Western News
Homeစစ်ရေးတိုက်ပွဲမရှိဘဲ တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲနေ

တိုက်ပွဲမရှိဘဲ တောင်ကုတ်ကို စစ်ကောင်စီ ဗုံးကြဲနေ

(မိုးပညာဒါန ပရဟိတကျောင်း ထိခိုက်ပျက်စီး)

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ အာဏာသိမ်း စစ်ကောင်စီသည် တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် မိုးတောင်တန်းကို ယနေ့ ဩဂုတ်လ ၁၆ ရက် နံနက် ၃ နာရီကျော်အချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးတောင်တန်းကို ဗုံး ၅ လုံးထက်မနည်း ကြဲချခဲ့ပြီး မိုးတောင်ပေါ်ရှိ မိုးပညာဒါန ပရဟိတ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၄၅ နှစ်အရွယ် မြို့ခံတစ်ဦးက ပြောသည်။

” ဒီနေ့ နံနက်ပေါ့ အာရုဏ်ပေါ့နော် ၃ နာရီ ၁၅ မိနစ်မှာ ၁ လုံးကြဲတယ်။ ၁၉ မိနစ်မှာ ၁ လုံး၊ ၂၄ မိနစ်မှာ ၁ လုံးပစ်တယ်၊ နောက် ၃၁ မိနစ်မှာ ၁ လုံးနဲ့ ၃၅ မိနစ်မှာ ၁ လုံး ပစ်ပါတယ်။ စုစုပေါင်း ၅ လုံး ပစ်ခတ်ခဲ့ပါတယ်။ မိုးတောင်မှာ မိုးပညာဒါန ကလေးတွေကို စာသင်ပေးတဲ့ ဘက ကျောင်း ဘုန်းတော်ကြီးကျောင်းရှိပါတယ်။ ၅ လုံးထဲက တစ်လုံးမှာ မိုးပညာဒါန ကျောင်းကို ကျခဲ့ပါတယ်။ ဗုံးကျတော့ အားလုံး ပျက်စီးသွားတာပေါ့။ ” ဟု ပြောသည်။

ဇွန်၊ ဇူလိုင်လအတွင်းက တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နှင့် AA တို့ စစ်ရေးတင်းမာပြီး ကြိုကြားတိုက်ပွဲဖြစ်ပွားပြီးနောက် မိုးပညာဒါနကျောင်းကို ပိတ်ထားကာ ကျောင်းထိုင်ဆရာတော်လည်း ရှိ/မရှိကို မသိရ၍ ယခု ဗုံးကြဲခံရစဉ် ထိခိုက်မှု ရှိမရှိကို မသိရသေးပေ။

နောက်ထပ် တောင်ကုတ်မြို့ခံ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မိုးတောင်တန်းမှာ AA ရှိတယ်အထင်နဲ့ စစ်ကောင်စီက ယမ်းပြီး ဗုံးကြဲတိုက်ခိုက်နေတာ။ တိုက်ပွဲရှိတာလည်းမဟုတ်ဘဲ ပြည်သူတွေ ပိုစိုးရိမ်တာပေါ့။ ဘယ်နေ့ မြို့ထဲ တိုက်ပွဲဖြစ်ကြမလဲ စိုးရိမ်နေရတယ်။ မြို့ထဲမှာတော့ လူတွေတော့ ရှိကြပါသေးတယ်။ စစ်ရှောင်သွားကြတဲ့သူတွေလည်း ရှိတာပေါ့လေ။ ” ဟု ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွာသစ်ကယ်ကျေးရွာက အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်းမှာ ဝမ်းဗိုက်၌ ဗုံးစထိမှန်၍ တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ရသည်။

ဇွန်လ ၁၇ ရက် နေ့လယ် ၁ နာရီခွဲအချိန်ကလည်း တောင်ကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ တောင်ကုတ်တက္ကသိုလ်ထဲ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်တိုက်ခဲ့ပြီး တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် သင်တန်းရေးရာဌာနမှူးအိမ်နှင့် ကား ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကလည်း တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားခဲ့ရသည်။

တောင်ကုတ်မြို့နယ်ကို ဇွန်လ ၁၅ ရက်နေ့ကစ၍ စစ်ကောင်စီတပ်ရင်းများသည် မြို့အစပ်နှင့် လူနေကျေးရွာများရှိရာသို့ လက်နက်ကြီးများ ယနေ့အချိန်အထိ အဆက်မပြတ်ပစ်ခတ်နေကြောင်းနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

ဇူလိုင် ၂၄ ရက်နေ့က တောင်ကုတ်မြို့နယ် ကုလားရောင်ကျေးရွာအနီး (အောင်မင်းချောင်) က ကမ်းခြေမှာ လက်နောက်ပြန်ကြိုးတုပ်၊ ခြေထောက်ကို သံကြိုးဖြင့် ချည်နှောင်ခံထားရသည့် အရပ်ဝတ်အင်္ကျီဖြင့် အလောင်း ၇ လောင်း တွေ့ရှိခဲ့သည်။

စစ်ကောင်စီက တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများအားလုံးနှင့် အနီးအနား ကျေးရွာက ဒေသခံပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် ပြောဆိုထားသည်။

ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးနေသည်။

RELATED ARTICLES

Social Counter

286,900FansLike
0FollowersFollow
54FollowersFollow
0FollowersFollow
14,390SubscribersSubscribe

Most Popular