Western News
Homeစစ်ရေးတိုက်ပွဲ ဂွမြို့အထိရောက်လာ၍ မြို့ခံအားလုံး ဧရာဝတီဘက် တိမ်းရှောင်

တိုက်ပွဲ ဂွမြို့အထိရောက်လာ၍ မြို့ခံအားလုံး ဧရာဝတီဘက် တိမ်းရှောင်

ရခိုင်ပြည် ဂွမြို့အထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသခံများပြောပြချက်အရ ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီဟု ပြောဆိုကြသည်။

အသက် ၃၅ နှစ်အရွယ် ဂွမြို့ပေါ်ဒေသခံ အမျိုးသားတစ်ဦးက ” ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကျိန္တလီမြို့မှာ စစ်ကောင်စီ မရှိတော့ပါဘူး။ ရဲစခန်းက တပ်တွေရော၊ မြို့ထဲက တပ်တွေရော ကုလားပြင်ဘက်ကို ဆုတ်သွားပြီ။ အခု ကုလားပြင်ဘက်ကနေ AA ကို ပြန်တိုက်နေတယ်။ မနေ့ကတောင် တိုက်ပွဲဖြစ်ကြသေးတယ်။ ” ဟု ပြောသည်။

ကျိန္တလီမြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ကိုစွန့်ခွာပြီး ဂွမြို့အနီး ကုလားပြင်တံတားက တပ်စခန်းနှင့်ပူးပေါင်းကာ AA အား ပြန်ခုခံတိုက်ခိုက်နေသလို ကျိန္တလီမြို့ထဲကိုလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။

တိုက်ပွဲမှာ ကျိန္တလီမြို့ကတစ်ဆင့် ဂွမြို့အထိ နီးကပ်လာပြီး တစ်ရက်ထက်တစ်ရက် ပြင်းထန်လာ၍ ဂွမြို့ခံများအားလုံး မြို့ကိုစွန့်ခွာ ဧရာဝတီတိုင်းဘက် တိမ်းရှောင်သွားကြပြီဟု တိမ်းရှောင်လာသူများက ပြောဆိုကြသည်။

အသက် ၄၀ ကျော်အရွယ် တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ” ဂွမြို့မှာ ဘယ်သူ့မှာ မရှိတော့ဘူး။ တိုက်ပွဲက မြို့နဲ့ အရမ်းနီးကပ်လာပြီလေ။ ဘယ်သူ့မှ မြို့ထဲမှာ မနေရဲကြတော့ဘူး။ ရှိရင်လည်း ဆယ်ဂဏန်းလောက်ပဲ ရှိမယ်ထင်တယ်။ အလုပ်တွေ၊ ဆိုင်ပစ္စည်းတွေ အားလုံး ထားခဲ့ရတာပေါ့။ အဝတ်အစားနည်းနည်းလောက်နဲ့ အရေးပေါ်သုံးလို့ရမယ့်ဟာတွေလောက်ပဲ ယူခဲ့ရတယ်။ ကျန်တာ ဘာမှ မယူခဲ့ရဘူး။ ” ဟု ပြောသည်။

မြို့ခံအများစုက ဧရာဝတီတိုင်းဘက်ကို တိမ်းရှောင်ကြပြီး အနည်းလောက်ပဲ သံတွဲမြို့နယ်က ကျေးရွာတစ်ချို့နှင့် ဂွမြို့နယ်က ကျေးရွာတစ်ချို့ကို တိမ်းရှောင်ကြသည်ဟု သူမက ဆိုသည်။

စစ်ရှောင်လာကြသော ဂွမြို့နယ် ဒေသခံများထံမှ ဧရာဝတီတိုင်း အဝင်ဂိတ်များတွင် ပိုက်ဆံတောင်းယူနေကြပြီး ဧရာဝတီထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာလည်း နေထိုင်ခွင့်အတွက် ပိုက်ဆံတောင်းယူနေကြသည်ဟု သတင်းထွက်ပေါ်နေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular