Western News
Homeသတင်းဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း မြို့ကြီးများတွင် ကျန်းမာရေးဝန်ဆောင်မှု ရပ်ဆိုင်း

ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝှမ်း မြို့ကြီးများတွင် ကျန်းမာရေးဝန်ဆောင်မှု ရပ်ဆိုင်း

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ အလုပ်သင်ဆရာဝန်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရပြီးနောက် နိုင်ငံတစ်ဝှမ်းမြို့ကြီးများတွင် အရေးပေါ်ဌာနများမှလွဲ၍ ကျန်းမာရေးဝန်ဆောင်မှုများ အားလုံးကို ဆိုင်းငံ့ထားကြောင်း သိရသည်။

ကာလကတ္တားမြို့က အစိုးရဆေးရုံတစ်ရုံတွင် အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆရာဝန်တစ်ဦး ဩဂုတ်လ ၉ ရက်နေ့က အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ညတွင်းချင်း ကာလကတ္တားမြို့က ဆရာဝန်များ ဆန္ဒထုတ်ဖော်ကြပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် လူသတ်မှုကျူးလွန်သည့် တရားခံအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

ဆရာဝန်များ၏ ဆန္ဒပြမှုမှာ ဩဂုတ်လ ၁၂ ရက်တွင် ပိုမိုကြီးထွားလာကာ ကာလကတ္တားမြို့နှင့် အနောက်ဘန်ဂယ်ပြည်နယ် မြို့များတွင် ထောင်နှင့်ချီသော ဆရာဝန်များ၊ သူနာပြုများက လမ်းလျှောက်ဆန္ဒပြလာကြသည်။

ဆရာဝန်များ ဆန္ဒပြမှု ကြီးထွားလာခြင်းနှင့်အတူ အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် ကျန်းမာရေးဝန်ထမ်းများအားလုံးသည် အရေးပေါ်ဌာနမှလွဲ၍ ကျန်းမာရေးဆောင်မှုများအားလုံးကို ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သေဆုံးမှုဖြစ်ပွားခဲ့သည့် အစိုးရဆေးရုံမှ သံသယရှိသူအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

ဝန်ကြီးချုပ် မိုဒီက အမျိုးသမီးများအပေါ် ရာဇ၀တ်မှုများအတွက် တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်ပေးရန် တောင်းဆိုထားပြီး ဆရာဝန်တစ်ဦးအား ရက်စက်ကြမ်းကြုတ်စွာ မုဒိမ်းကျင့်သတ်ဖြတ်မှုကိုလည်း ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောဆိုထားသည်။

မွမ်ဘိုင်း၊ မဟာရက်ရှ်ထရာပြည်နယ်က ဆရာဝန် ၈၀၀၀ ကျော်လည်း ဆန္ဒပြနေကြပြီး နယူးဒေလီက ဂျူနီယာဆရာဝန်များကလည်း အဖြူရောင်ကုတ်များဝတ်ဆင်၍ “ဆရာဝန်များသည် လက်ဝှေ့အိတ်မဟုတ်” ဟု စာသားပါ ပိုစတာများကိုင်ဆောင်ပြီး ဩဂုတ်လ ၁၃ ရက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။

အလားတူဖြစ်ရပ်မျိုး အဓမ္မပြုကျင့်မှု ၂၀၁၂ ခုနှစ် နယူးဒေလီတွင် ဖြစ်ပွားခဲ့ပြီး အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အမျိုးသားတစ်စုက အဓမ္မပြုကျင့်ကာ ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး နောက်ဆုံးတွင် သူမသေဆုံးသွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများအပေါ် ရာဇ၀တ်မှုများသည် ယခင်နှစ်များထက် ၂၀၂၂ ခုနှစ် တွင် ၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း National Crime Records Bureau (NCRB) က ထုတ်ပြန်ထားသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular