပြန်တော့ဘဲ ကားပေါ်မှာပဲ အိပ်ပြီး ဆီတန်းစီနေတာလို့ ပြောတယ်။ ဆီဆိုင်းတိုင်းလိုလိုမှာ ညအိပ်တန်းစီတဲ့ကားတွေအများကြီးပါပဲ။ အခုက ဆီထည့်လို့ရရင်လည်း အများဆုံး ငါးသောင်းဖိုးပဲ ရောင်းပေးတယ်။ ဆီတိုင်ကီပြည့်ဖို့က အနည်းဆုံး ဆီဆိုင် ၃ ဆိုင်လောက် တန်းစီနေရတယ်” ဟု ပြောသည်။

အလားတူ နေပြည်တော်နှင့် မန္တလေးမှ ပြည်သူများကလည်း စက်သုံးဆီရရှိရန် နံနက်အစောကြီးထ၍ ဆီဆိုင်ရှေ့ တန်းစီနေကြရသည်။

ဆီဆိုင်များက နာရီအနည်းငယ်သာ ရောင်းချပေးပြီး ဆီကုန်သွားပြီဟု ပြောဆိုနေသည့်အတွက် ပြင်ပ မှောင်ခို ဆီဆိုင်များထံမှ ဆီဝယ်ယူသုံးစွဲနေရကြောင်း မန္တလေးဒေသပြည်သူတစ်ဦးက ပြောသည်။

“မန္တလေးမှာကတော့ ဆိုင်ကယ်အစီးများတော့ ဆီတစ်လီတာ (ရေသန့်ဘူး ၁ ဘူး) လောက်ရဖို့ကို ဆီဆိုင်မှာ မနက် ၃ နာရီလောက် ထတန်းစီရတယ်။ အဲဒါ မနက် ၇ နာရီလောက် ဆီစပေးပြီးတော့ မနက် ၉ နာရီဆို ဆီကုန်သွားပြီ။ အဲဒါ မရတဲ့သူက များပါတယ်။ အပြင်မှာ ဆီတစ်လီတာကို အနည်းဆုံး ၅၀၀၀ ကနေ ၈၀၀၀ ၊ ၁၀၀၀၀ လောက်အထိ ပေးရတယ်။ ဆိုင်ကယ် ဆိုတော့ ဆီတစ်လီတာလောက်ထည့်ထားရင် မောင်းလို့ရတော့ ဆီဆိုင်မှာ မရရင် အပြင်ဆိုင်မှာ ဝယ်ထည့်ရတာပဲ။ ဆီတန်းစီရတာ ဘယ်ဘ၀က ဝဋ်ကြွေးလည်းတောင်မသိဘူး။​ နေ့စဉ် တန်းစီနေရတာ” ဟု ရှင်းပြသည်။

ထို့အတူ ပြင်ဦးလွင်တွင်လည်း စက်သုံးဆီများကို နေ့စဉ်နေ့တိုင်း တန်းစီဝယ်ယူနေရပြီး ဆီဆိုင်များကလည်း စက်သုံးဆီများကို နေ့စဉ်အကန့်အသတ်ဖြင့်သာ ရောင်းချနေကာ ဆီဆိုင်များတွင် နေ့စဉ် ၃ နာရီဝန်းကျင်သာ ဆီရောင်းချပြီး ဆီကုန်ပြီဟုဆိုကာ မရောင်းသည့်အချိန်က များပြားကြောင်း သိရသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular